ပဲခူး  ၂၈ မတ် 
    

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ(ပဲခူး) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ( ငြိမ်း) ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက် အားပေးချီးမြှင့်သည်။
    

ရှေးဦးစွာ ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ(ပဲခူး) ဖွင့်ပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ကျင်းပရာ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ထူးချွန် ကျောင်းသား ကျောင်းသူ (၆)ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

1


ထို့နောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
    

ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်များကို ဘွဲ့နှင်းသဘင်ခန်းမတွင် ဆက်လက်ကျင်းပရာ ပဲခူးမြို့၊ အထက(၃)၊ အထက(ခွဲ)ပန်းလှိုင်နှင့် “ပန်” ကိုယ်ပိုင် အထက်တန်းကျောင်းတို့မှ ကျောင်းသား ကျောင်းသူများက ကလေးစာပေပွဲတော် Theme Song  သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
    

1


ထို့နောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်က အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့ပြုလုပ်သည့် ကလေးစာပေပွဲတော်သည် ပဲခူးတိုင်းဒေသကြီးတွင်ရှိသည့် ကလေးများအတွက် ပျော်စရာ၊ ရွှင်စရာပွဲတော်ကြီး ဖြစ်ပါကြောင်း၊ သူတို့၏ နဂိုရှိပြီးသည့် စာပေမြတ်နိုးသော စိတ်များ၊  ပိုပြီးထက်သန်လာအောင်၊ ပိုပြီးစာပေဖတ်ချင်စိတ် ပေါ်လာအောင် ထပ်ပြီးအားပေးသည့်၊  လှုံ့ဆော်ပေးသည့် ပွဲတော်ကြီးဟု ဆိုရမည်ဖြစ်ပါကြောင်း၊  မိမိတို့ဤပွဲတော်ကြီးတွင် ကလေးများအတွက် စာပေဆိုင်ရာ ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊  အားကစားပွဲများ၊ ဖျော်ဖြေပွဲများ၊  စာဖတ်သည့်ကိစ္စများ၊ စာပေဆွေးနွေးသည့်ကိစ္စများ၊  ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်နှင့်  ပြုစုပျိုးထောင်ပေးသည့် အခန်းကဏ္ဍများ အများကြီး ထည့်ပေးထားသည်ကို တွေ့ရပါကြောင်း၊  မိမိတို့ အနာဂတ်၏  ခေါင်းဆောင်ဖြစ်လာမည့် ကလေးသူငယ်များအတွက် ယခုလိုလုပ်ပေးခြင်းမှာ  အင်မတန်အားရ ကျေနပ်ဖွယ် ကောင်းပါကြောင်း။

1


ဤပွဲကြီးတွင် ကလေးများ ပါဝင်ပတ်သက်ခြင်း၊  ပါဝင်ဆင်နွှဲခြင်းအားဖြင့် ဘဝအတွက် ပျော်ရွှင်ခြင်းများဖြစ်မည်၊ အတူပူးပေါင်းဆောင်ရွက်ချင်စိတ်များဖြစ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ ရှိရင်းစွဲ စာပေမြတ်နိုးသည့်စိတ်များ ပိုပြီးလေးနက်လာမည်ဟု မျှော်လင့်ပါကြောင်း၊ မိမိ ဤနေရာတွင် တစ်ခုပြောချင်သည်မှာစာအုပ်စာပေလူ့မိတ်ဆွေဆိုသည့် စကားရှိပါကြောင်း၊ ထိုစကားအတိုင်း ကလေးသူငယ်များ စာဖတ်ချင်သည့် စိတ်များ သန္ဓေတည်သည့်အချိန်တွင် ယခုလိုပွဲတော်များ လုပ်ပေးခြင်းသည် ကလေးများ ဘဝတစ်လျှောက် အများကြီး သက်လုံကောင်းအောင် လုပ်ပေးခြင်း ဖြစ်ပါကြောင်း။
     

စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာဖတ်ဝါသနာပါသည့်ကလေးများစိတ်က သူတို့ဘဝတစ်သက်တာတွင် အထီးမကျန်တော့ပါကြောင်း၊ သူတို့လက်တစ်ကမ်းတွင် စာအုပ်တစ်အုပ် ရှိနေမည်ဆိုလျှင်၊ စာအုပ်လက်လှမ်းမီနေမည်ဆိုလျှင် ဘယ်နေရာမှာပဲ ရောက်ရောက် စာအုပ်သည် သူတို့၏ မိတ်ဆွေတစ်ယောက်ဖြစ်မည်ဖြစ်ပါကြောင်း၊  စာအုပ်မှာ အထီးကျန်သည်ဆိုတာ မဖြစ်ပါကြောင်း၊ သူတို့နှစ်သက်ရာစာအုပ်များ ဖတ်ရင်းဖြင့် အသိပညာ ကြွယ်ဝလာစေမည်၊  အတွေးအခေါ် ပိုပြီးမြင့်မားလာစေမည်၊  ဗဟုသုတကြွယ်ဝလာစေမည်၊ ပျော်ရွှင်မှု ဖြစ်လာစေမည် ဖြစ်ပါကြောင်း၊  စာအုပ်များ ဖတ်ပြီး မသိတာ ပိုများလာမည်၊ အမြင်ပိုကျယ်လာမည်ဖြစ်ပါကြောင်း၊ ဘဝတွင် အခက်အခဲများကို ရင်ဆိုင်သည့် နေရာတွင်လည်း  ဘယ်လို ကျော်လွှားရမည်ဆိုသည့် သင်ခန်းစာကို တဖြည်းဖြည်း ရလာမည်ဖြစ်ပါကြောင်း၊  ငယ်ငယ်ကစာဖတ်လာသည့် အလေ့အကျင့်မှ  အသက်အရွယ် ကြီးလာသည်နှင့်အမျှ ၊ သူတို့ဖတ်သည့်ကဏ္ဍများ တိုးမြှင့်လာသည်နှင့်အမျှ ပိုပိုပြီး ရင့်ကျက် လာကာ နိုင်ငံတော်အတွက် အများကြီး အကျိုးပြုနိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း။ 
    

ယနေ့ကမ္ဘာမှာကြည့်လိုက်လျှင်လည်း တိုးတက်သည့်နိုင်ငံတွင် စာဖတ်အား ကောင်းသည့် ပုဂ္ဂိုလ်များ ၊ စာဖတ်ချိန် များများပေးသူများ ၊  လေ့လာဗဟုသုတရှာသူများကို တွေ့ရပါကြောင်း၊  ထို့ကြောင့် မိမိတို့ ကလေးသူငယ်များ၊  တစ်နေ့လူကြီးဖြစ်လာမည့် ကလေးများက ငယ်ငယ်ကတည်းက  စာဖတ်ချင်သည့်စိတ် သန္ဓေတည်သွားမည်ဖြစ်ပါကြောင်း၊  ဒီလိုသန္ဓေတည်သွားသည့်အခါ ဝါသနာကို အစပျိုးထောင်သည့်အချိန်တွင် ဆရာသမားများ၊ မိဘများ၏  သင်ပြမှုသည်လည်း အင်မတန်မှ အရေးကြီးပါကြောင်း၊ အထူးသဖြင့်  ဆက်သွယ်ရေး နည်းပညာ တိုးတက်လာသည့် ယခုလို အချိန်မျိုးတွင် လမ်းမှားကို ရောက်နိုင်တာမျိုး၊ အမြင်မှားနိုင်တာမျိုးရှိပြီး  မိမိတို့ အဲဒီလို အကျင့်စာရိတ္တနှင့် ပတ်သက်၍ အားနည်းယို့ယွင်းစေနိုင်သည့်  စိန်ခေါ်မှုများ ရှိပါကြောင်း၊ 

ထို့ကြောင့် ဆရာသမားများက မိမိတို့၏  သားငယ်သမီးငယ်များကို စာကောင်းပေကောင်း ဖတ်ဖို့ လမ်းညွှန် ပေးရန် လိုအပ်ပါကြောင်း။
  

