ဘားအံ ၂၂ မတ်
ကရင်ပြည်နယ် ဘားအံမြို့တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ဦးဆောင်ညွှန်ကြားမှုဖြင့် Myanmar Responsible Tourism Institute(MRTI)နှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်သော ကလေးသူငယ် ဘေးကင်းလုံခြုံမှုရှိသော ခရီးသွားလုပ်ငန်းအကြောင်းသိရှိရန်၊ ခရီးသွားလုပ်ငန်းတွင် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံနေရခြင်းအကြောင်း မျှဝေရန်၊ ခရီးသွားလုပ်ငန်းတွင် ကလေးသူငယ်ပြဿနာများ တွေ့ကြုံလာပါက မည်ကဲ့သို့ချိတ်ဆက်ဆောင်ရွက်ရမည်ကို ပူးပေါင်းအဖြေရှာရန်အတွက်ရည်ရွယ်ပြီး ကလေးသူငယ်ဘေးကင်း လုံခြုံမှုရှိသော ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ သံလွင်ပါရာဒိုက်ဟိုတယ်တွင် ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေး မောင်လှိုင်နှင့် ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းတို့က အမှာစကား ပြောကြားပြီး (MRTI)မှ ဦးညွှန့်ဝင်နိုင်က ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Myanmar Responsible Tourism Institute(MRTI)နှင့် UNICEFတို့မှ တာဝန်ရှိသူများက ကလေးသူငယ်ဘေးကင်း လုံခြုံမှုရှိသော ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ခေါင်းစဉ်အလိုက် အသိပညာ ပေးဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသော သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ ဟိုတယ်လုပ်ငန်းရှင် များနှင့် ဝန်ထမ်းများ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသူများနှင့် အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများက မေးမြန်း ဆွေးနွေးကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ကလေးများ ဘေးကင်းလုံခြုံရေးဆိုင်ရာများတွင် ဘယ်လို တားဆီး ကာကွယ်မလဲ၊ ကလေးသူငယ်တွေရဲ့အခွင့်အရေးဆိုင်ရာ အချက်အလက်တွေအပါအဝင် အဓိကရည်ရွယ်ချက် ကတော့ ခရီးသွားလုပ်ငန်းတွေမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ယူမှု၊မတော်မတရား ပြုမူမှု၊ အလွဲသုံးစားပြုလုပ်မှုတွေကို ကာကွယ်စောင့်ရှောက်နိုင်ရေး သတင်းအချက်အလက်များ၏ အရေးကြီးပုံ များကို မည်သို့ပံ့ပိုးကူညီဆောင်ရွက်သွားကြမည်ကို သိရရှိရန် တစ်ရက်တာအတွင်း ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ကရင်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


