ကလေးစာပေပွဲတော် (မူဆယ်) ၏ ကလေးများ၊ မိဘဆရာများ၊ ဒေသခံများ ပါဝင်ဆင်နွှဲသူအားလုံးအတွက် ပျော်ရွှင်စေသော နေ့ရက်များ

 ၃၀ ဒီဇင်ဘာ

 

ကလေးစာပေပွဲတော်(မူဆယ်)ကို မူဆယ်မြို့၊ မင်္ဂလာမူဆယ် (မြို့သစ်စီမံကိန်းအိမ်ရာ)တွင် စည်ကားပျော်ရွှင်စွာ ကျင်းပလျက်ရှိသည်။ ကလေးစာပေပွဲတော် တတိယနေ့အဖြစ် ဒီဇင်ဘာလ ၃၀ ရက်တွင် တက်ရောက်လာသည့် ကလေးမိဘများ၊ ဒေသခံတိုင်းရင်းသားများ၊ ကျောင်းသား/ ကျောင်းသူများ၊ စာအုပ်ဈေးရောင်းသူများ၊ ပြခန်းပြသသူများက ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားအမြင်များကို စုစည်းတင်ပြလိုက်ပါသည်။

 

ဦးအယ်လ်စိုးထန်တူး၊  ဦးစီးအရာရှိ၊ ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  မူဆယ်မြို့  နယ်စပ်ဒေသမှာနေတဲ့ ကလေးသူငယ်တွေ  အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ နောက် စာဖတ်ဝါသနာပါတဲ့ စိတ်တွေရှိလာဖို့နဲ့  အရှည်သဖြင့် နိုင်ငံအတွက် အကျိုးပြုတဲ့ပုဂ္ဂိုလ်၊ လိမ်မာရေးခြားရှိစေဖို့ မူဆယ် ကလေးစာပေပွဲတော်ကို ကျင်းပရခြင်းပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ကလေးတွေအတွက် စာပေနဲ့ မိတ်ဆက်တဲ့ပွဲလေးလို့ ခံယူပါတယ်။ 

 

ကြည်နူးဝမ်းသာစကား ပြောချင်တာကတော့ ကျွန်တော်တို့ မူဆယ်မှာ ကလေးစာပေပွဲပြုလုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ အခုလို ဖြစ်မြောက်အောင်မြင်အောင် ပံ့ပိုးကူညီသူတွေကို အများကြီးကျေးဇူးတင်ပါတယ်။ အခုလို ပံ့ပိုးကူညီမှုကြောင့်သာလျှင် မူဆယ်ကလေးစာပေပွဲတော်နဲ့ စာအုပ်အရောင်းဈေးပွဲတော်ဟာ အင်မတန်မှ စည်ကားတယ်။ တကယ့်ကို အဆင့်ရှိရှိ ကျင်းပနိုင်ခြင်းဖြစ်တယ်။ နောက်ပြီး ဒီလိုကျင်းပနိုင်ရခြင်း အကြောင်းရင်းတစ်ခုကတော့ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရွှေလီပြန်ကြားရေးအဖွဲ့ကလည်း အများကြီး ပံ့ပိုးပေးပါတယ်။ ပံ့ပိုးပေးတဲ့နေရာမှာ ကလေးတွေအတွက် သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့ လက်ဆောင်လွယ်အိတ် ကလေးတွေ၊ အသုံးအဆောင်ပစ္စည်းလေးတွေ လက်ဆောင်အဖြစ်ပို့ပေးတဲ့အတွက် လာသမျှကလေးတွေကို လက်ဆောင်ပေးနိုင်ပါတယ်။ ဒီအတွက် အင်မတန်မှဝမ်းသာတယ်။ ကျွန်တော်မူဆယ်မှာ တာဝန်ထမ်းဆောင်နေရတဲ့ ကာလမှာ ဒီလိုကလေးစာပေပွဲတော်ကြီး ကျင်းပပြုလုပ်ရာမှာ ပါဝင်ခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာဂုဏ်ယူရပါတယ်။ လာမယ့်အချိန်မှာလည်း ကျွန်တော် ဒီထက်သာ၍ ကြိုးစားမယ်လို့ ခံယူထားပါတယ်။

