၁၉ နိုဝင်ဘာ
နိုဝင်ဘာလ (၂၀)ရက်နေ့ရောက်တိုင်း ကမ္ဘာ့ကလေးများနေ့ (World Children's Day) ကို နှစ်စဉ်ကျင်းပလာခဲ့ကြသည်မှာ ယခုနှစ် ၂၀၂၀ပြည့်နှစ်ဆိုလျှင် (၆၇) နှစ်တိုင်ခဲ့ပေပြီ။ အဆိုပါနေ့တွင် တစ်ကမ္ဘာလုံးရှိ ကလေးသူငယ်များအား အသိအမှတ်ပြု၍ ကလေးသူငယ်များ၏ လူမှုအကျိုးစီးပွားများအား ဖြည့်ဆည်းပေးနိုင်ရန်၊ နိုင်ငံအချင်းချင်း အတူတကွတည်ရှိမှုကို မြှင့်တင်ရန် ရည်ရွယ်လျက် ကလေးသူငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ၊ ပြိုင်ပွဲများ၊ အခမ်းအနားများ စသည်ဖြင့် ပုံစံမျိုးစုံဖြင့် ပွဲတော်များကျင်းပကြပြီး ကလေးများအား အလေးထားကာ အသိအမှတ်ပြုကြပါသည်။
မှတ်တမ်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်တွင် ကလေးသူငယ်များအတွက် အခမ်းအနားများ ကျင်းပဂုဏ်ပြုကြသည်ဟု သိရှိရပါသည်။ သို့သော်လည်း ကမ္ဘာ့ကလေးများနေ့ကို နှစ်စဉ် ကျင်းပနေကြသည့်တိုင် ကမ္ဘာကြီးပေါ်ရှိ ကလေးသူငယ်တိုင်းသည် ကလေးသူငယ်များ အခွင့်အရေး များအပြည့်အဝခံစားရပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ကြသည်တော့ မဟုတ်ပါ။ ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည့် ကလေးများ၊ လုပ်ငန်းခွင်အတွင်း ဝင်ရောက်နေရသည့်ကလေးများ၊ အိမ်တွင်းအကြမ်းဖက်ခံနေရသော ကလေးများ၊ အာဟာရချို့တဲ့နေသော ကလေးများ၊ ခေါင်းပုံဖြတ်ခံနေရသော ကလေးများ၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိသောကလေးများ စသည်ဖြင့် ၎င်းတို့ ရသင့်ရထိုက်သည့် မွေးရာပါအခွင့်အရေးများ ဆုံးရှုံးနေကြရသည့် ကလေးသူငယ်များ မြောက်မြားစွာ ရှိနေပါသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကမ္ဘာကြီးဆီသို့ မရောက်လာမီအချိန်ကပင် ကလေးသူငယ်များ ဆင်းရဲနွမ်းပါးမှုအောက်တွင်ရှိနေခဲ့ရာ ယနေ့အချိန်သည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကို တစ်ကမ္ဘာလုံးတွင် ခံစားနေကြရသည် ဖြစ်သည့်အတွက် ယင်း၏ဆိုးကျိုးသက်ရောက်မှုများကို ကမ္ဘာပေါ်ရှိ ကလေးသူငယ်များလည်း ထိခိုက်ခံစားနေကြရပြီး ပိုမိုဆင်းရဲဒုက္ခကြုံတွေ့နေရသည် ဟုလည်း စစ်တမ်းများက ဖော်ပြနေပါသည်။
ဥပမာအားဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည့် ဗဟိုစာရင်းအင်း အဖွဲ့၊ UNDP နှင့် UNICEF တို့ ပူးပေါင်းပြုလုပ်ခဲ့သည့် လေ့လာသုံးသပ်မှု တစ်ခုအရ မြန်မာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရာတွင် တိုးတက်မှုများရရှိခဲ့သည့်တိုင် ကိုဗစ်-၁၉ အခြေအနေကြောင့် နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးသော ကလေးငယ်အရေအတွက် နှစ်သန်းခန့်အထိ မြင့်တက်လာနိုင်သည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ မရိုက်ခတ်မီကပင် မြန်မာနိုင်ငံရှိ ကလေးသူငယ်ဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ ဝင်ငွေဆင်းရဲနွမ်းပါးစွာ နေထိုင်ခဲ့ရပြီးဖြစ်ကာ ယခုပိုမိုဆိုးရွားပြီး ဆင်းရဲနွမ်းပါး ကလေးသူငယ်ဦးရေမှာလည်း မြင့်တက်လာခဲ့သည်ဟု ဆိုထားပါသည်။
ဤကဲ့သို့သော အခြေအနေမျိုးသည် မြန်မာနိုင်ငံတစ်ခုတည်းတွင်သာ ဖြစ်သည်မဟုတ်၊ နိုင်ငံအများအပြား အထူးသဖြင့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံအများစုတွင် ဖြစ်နေသည်လည်း ဖြစ်ပါသည်။ အနာဂတ် ကမ္ဘာကြီးအတွက် လွန်စွာမှပင် ရင်လေးဖွယ်ရာဖြစ်ပါသည်။ နိုင်ငံများသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး၊ ကျန်းမာရေး အခြေအနေများ ရှုပ်ထွေးကျဆင်းနေသည့်တိုင် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏မျှော်လင့်ချက် ရောင်ခြည်များဖြစ်သည့် ကလေးသူငယ်များအပေါ် အလေးထားစဉ်းစားဖို့ရာ၊ ကာကွယ်ပေးဖို့ရာ၊ အခွင့်အရေးများ ဖြည့်ဆည်းပေးဖို့ရာ လိုအပ်ပါသည်။ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ရာ တာဝန်လည်းရှိပါသည်။