စာဖတ်ခန်းများရှိရန်၊ စာကြည့်တိုက်များ ရှိရန် လိုပါကြောင်း၊ စာဖတ်ချင် စိတ်ဖြစ်အောင်လုပ်ရန် လိုအပ်ပါကြောင်း၊ ကလေးများ စာဖတ်ရန် ပြောသည့်အခါ ကလေးများသည် စာအုပ်များကို လက်လှမ်းမီရန် လိုပါကြောင်း၊ စာဖတ်ခန်းများရှိရန်၊  စာကြည့်တိုက်များရှိရန် ၊ စာအုပ်စာပေဖတ်ခြင်းအားဖြင့် ကလေးကနေ လူကြီးဖြစ်လာမည်၊ ဘဝတစ်သက်တာ စာဖတ်ရင်းဖြင့်  သူတို့ဘဝမှာ အခက်အခဲတစ်ခု ဘယ်လို ကျော်လွှားရမည် ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမည်၊  ဘယ်လို စူးစမ်းလေ့လာမည် ၊  သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစိတ်များ ပေါ်လာမည်၊  သနားကြင်နာစိတ်များ ပေါ်လာမည်ဖြစ်ကြောင်း၊ စာနာစိတ်များပေါ်မည်၊  မကောင်းစိတ်ထားခြင်းသည် ကိုယ့်ဘဝမှာ အကျိုးမပေးဘူးဆိုသည့် အသိစိတ်ဓာတ်များ ဝင်လာမည်ဖြစ်ပါကြောင်း၊ သူတို့ဘဝအတွက် ဘဝတစ်သက်တာ စာဖတ်သွားရင်းဖြင့် တစ်ဖြည်းဖြည်း ပိုပိုပြီး  ရင့်ကျက်လာသည့် အင်မတန် အဖိုးတန်သော သားကောင်းရတနာလေးများ ဖြစ်လာမည်ဖြစ်ပါကြောင်း။
 

ကလေးများ  စာဖတ်နိုင်ရန်အတွက်  စာကောင်းပေကောင်းများရေးပေးနိုင်သည့် စာရေး ဆရာကြီးတွေ များများလိုပါကြောင်း၊ တကယ့်စေတနာထားပြီး  ကဗျာကောင်းလေးများလည်း လိုမည်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကိုမြတ်နိုးလာအောင် ချစ်ခင်လာအောင်၊ ထိန်းသိမ်းချင်စိတ် ပေါ်လာအောင်၊  စွန့်စားချင်စိတ်  ပေါ်လာအောင် ၊ ရဲရင့်ချင်စိတ်  ပေါ်လာအောင်၊ သူတို့ဘဝတွင် ဘဝလုံခြုံရေးအတွက် ကိုယ်ခံအားကောင်းအောင် တွန်းအားပေးမည့် စာပေမျိုးများ ရေးနိုင်သည့် စာရေးဆရာကြီးများ၊ စာရေးဆရာမကြီးများ အများကြီး လိုပါကြောင်း၊ ရေးပေးပါဟုလည်း မိမိအနေဖြင့် မေတ္တာရပ်ခံပါကြောင်း။
  

အလားတူ  ဆရာကြီး ဆရာမကြီးများ ရေးပြီးသည့်အခါ ထုတ်ဝေပေးရန် စာပေထုတ်ဝေရေးသမားများ၏  အခန်းကဏ္ဍကလည်း အင်မတန်အရေးကြီးပါကြောင်း၊ စာရေး ဆရာကြီးများရေးပြီးကာမှ ထုတ်ဝေသူမရှိလျှင် မဖြစ်ပါကြောင်း၊ အလားတူ စာအုပ်အဖြစ် ရောက်ပြီးနောက် ကလေးများ လက်လှမ်းမီအောင်၊ ဖတ်နိုင်အောင် အမြတ်အစွန်း နည်းနည်းဖြင့်၊  မိမိ၏ အနာဂတ် သားကောင်းရတနာများကို ပညာရေးကို အားပေးသည့် အနေဖြင့်၊ စာဖတ်ရှိန် ကောင်းအောင် လုပ်ပေးသည့်အနေဖြင့် စာအုပ်များ  ဖြန့်ချိပေးနိုင်ရန် စေတနာရှေ့ထားသည့် စာပေဖြန့်ချိရေး သမားများလည်း အများကြီးလိုသည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း။
 

ဘယ်သူပဲဖြစ်ဖြစ် မိမိအကျိုးမပါဘဲ မလုပ်နိုင်ကြပါကြောင်း၊ အကုန်လုံး အသက်မွေးဝမ်းကျောင်းအတွက် လုပ်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အမြတ်အစွန်းယူကြပါ ၊ သို့သော် ကလေးများ လက်လှမ်းမီအောင် လုပ်ပေးကြပါဟု ပြောလိုပါကြောင်း၊  နောက်တစ်ခုက ပြည်တွင်းစာရေးဆရာများ ရေးသလို ပြည်ပမှ ကလေးစာပေ ကောင်းနိုးရာရာများကို ဘာသာပြန်ပြီး ထုတ်ဝေသည်ကိုလည်း တွေ့ရပါကြောင်း။
 