 

 

ဦးကျော်ဦး၊ ဆန်းမောင်ကျော်စာအုပ်အရောင်းဆိုင်

 

ကျွန်တော်က မူဆယ်ကို အလုပ်လာလုပ်ရင်းနဲ့ စာအုပ်တွေ ရောင်းဖြစ်တာပေါ့။ အခုတော့ မူဆယ်မှာပဲ နေပါတယ်။ အဓိက လုပ်ငန်းကတော့ ရသစာအုပ်တွေ ရောင်းပါတယ်။ မူဆယ်မှာ ကလေးစာပေပွဲတော် လုပ်တာ အင်မတန်ကောင်းပါတယ်။ မူဆယ်မှာ ရေကြည်ရာ မြက်နုရာ အလုပ်လာလုပ်ကြတဲ့ သူတွေရဲ့သားသမီးတွေနဲ့ နယ်မြေခံတိုင်းရင်းသားကလေးတွေလည်း ပိုမိုရင်းနှီးမှုလည်းဖြစ်သွားတယ်။ ရေရှည်အတွက်လည်း ကောင်းတယ်။ ကလေးတွေအတွက် အများကြီးအကျိုးရှိတယ်။ လက်ရှိအနေအထားအရ ကျွန်တော်မြင်မိတာကတော့ ကလေးတွေအတွက် ဂိမ်းဆော့တာလေးတွေပါတော့ ကလေးတွေပျော်ကြတယ်။ သူတို့အပေါင်းအသင်း မိတ်ဆွေတွေ အများကြီးရသွားတယ်။ ကလေးစာပေပွဲတော်ကို တစ်နှစ်တစ်ခါ မဟုတ်တောင် နှစ်နှစ်တစ်ခါလောက်တော့ လုပ်ပေးသင့်တယ်လို့ အကြံပြုပါရစေ။

 

 

ဒေါ်နန်းရွှေကြည် ၊အ.ထ.က (၃)၊ မူဆယ်မြို့

 

ကလေးစာပေပွဲတော် ကျင်းပပေးခြင်းအတွက် ကလေးတွေရဲ့ ညဏ်ရည်ညဏ်သွေး ပိုမိုတိုးတက်မှုတွေ ရှိလာမှာပါ။ နောက်ပြီး ကလေးတွေ ပိုပြီးပြောရဲဆိုရဲရှိလာမယ်။ ပြိုင်ပွဲတွေ လုပ်ပေတဲ့အတွက် ကလေးတွေ ပိုပြီးကိုယ့်ကို ကိုယ်ယုံကြည်အားကိုးတတ်တဲ့စိတ်တွေ ရှိလာမယ်။ စာအုပ်တွေ ရောင်းပေးတဲ့အတွက် ကလေးတွေ မဖတ်ဖူးသေးတဲ့စာကောင်းပေမွန်တွေ ပိုပြီးသိသွားမယ်လို့ ထင်ပါတယ်။ ကျွန်မတို့လည်း ကလေးစာပေ ပွဲတော်ကို ပါဝင်ဆင်နွဲရတဲ့အတွက် ပိုပြီး ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ အနာဂတ်မှာ ကလေးတွေအတွက် စာပေနဲ့ပတ်သက်ပြီး ပိုပြီးတော့ သိသွားမယ်။ စာပေကို ကလေးတွေပိုပြီးစိတ်ဝင်စားသွားမယ်။ ကလေးစာပေပွဲတော်ကို တစ်နှစ်တစ်ခေါက် ပြုလုပ်ပေးမယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်။

 

ဒေါ်ချောငယ်ငယ်၊ အ.မ.က (မူလွန်)၊ ငွေဆင်

 