၁၉၂၄ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ဂျီနီဗာကြေညာချက်တွင် ကလေးသူငယ်တိုင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောအထောက် အပံ့များ ရရှိစေရမည်၊ ဆာလောင်ငတ်မွတ်နေသော ကလေးသူငယ်ကို အစာရေစာကျွေးမွေးခြင်း၊ နာမကျန်းဖြစ်နေသော ကလေးသူငယ်ကို ဆေးကုသပေးခြင်း၊ ကြီးထွားရင့်ကျက်မှု နောက်ကျသော ကလေးသူငယ်ကို အကူအညီပေးခြင်း၊ ဆိုးသွမ်းကလေးသူငယ်များကို ပြန်လည်ပြုပြင်ပေးခြင်း၊ မိဘမဲ့နှင့် ခိုကိုးရာမဲ့ ကလေးသူငယ်များကို ခိုလှုံရာများ၊ အကူအညီများပေးခြင်းတို့ကို ပြုလုပ်ပေးရမည်ဟု ဖော်ပြထားခဲ့ပါသည်။
အလားတူ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်တွင်လည်း ကလေးသူငယ်များ ကျန်းမာရေးဆိုင်ရာ အမြင့်မားဆုံးသော စံချိန်အထိခံစားနိုင်ရန် လုံလောက်ပြီး အာဟာရဓာတ်ပြည့်ဝသော အစားအသောက်များနှင့် သန့်ရှင်းသော သောက်ရေများသုံးစွဲ၍ လည်းကောင်း၊ ရောဂါဘယနှင့် အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရန် စာချုပ်အဖွဲ့ဝင်နိုင်ငံများက ဆောင်ရွက်ရမည်ဟု ဖော်ပြထားပါသည်။
နိုင်ငံတစ်နိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်အား အတည်ပြုလက်မှတ် ရေးထိုးထားပြီးဖြစ်ပါက အဆိုပါ စာချုပ်ပါအချက်များအား မလွဲမသွေ အကောင်အထည်ဖော်ဆောင်ရွက်ရ မည့်တာဝန်ရှိပါသည်။ ကလေးသူငယ်တိုင်း အခွင့်အရေးများကို အပြည့်အဝ ခံစားနိုင်အောင် အာမခံပေးရမည်လည်း ဖြစ်ပါသည်။ အထူးသဖြင့်နိုင်ငံ၏ အနာဂတ်အင်အားများဖြစ်သည့် ကလေးသူငယ်များရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးစွာဖြင့် အသက်ရှင်သန်ကြရမည့် အခွင့်အရေးအား အပြည့်အဝ ဖြည့်ဆည်းအကောင်အထည်ဖော် ပေးရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည်လည်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်များအတွက် ပိုမိုထိရောက်အကျိုးရှိနိုင်မည့် မူဝါဒများ၊ နည်းလမ်းများချမှတ်ပြီး ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှု ပိုမိုလိုအပ်နေသည် လည်းဖြစ်ပါသည်။ ကလေးများအတွက် လုံခြုံစိတ်ချရသည့်အနာဂတ် လိုအပ် နေသည်လည်း ဖြစ်ပါသည်။ ။
လွတ်လပ်စွာမွေးဖွားလာကြသည့် ကလေးသူငယ်များ ကျန်းမာဖွံ့ဖြိုးစေရန်၊ လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ရရှိစေရန် မိဘများ၊ ကျန်းမာရေးစောင့် ရှောက်ပေးသည့် ဝန်ထမ်းများနှင့် အစိုးရတွင် တာဝန်အပြည့်အဝရှိပါသည်။ ကလေးသူငယ်များအတွက် ပိုမိုရင်းနှီးမြှုပ်နှံရန် လိုအပ်ပါသည်။ ကလေးများ အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေး၊ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေး တို့အတွက် မိဘ၊ စောင့်ရှောက်သူများ၏ ဝင်ငွေ၊ စီးပွားရေးသည်လည်း တစ်နည်းအားဖြင့် အရေးကြီးသည်ဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အတွက်လည်း နိုင်ငံတော်မှ ဖန်တီးပေးရန် လိုအပ်ပါသည်။
နိဂုံးချုပ်ဆိုရသော် ကလေးသူငယ်များသည် တိုင်းပြည်အနာဂတ်အတွက် မျှော်လင့်ချက်၊ မိဘများအတွက် မျှော်လင့်ချက်၊ လူမှုအဖွဲ့အစည်းများအတွက် မျှော်လင့်ချက် အလင်းရောင်များဖြစ်သောကြောင့် နိုင်ငံ၏အနာဂတ် မျှော်လင့်ချက်ရောင်ခြည်များဖြစ်သည့် ကလေးသူငယ်များအား ပိုမိုကာကွယ်ကြပါစို့၊ စောင့်ရှောက်ကြပါစို့၊ ကလေးများအတွက် လုံခြုံပျော်ရွှင်ရသည့် ပတ်ဝန်းကျင်ကောင်းများ ဝိုင်းဝန်းဖန်တီးပေးကြပါစို့ဟု တိုက်တွန်းရင်း နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။
ဒေါက်တာ ခိုင်ခိုင်ဝင်း