စာပေထုတ်ဝေရေးလောကတွင်လည်း ယနေ့တော်တော်လေး စာအုပ်စာပေများ ပုံနှိပ်ခြင်း ၊ စာငှားခြင်းမှ အစ၊  ပုံများ၊ စက္ကူစာသားများ အင်မတန်အဆင့်မြင့်လာပြီး အင်မတန် ကောင်းသည်ကို တွေ့ရပါကြောင်း၊ စာအုပ်ချုပ်သည့် နေရာတွင် ကော်ကပ်သည်ပဲဖြစ်ဖြစ်၊ ကလေးများဖြစ်သည့်အတွက် စာအုပ်ကိုင်တာသည် လူကြီးနှင့်  မတူပါကြောင်း၊ စာအုပ်များ အလွယ်တကူ စုတ်ပြဲမသွားရန် လိုပါကြောင်း၊ ကော်ကပ်သည့် စာအုပ်များက ကလေးက ဘာမှမကြည့်ရသေးဘဲ အနှောင့်ပြုတ်ထွက်လာပါကြောင်း၊  ကြာကြာမခံပါကြောင်း၊  ၎င်းကို ဂရုပြုပြီး ညီအစ်ကိုမောင်နှမ တစ်ဆက် သိမ်းဆည်းနိုင်အောင်၊ ပျက်စီးမလွယ်အောင် လုပ်ပေးစေချင်ပါကြောင်း။
 

နောက်တစ်ခုက ဘာသာပြန်သည့်နေရာတွင်  တစ်ခုလေး မေတ္တာရပ်ခံချင်ပါကြောင်း၊ ဘာသာပြန်သက်သက်သည် သူ့ဟာနှင့် သူဆီလျော်ပြီး ဖတ်၍ ကောင်းပါကြောင်း၊ မိဘက ဖတ်ပြရင်ပဲဖြစ်ဖြစ်၊  ကလေးများ ကိုယ့်ဘာသာကို ဖတ်ရင်ပဲဖြစ်ဖြစ် အဆင်ပြေပါကြောင်း၊ တချို့ကျတော့ စေတနာလည်းပါပါကြောင်း၊ ဘာတွေ့ရသလဲ ဆိုတော့အပေါ်မှာ အင်္ဂလိပ်စာ တစ်ပုဒ်အောက်မှာ မြန်မာစာတစ်ပုဒ်ဖြင့် ကလေးများ အင်္ဂလိပ်စာလည်း ပိုပြီးသိလာအောင်လုပ်သည့် သဘောဖြစ်ပါကြောင်း၊ တစ်ခုသတိပြုမိသည်မှာ  ဘာသာပြန်သည့် နေရာတွင် တချို့က အမှုမဲ့အမှတ်မဲ့ ဖြစ်ချင်တာလည်းဖြစ်မည်၊  မိမိစိတ်ထဲ ကောင်းနိုးရာရာလေးများထင်ပြီး ပြန်ပေးလိုက်သည်ကို တွေ့ရပါကြောင်း၊ ဒီလိုဟာမျိုးတွင် ကလေးများ အမှတ်မှားမည်ဖြစ်ပါကြောင်း၊ ဖတ်ပြသည့် မိဘများ မှာလည်း  တချို့က သတိထားမိမည်၊ တချို့လည်း ဒီအတိုင်းဖတ်လျှင် ဖတ်မည်ဖြစ်ပါကြောင်း၊ လွဲတာလေးတွေရှိပါကြောင်း၊  ထို့ကြောင့် အပုဒ်လိုက် တစ်ခုချင်းလိုဟာမျိုးကို ဘာသာပြန်ပေးမည်ဆိုလျှင် တတ်နိုင်သမျှ အနီးစပ်ဆုံး၊ အဆီလျော်ဆုံးဖြစ်အောင်၊ အမှတ်မမှားရအောင်  ဂရုစိုက်ပြီး ပြန်ဆိုပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။
  