ကလေးစာပေပွဲတော် ပြုလုပ်ပေးတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ဒီလိုပွဲလေးတွေ ကျင်းပပြုလုပ်ပေးတဲ့အတွက် ကလေးတွေအတွက် အခွင့်အလမ်းတွေ၊ စာပေဖတ်ရမယ်ဆိုတဲ့ အတွေးတွေ၊ အသိပညာတွေ၊ ဗဟုသုတတွေ ရရှိမယ်။ ကလေးစာပေလေးတွေ ရောင်းချပေးတဲ့အတွက် ကျွန်မတို့အနေနဲ့ရော ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ရော အလွန်ပျော်ရွှင်မိပါတယ်။

 

ဒေါ်ပြုံးကြူ ၊အလယ်တန်းပြဆရာမ

 

ကလေးစာပေပွဲတော်ဆိုတာကို ကျွန်မတို့အနေနဲ့တောင် ပထမဆုံးအကြိမ် တွေ့ကြုံရပါတယ်။ ကိုယ်တွေတောင် အခုမှ ကြုံတွေ့ရတာ။ အလွန်ကို ပျော်ရွှင်ရတယ်။ ကြည်နူးရတယ်။ ကလေးတွေဆိုရင် ပြောမပြနိုင်အောင် ပျော်ကြမယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ ဒီပွဲလေးက ကလေးတွေအတွက် လေ့လာစရာတွေ မှတ်သားစရာတွေ ရရှိတဲ့အတွက် ဝမ်းသာပီတိလည်း ဖြစ်မိသလို မူဆယ်မြို့နယ်အတွက်လည်း အများကြီးဂုဏ်ယူမိပါတယ်ရှင်။

 

 

ဦးအောင်ခင်၊ ဥက္ကဋ္ဌ၊ ဗမာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ မူဆယ်မြို့

 

ကျွန်တော်တို့ ဗမာစာပေနှင့် ယဉ်ကျေးမှုအနေနဲ့ ကလေးစာပေပွဲတော်မှာ ပြခန်းလေး ပြသနိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ယဉ်ကျေးမှုပြခန်းမှာတော့ ရဟန်းခံ၊ ရှင်ပြု၊ နားသအလှူတော်မင်္ဂလာပွဲတွေမှာ သုံးတဲ့ ကွမ်းတောင်၊ ပန်းတောင်၊ ဆွမ်းအုပ်အပြင် ဗုံတို၊ ဗုံရှည်၊ အိုးစည်၊ ပုသိမ်ထီးလေးတွေလည်းပြသပါတယ်။ နောက်ပြီး ဦးရွှေရိုး၊ ဒေါ်မိုးဝတ်စုံ၊ သူငယ်တော်အက ဝတ်စုံတွေအပြင် ဗမာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရဲ့ မူဆယ်မြို့မှာ လှုပ်ရှားဆောင်ရွက်ခဲ့တာလေးတွေကိုလည်း ပြသခဲ့ပါတယ်။ မူဆယ်မြို့မှာ ဆောင်ရွက်တဲ့ ကလေးစာပေပွဲတော် ဟာ ကလေးတွေအတွက် ဗဟုသုတတွေ စုံလင်စွာ ရရှိစေမှာဖြစ်တဲ့အတွက် အင်မတန်မှ ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ နောင်လာနောင်သား ကလေးတွေအတွက် အများကြီး ဝမ်းသာပါတယ်။

 

ဒေါ်ခင်သန်းနွဲ့၊ သတင်းစာဆရာ၊ စာရေးဆရာ

 

