ပဲခူး ၂၉  မတ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်(ပဲခူး)၏ ပွဲတော်ဒုတိယနေ့တွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ဘာသာ စကားဖြင့် တိုင်းရင်းသားရိုးရာပုံပြင်ပြောခြင်းအစီအစဉ် ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်းရင်းသားပုံပြင်ပြောခြင်း အစီအစဉ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများဖြစ်ကြသည့် ကယား၊ ကရင်၊ အရှိုချင်း၊ မွန်၊ ပအိုဝ်းနှင့် ရှမ်း၊ စသည့် တိုင်းရင်း သားများ၏ ရိုးရာပုံပြင်များကို ကိုယ်ပိုင်ဘာသာစကားအသီးသီးဖြင့် ပုံပြင်ပြောကြပြီး မြန်မာ ဘာသာသို့ ပြန်ဆိုပေးခြင်းဖြစ်သည်။

 

mdn

 

အဆိုပါ ပုံပြင်ပြောခြင်းအစီအစဉ်တွင် ‘ဖေဖေ့ရဲ့ချစ်ခြင်း’အမည်ရှိကယားတိုင်းရင်းသား ပုံပြင်အား မော်ဖောပလဲဝါးက လည်းကောင်း၊ ‘အရောင်မတူသော်လည်း’အမည်ရှိ ကရင်တိုင်းရင်း သားပုံပြင်အား နော်တာနေသားက လည်းကောင်း၊ ‘ပုတ်ကလေးလုံး’အမည်ရှိ အရှိုချင်းတိုင်းရင်း သားပုံပြင်အား မိုင်ဆုရတီစိုးစံက လည်းကောင်း၊ ‘ညီညွတ်ခြင်းသည်အင်အား’အမည်ရှိ မွန်တိုင်း ရင်းသားပုံပြင်အား မင်းလှိုင်ထောမွန်က လည်းကောင်း၊ ‘ချစ်သမီးလေးနမ်းခမ်းဝါ’အမည်ရှိ ပအိုဝ်းတိုင်းရင်းသားပုံပြင်အား နန်းထိုက်ပန်းက လည်းကောင်း၊ ‘ရွှေယုန်နှင့်ရွှေလိပ်’ အမည်ရှိ ရှမ်းတိုင်းရင်းသားပုံပြင်အား စိုင်းကျော်ဇင်သန့်က လည်းကောင်း ကိုယ်ပိုင်ဘာသာစကားများဖြင့် အသီးသီး ပုံပြင်ပြောပြီးနောက် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၌ အနာဂတ်နိုင်ငံတော်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင် သူများ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ကလေးစာပေပွဲတော်များကို ကျင်းပလျက်ရှိသည်။

ထို့အပြင် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေဖြင့် ရေးဖွဲ့ထားသည့် ကဗျာများ၊ ပုံပြင်များကို အခြားတိုင်းရင်းသားများ သိရှိပြီး ဂုဏ်ယူမြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ကလေးစာပေပွဲတော်များတွင် တိုင်းရင်းသားဘာသာစကားဖြင့် ကဗျာရွတ်ဆို ပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲများကို ထည့်သွင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

နွေအင်ကြင်း၊ ဓာတ်ပုံ-သက်လွင်