ယနေ့ ပဲခူးတွင် ပြုလုပ်သည့် ကလေးစာပေပွဲတော်၌ ပြီးခဲ့သည့် ပွဲတော်များထက် ယခင်က မပါသေးသည့် ကဏ္ဍလေးများကို ထပ်မံဖြည့်စွက်ထားသည်ဟု သိရပါကြောင်း၊ နည်းပညာအရ စာဖတ်သည့် ကလေးများကို ဆွဲဆောင်မှုပေးနိုင်သည့်ဟာမျိုး အခန်းကဏ္ဍလေး ပါလာသည်ဟု သိရပါကြောင်း၊ AR ၊ VR ဟု ပြောပါကြောင်း၊ 

အဲဒီလိုကဏ္ဍများလည်း တိုးလာပါကြောင်း၊ ပြိုင်ပွဲတွေလည်း လုပ်ဖြစ်မည်ထင်ပါကြောင်း၊ တိုင်းရင်းသားဘာသာနှင့် ကဗျာရွတ်ဆိုခြင်းလည်း ပါမည်ဟု သိရပါကြောင်း၊ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးများ အနေဖြင့် ငယ်ငယ်ဘဝကတည်းက မိမိတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏  ဘာသာစကားလေးများကို နားမလည်လျှင်တောင်မှ ကြားဖူးမည်ဖြစ်ပါကြောင်း၊ ဒီလို ခပ်ဝဲဝဲလေးနှင့်  ပြောရင်းဆိုရင်း၊ တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်စိတ်များ ပေါ်လာမည်၊  နားလည်စိတ်များ ပေါ်လာမည်ဖြစ်ပါကြောင်း၊ တစ်ယောက်၏ ယဉ်ကျေးမှုကို တစ်ယောက်က သိချင်စိတ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့ငယ်ငယ်တုန်းက ကျောင်းအိပ် ကျောင်းစားနေသည့် အချိန်ဆိုလျှင် ယခုလိုပင် ကျောင်းမှာ ဒေသပေါင်းစုံမှလာသည့် မိတ်ဆွေများကို တွေ့ရသည့်အတွက် ဒေသပေါင်းစုံ၏ ယဉ်ကျေးမှုများကို တစ်ယောက်နှင့် တစ်ယောက် သူငယ်ချင်းများ နားလည်ရန် ပြောပေးကြပါကြောင်း၊ ပိုပြီးချစ်ခင်ရင်းနှီးမှုရပြီး ပြည်ထောင်စုကြီးအတွက် အင်မတန်အားရှိသည့် ကိစ္စဖြစ်ပါကြောင်း၊။


နောက်ဆုံးအနေဖြင့် ပြောလိုသည်မှာ  မိမိတို့ ယခုလို နိုင်ငံတော်က ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စသည်ဖြင့် အားလုံးပူးပေါင်းပြီး စာပေဝါသနာရှင်များ၊ စေတနာရှင်များ၊ လူမှု အဖွဲ့အစည်းများ၊  ဒေသခံများ ပူးပေါင်းသည့် ပွဲများတွင်  ပွဲပြီးမီးသေ မဖြစ်ရန်၊ နဂိုရှိရင်းစွဲ ကလေးများ၏ စာဖတ်ချင်စိတ်ကို ပိုပြီး  ဒီပွဲကြီးမှ တစ်ဆင့် ပွားပေးလိုက်သည့်အနေဖြင့်  မှတ်ယူပြီး  သူတို့ဘဝ တစ်သက်တာတွင်  ဘဝလုံခြုံ ရေးအတွက် အာမခံချက်ရစေနိုင်သည့် စာအုပ်စာပေချစ်မြတ်နိုးခြင်း ဖြစ်အောင်၊  ကလေးစာပေကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပြီး ဆရာဆရာမများ၊ ဒေသခံများက ဒီနေရာမှနေပြီး လုပ်ပေးကြရန်၊ စာကြည့်တိုက်များ ပွားများလာအောင် ၊ အားပေးပြီး အရှိန်မြှင့်တင်ပေးပါ၊ အနာဂတ်၏ သားကောင်းရတနာများ၊  ဉာဏ်ပညာ ဗဟုသုတများ ကြွယ်ဝပြီး ဆင်ခြင်တုံတရား မြင့်မားသည့် ကလေးများ၊ ဆုံးဖြတ်နိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များ၊ တိုင်းပြည်ချစ်သည့် ပုဂ္ဂိုလ်များ၊ သဘာဝကို မြတ်နိုးသည့် ပုဂ္ဂိုလ်များ ၊ စူးစမ်းတတ်သည့်ပုဂ္ဂိုလ်များ၊ လေ့လာတတ်သည့်ပုဂ္ဂိုလ်များ  သားကောင်း ရတနာလေးများ ဖြစ်အောင် အားပေးကြပါဟု ပြောကြားသည်။ 
    