ကလေးစာပေပွဲတော်လေးနဲ့ ပတ်သက်ပြီး ကျွန်မရဲ့သဘောထားအမြင်ကို ပြောရမယ်ဆိုရင်တော့ အင်မတန် ကောင်းတဲ့ ပွဲလေးလို့ပြောချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးတွေ စာဖတ်တဲ့အလေ့ အထကောင်းတွေ ကလေးတွေ ရသွားမယ်။ အလေ့အကျင်းကောင်းတွေရဲ့ နောက်မှာ ကလေးတွေအတွက်ရမယ့် အကြောင်းအရာတွေက အများကြီးရှိလာတယ်။ ဗဟုသုတတွေအပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချတာတွေ၊ ကိုယ့်တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေ ရိုးရားအမွေအနှစ်တွေကိုလည်း ကလေးတွေက မြင်လာမယ်။ ကိုယ်ဝါသနာပါတဲ့ စာဖတ်ခြင်း ၊ ပန်းချီရေးဆွဲခြင်း အနုပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေလည်း ကလေးတွေ စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲတစ်ခုဖြစ်မယ်လို့ မြင်မိပါတယ်။ ကလေးတွေ ကချစ်စရာကောင်းလိုက်တာ။ ကျွန်မတို့ရဲ့ မြန်မာ့ရိုးရာအကတွေ၊ တိုင်းရင်းသားအကတွေနဲ့ ဖျော်ဖြေနေကြတယ်။ နောက်ပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ပစ္စည်းတွေကိုလည်း အများကြီး ပြသထားတယ်။ ပညာပေးပြခန်းတွေလည်း အများကြီးပါဝင်တယ်။ စာအုပ်ဈေးရောင်းပွဲတော်လည်း ရှိနေတဲ့အတွက် အင်မတန်ကို ဝမ်းသာပီတိဖြစ်စရာကောင်းတဲ့ ပွဲတစ်ခုလို့ ပြောချင်ပါတယ်။

 

 

ဒေါ်ယဉ်မင်းဝေ၊ ကလေးမိဘတစ်ဦး၊ ဈေးရပ်ကွက်၊ မူဆယ်မြို့

 

ကျွန်မရဲ့သားသမီးတွေကို ကလေးစာပေပွဲတော်ကို လိုက်ပို့ပေးတာပါ။ ကလေးတွေက များသောအားဖြင့် ဖုန်းနဲ့ပဲ အချိန်ကုန်နေကြတာများတယ်။ အခု ဒီလိုကလေးစာပေပွဲတော်တွေ လုပ်ပေးတဲ့အတွက် သူတို့ရဲ့ စာဖတ်အားတွေ ပိုကောင်းလာမယ်လို့ထင်ပါတယ်။ ကလေးတွေ အကပြိုင်ပွဲတွေ၊ ဖျော်ဖြေပွဲတွေ၊ ဂိမ်းကစားတွေမှာ ကလေးတွေကိုယ်တိုင် ပါဝင်ရတော့ ပျော်ကြတယ်။ ယုံကြည်ချက်တွေရှိလာတယ်။ ကလေးစာပေပွဲတော် မကြာခဏ လုပ်ပေးစေချင်ပါတယ်။

 

မသက်ပိုပိုနိုင် ၊နဝမတန်း၊ အ.ထ.က (ခွဲ) ၊မိုင်းယု

 

ကလေးစာပေပွဲတော် လာရောက်ဆင်နွဲရတဲ့အတွက် အင်မတန်ပျော်တယ်။ သမီးတို့က အကနဲ့ ဖျော်ဖြေပေးမှာပါ။ သမီးတို့ ဘဝမှာ ဒီလိုကလေးစာပေပွဲကို ပထမဆုံးကြုံတွေ့ဖူးတာပါ။ အဓိကတော့ ဒီပွဲကိုလာရောက်ခြင်းအားဖြင့် ကလေးနဲ့ပတ်သက်တဲ့ အမှတ်တရ လက်ဆောင်လေးတွေရတယ်။ စတုဒီတာကျွေးတာလေးတွေ ပျော်ပျော်ပါးပါး သုံးဆောင်ရတယ်။ ဂိမ်းတွေလည်း ကစားရတယ်။ နိုင်ရင် လက်ဆောင်တွေထပ်ရတယ်။ အများကြီး ပျော်တယ်။

 

တွေ့ဆုံမေးမြန်းနှင့် ဓါတ်ပုံ- စိုင်းထွန်းနေလှိုင်(ပြန်/ဆက်)