ပဲခူး  ၂၉  မတ် 


ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီက ဆက်လက် ကျင်းပခဲ့သည်။


အဆိုပါ စာပေပွဲတော် ဒုတိယနေ့ စာပေဟောပြောပွဲတွင် စာရေးဆရာမ ဒေါ်မေသင်္ကြန်ဟိန်က “ကလေးသည် အနာဂတ်အတွက် လူသားအရင်းအမြစ်”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ ဝတ်ရည်ခင် (ပဲခူး)က “ရောင်စုံပန်းခင်းထဲ ကျွန်မ” ခေါင်းဆောင်ဖြင့် လည်းကောင်း ဟောပြောခဲ့ပြီး ဇာတ်ညွှန်း၊ ဒါရိုက်တာ အကယ်ဒမီ ငြိမ်းမင်း၊ ဝတ်ရည်ခင် (ပဲခူး)၊ ဖိုးချစ် (ဇာတ်သဘင်)၊ အဆိုတော် သြရသ၊ အဆိုတော် ပြည့်ဖြိုးတို့က “ ပညာရှာသူ တို့ဝိုင်းကူ” ခေါင်းစဉ်ဖြင့် ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။


ဆက်လက်ပြီး မတ်လ ၃၀ ရက် (ပွဲတော်တတိယနေ့ )တွင်လည်း စာရေးဆရာမ ပုညခင်က “ကမ္ဘာမြေကို လှစေမယ့် အချစ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကံမြင့်မော်က “အနာဂတ်အတွက် စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောမည်ဖြစ်ပြီး ဒေါက်တာ မြင့်သန်း(ညောင်လေးပင်)၊ နန်းခင်မွှေး (ဇာတ်သဘင်)၊ ဦးမိုးဝင်း (ဇာတ်သဘင်) တို့က “ပညာရှာသူ တို့ဝိုင်းကူ ” ခေါင်းစဉ်ဖြင့် ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

ရဲမိုး (RND)

 

1