ဆက်လက်ပြီး  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်ဖြစ်ပါကြောင်း၊  ကလေးစာပေပွဲတော်များ ကျင်းပလာခဲ့သည်မှာ နိုင်ငံတော်အဆင့် (၈) ကြိမ် ရှိပြီဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် နဝမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ကလေးစာပေပွဲတော်ကြီးများ ဆက်လက် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ခရိုင်၊  မြို့နယ်များတွင်လည်း ကျင်းပလျက်ရှိပါကြောင်း။

1


ကလေးစာပေပွဲတော် ကျင်းပရခြင်း အဓိကရည်ရွယ်ချက်မှာ ကလေးများ ပျော်ရွှင်စေရန် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကလေးများကို ပျော်ရွှင်စေချင်ပါကြောင်း၊ ကလေးများ သာမက လူသားအားလုံး ပျော်ရွှင်မှုရှိရန် အရေးကြီးပါကြောင်း၊ ကလေးများ ပျော်ရွှင်ရန်ဆိုပြီး ပျော်ပွဲရွှင်ပွဲများသာ ကျင်းပပေးခြင်းမျိုး မဟုတ်ပါကြောင်း၊ ခေတ္တခဏသာ ပျော်ရွှင်ခြင်းမျိုးမဟုတ်ဘဲ ရေရှည်တည်တံ့ ကြာရှည်သည့် ပျော်ရွှင်မှုမျိုးဖြစ်အောင် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း။
  

ကလေးစာပေပွဲတော်ဆိုပြီး ကလေးပွဲများသက်သက်မဟုတ်ဘဲ စာပေပွဲများလည်း ထည့်သွင်းကျင်းပပေးပါကြောင်း၊  ခန်းမအတွင်းနှင့် အပြင်ဘက်တွင် စာအုပ်များ ခင်းကျင်းပြသထားသကဲ့သို့ ဈေးတန်းများတွင်လည်း စာအုပ်များ ရောင်းချပေးလျက် ရှိပါ ကြောင်း၊ ကလေးများကို စာအုပ်စာပေနှင့် ထိတွေ့စေချင်ပါကြောင်း၊ ကလေးစာပေပွဲ တော်မှ လက်ဆောင်ပေးသော စာအုပ်များ၊ ဈေးတန်းမှ ရောင်းချသော စာအုပ်များ ဝယ်သွားခြင်းဖြင့်လည်း အမှတ်တရ ဖြစ်စေချင်ပါကြောင်း။
   

ကလေးများ စာအုပ်စာပေနှင့် ထိတွေ့ပျော်ရွှင်စေရန် သာမက လူအများနှင့် ပူးပေါင်း လုပ်ဆောင်တတ်သည့် အဖွဲ့အစည်းစိတ်ဓာတ်များ ရှိစေရန်လည်း ရည်ရွယ်ပါ ကြောင်း၊ Theme Song ဆိုသည့် ကလေးတွေကို ရေတွက်ကြည့်သည့်အခါ ၃၈ ယောက် ရှိပါ ကြောင်း၊ သူတို့လေးတွေအနေဖြင့် သီချင်းဆိုရန် ဇာတ်တိုက်လေ့ကျင့်ရမည်၊ ဆရာ ဆရာမများက လေ့ကျင့်ပေးရမည်၊ ဘယ်သူက ဘယ်လိုစသည်ဖြင့် ညှိရမည် ဖြစ်ပါ ကြောင်း၊ ညီညီညာညာဖြစ်အောင် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အကျင့် ရလာပါကြောင်း။

 

1


    

ကလေးစာပေပွဲတော်များ ကျင်းပရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/ မြို့များ၏ တက္ကသိုလ်များ၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပလေ့ရှိပါကြောင်း၊ ကျင်းပရသည့် ရည်ရွယ်ချက်မှာ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းရှိခြင်း၊ ပွဲတော်လာသည့် ကလေးများမှာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအရွယ် ကလေးများ ဖြစ်၍  သူတို့ဘာသာ တက္ကသိုလ်သို့ လာရောက်ရန် ခက်ခဲပါကြောင်း၊ ကြုံကြိုက်မှသာ ရောက်ရှိနိုင်ပါကြောင်း၊ ကလေးစာပေပွဲတော်ကျင်းပသည့်အခါ တစ်နယ်လုံးမှ ကလေးငယ်များ တက္ကသိုလ်အတွင်း ရောက်ရှိလာသည့်အခါ အထင်ကြီး အားကျလာ နိုင်ပါကြောင်း၊ တစ်နေ့ ငါတို့လည်း တက္ကသိုလ်ရောက်ရမည်ဆိုသည့် အတွေးများ ရှိလာနိုင်ပါကြောင်း၊ ခမ်းနားသည့် ခန်းမကြီးအတွင်း ရောက်ရှိသည့်အခါ ဂုဏ်ယူတတ်သည့် စိတ်များလည်း ဖြစ်ပေါ်လာနိုင်ပါကြောင်း။   
 

ကလေးစာပေပွဲတော် လာရောက်ရင်း၊ ဆက်စပ်မိရင်း စေတနာသဒ္ဒါတရား ထက်သန်သည့် ပုဂ္ဂိုလ်များလည်း ကြုံဖူးပါကြောင်း၊ မော်လမြိုင်တက္ကသိုလ်၌  ကျင်းပသည့် ကလေးစာပေပွဲတော်တွင်  မော်လမြိုင်တက္ကသိုလ်ကျောင်းသားဟောင်းများ ပါဝင်သည့် ရပ်မိရပ်ဖများက ခန်းမရှေ့တွင် ကွန်ကရစ်ခင်းပေးခြင်းနှင့် အခြားလိုအပ်သည်များကို ဝိုင်းဝန်း ကူညီပံ့ပိုးပေးပါကြောင်း။  
 

နေပြည်တော်တွင် ကျင်းပသည့် စာတတ်သူတိုင်း စာတတ်ရေးလှုပ်ရှားမှုတွင် ပထမဆုံးအကြိမ်အဖြစ် စာအုပ်ပေါင်း ၄၂၈၀ ကျော်ကို ခင်းကျင်းပြသခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စာမဖတ်ကြောင်း၊ စာအုပ်စာပေ မထွန်းကားကြောင်း ပြောဆိုသည်များ ရှိရာ စာဖတ်မှုနှင့် ပတ်သက်၍ အားနည်းချက်များရှိသည် မှန်သော်လည်း စာမဖတ်ကြဘူး၊ စာအုပ် စာတမ်း မထွက်ဘူးဆိုသည့် အချက်မှာ မမှန်ပါကြောင်း၊ စာဖတ်ချင်သူများအတွက် စာအုပ်တွေရှိပါတယ်ဆိုသည့် အချက်ကို ပြချင်သည့်အတွက် ၂၀၁၈ တစ်နှစ်လုံး ထွက်သည့် စာအုပ်များကို တတ်နိုင်သလောက် ပြသပေးခြင်း ဖြစ်ပါကြောင်း။
   

1

 

မြစ်ကြီးနားတက္ကသိုလ်တွင်ကျင်းပသည့် ကလေးစာပေပွဲတော်တွင် စာပေကို စိတ်ဝင်စားသည့် စေတနာရှင်များက စာပေပွဲတော်နှင့် ဟောပြောပွဲများသာမက စာအုပ်များ ခင်းကျင်းပြသသည့်အတွက် ဝမ်းသာကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ကလေးစာပေပွဲတော်များ ကျင်းပပေးပါ၊ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ပေးပါမည်ဟု  ပြောသည့်အတွက် ပူတာအို၌ ကလေးစာပေပွဲတော် ဆက်လက်ကျင်းပပေးခဲ့ပါကြောင်း၊ ပူတာအိုလိုနေရာမျိုးသည် သွားလာရခက်ခဲသလို စာအုပ်စာပေရောက်ရန်လည်း ခဲယဉ်းပါကြောင်း၊ သို့သော် ပူတာအို ကလေးစာပေပွဲတော်တွင် ယခုကဲ့သို့ စာအုပ် ၄၂၀ဝ ကျော်ကို ခင်းကျင်းပြသခဲ့ပါကြောင်း၊ စေတနာရှင် ပုဂ္ဂိုလ်များက ပူတာအိုတွင် ပြသထားသည့် စာအုပ်များကို ပြန်မသယ်ရန်နှင့် သူတို့လှူဒါန်းမည်ဟု ပြောပါကြောင်း၊ မိမိတို့ဘက်မှ အချို့စာအုပ်များကို လှူဒါန်းခဲ့သည့်အတွက် စေတနာရှင်များဘက်မှ သိန်း ၄၀/ ၅၀ ဖိုးလောက်သာ ဝယ်ရပါကြောင်း၊ အဓိကပြောချင်တာက ကလေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထက်သန်သည့် ပုဂ္ဂိုလ်များရှိခြင်းကို ပြောချင်တာဖြစ်ပါကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ကလေးစာပေပွဲတော်များကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း။
 

စာအုပ်ထုတ်ဝေသူများ၊ ရောင်းချသူများအသင်းကလည်း လိုက်လံရောင်းချပေးသည်များ ရှိပါကြောင်း၊ မြို့သူမြို့သား နယ်ခံစာပေပညာရှင်များပါဝင်လာသည့်အတွက် ၎င်းတို့၏ အခန်းကဏ္ဍကို ထည့်သွင်းပေးထားပါကြောင်း၊ ပဲခူးစာပေပွဲတော်၌လည်း ညပိုင်းတွင် မြန်မာ့အသံမှ ဖျော်ဖြေပေးမည့် Stage ရှိပါကြောင်း၊ ဒေသခံ အနုပညာ ရှင်များရှိလျှင်လည်း ဒီပွဲမှာ ဝိုင်းဝန်းကူညီပါဝင်၍ ရပါကြောင်း။
 

အချုပ်ဆိုရသော် ကလေးများဖွံ့ဖြိုးတိုးတက်ပြီး လူတော်လူကောင်းများဖြစ် လာစေရန်၊ တိုင်းပြည်၏ အနာဂတ်ပိုမိုတောက်ပြောင်စေရန်အတွက် ကလေးစာပေပွဲတော်များကို ရည်ရွယ်ကျင်းပခြင်းဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ဒီပွဲတင် သာမက စာပေဖွံ့ဖြိုး တိုးတက်ရေး၊ ကလေးများ စာဖတ်ရေး၊ အသိပညာ ပြန့်ပွားရေးတွင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးကြရန်  ထပ်ဆင့် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။ 


ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေကြသည်။
     

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျေးဇူးတင်စကား ပြောကြားရာတွင်  ပဲခူးတိုင်းဒေသကြီး ပဲခူးတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်တွင် အနာဂတ်၏ ခေါင်းဆောင်များဖြစ်သည့် ကလေးများကို ဉာဏ်ရည်ဉာဏ်သွေး ဗဟုသုတများ ထက်မြက်လာစေရန်နှင့် တီထွင်ဖန်တီး လိုစိတ်များ ရင့်သန်လာစေရန်၊  ကလေးများ စာပေ၌ ရင်းနှီးပြီး စာဖတ်ဝါသနာ ပါလာစေရန်နှင့် ကလေးများ၏ ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် ပျော်ရွှင်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ တက်တက်ကြွကြွဖြင့် ကဏ္ဍ အသီးသီးမှ ဝိုင်းဝန်းအားပေးကူညီပေးပါသော ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ ပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ ပဲခူးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အထူးသဖြင့် ဖျော်ဖြေရေးကဏ္ဍတွင် ပါဝင်ဖြည့် ဆည်းပေးပါသော အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများ အားလုံးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ကလေး စာပေ အပါအဝင် နှလုံးပြည့်ဝ၊ ပညာဉာဏ်ပြည့်ဝသော နိုင်ငံသူ၊ နိုင်ငံသားများ ဖြစ်စေရေး ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။ 

1


ထို့နောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် အဖွဲ့သည် ပွဲတော်တွင် ခင်းကျင်း ပြသထားသည့် ပြခန်းများကို  လှည့်လည်ကြည့်ရှုအားပေးသည်။
    

ကလေးစာပေပွဲတော်(ပဲခူး)ကို   မတ် ၂၈ ရက်မှ ၃၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပဲခူးတက္ကသိုလ်၌  ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲ နိုင်ကြောင်း သိရသည်။    


(သတင်းစဉ်)