နှစ်သစ်ကူးတော့မယ့်  အချိန်အခါသမယလည်းဖြစ်၊ အေးမြတဲ့ဆောင်းရာသီလည်းဖြစ်တာကြောင့် ကလေးတို့အားလုံး နေလို့ကောင်းကြမယ်လို့ မမကထင်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေတုန်းက မမက ကလေးလေးတို့အတွက် လူ့ဘဝမှာ လက်တွေ့ကျကျဖြတ်သန်းတဲ့အခါ ကြုံရမယ့်အတွေ့အကြုံတွေအတွက် အထောက်အကူဖြစ်စေမယ့် အချက်အလက်တွေကို ပြောပြခဲ့ပါတယ်။ အဲဒီအကြောင်းအရာတွေကိုတော့ ကလေးတွေကို ဘယ်လို ပြောဆို သင်ကြားမလဲဆိုတာကို လက်တွေ့ကျကျ မျှဝေပေးနေတဲ့ မိဘဆိုတဲ့  နိုင်ငံခြားမဂ္ဂဇင်းတစ်ခုထဲက အချက်အလက်တွေကို ကောက်နုတ်ပြီး ပြောပြပေးတာပါ။ အကြောင်းအရာကလေးကကောင်းပြီး ကလေးတို့အတွက် သိသင့်တယ်ထင်လို့ မမက ဒီတစ်ပတ်မှာလည်း ဆက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

 

ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ကလေး တို့အတွက် လွယ်ကူရိုးရှင်းတဲ့ အလုပ်ကလေး တွေကို ရွေးချယ်ထားပါတယ်။ အဲဒီအကြောင်း အရာလေးတွေကို လိုက်နာပြီး အိမ်မှာကြိုးစားလုပ်ကိုင်ကြမယ်ဆိုရင် ကလေးတို့အားလုံးက ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့၊ တော်တဲ့ကလေးတွေအဖြစ်ကို ရောက်လာကြမှာပေါ့နော်။

 

ကလေးတို့ကိုယ်တိုင်ပြင်ဆင်တဲ့ ထမင်းစားပွဲ

 

အသက်သုံးနှစ်လောက်ကနေ မူကြို အရွယ်အထိ ကလေးတွေဟာ သူတို့ စားဖို့အတွက် အစားအစာတွေကို သူတို့ မေမေတွေ၊ အိမ်ကအုပ်ထိန်းသူတွေက ပြင်ပေးကြရတာပါ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုဆိုတဲ့ နိုင်ငံက မူကြိုအရွယ်ကလေးတွေအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကတော့ သူတို့အစားစားဖို့ အတွက် မိဘကို အကူအညီကောင်းကောင်းပေးတတ်နေပါပြီတဲ့။ ကလေးတို့ရော ကိုယ့်ရဲ့ ထမင်းစားပွဲ၊ ကိုယ့်မိဘတွေအတွက် ထမင်းစားပွဲကို ဘယ်လောက်တောင်ကူညီပေးပြီးပြီလဲ မမက သိချင်မိတယ်။

 

ဥပမာပြောရရင် ဇွန်းကလေးတွေ ကူချ ပေးတာ၊ ထမင်းစားပွဲသန့်ရှင်းပေးတာ၊ ပန်းကန် လေးတွေ ရေသုတ်ပေးတာကနေစပြီး အသီးအရွက်တွေ ချက်ပြုတ်ဖို့ ပြင်ဆင်တာ၊ လက်သုတ်ပဝါ ချပေးတာ၊ ရေခွက်တွေ ချထားပေးတာ၊ မေမေတို့သောက်ဖို့အတွက် ရေနွေးပြင်ပေးတာ စသည်ဖြင့် ကူလုပ်ပေးတတ်တဲ့ ကလေးတွေဟာ သူတို့ အသက်ကြီး လာတာနဲ့အမျှ ကိုယ့်အားကိုယ်ကိုးပြီး နေထိုင်တတ်သူတွေ ဖြစ်လာစေပါတယ်။ မူကြို အရွယ် မဟုတ်တော့တဲ့ အသက် ၈ နှစ်၊ ၉ နှစ် ကလေးတွေထဲက အချို့ကလေးတွေဆိုရင် ထမင်းချက်ပြုတ်တတ်ကြပြီ၊ လွယ်ကူတဲ့ ဟင်းလျာတွေ ချက်ပြုတ်နိုင်ကြပြီဆိုတာမျိုးလည်း မမမြင်တွေ့ဖူးတယ်။ အသက် ၁၀နှစ် သာကျော်လာပြီ ထမင်းစားမယ်ဆိုရင် မေမေ ခွံ့ကျွေးမှ စားတတ်တဲ့၊ ပန်းကန်တစ်ခါမှ မဆေးကြောဖူးတဲ့ ကလေးတွေကိုလည်း မမတွေ့မြင်ဖူးတယ်။ ကလေးတို့ကရော ဘယ်လို ကလေးမျိုးဖြစ်လိုကြသလဲ။ အိမ်အလုပ် ကူညီပေးတဲ့ ကလေးမျိုးလား၊ ဒါမှမဟုတ် ဘယ်အရာမဆို အိမ်က လူကြီးတွေက လုပ်ကိုင်ပေးမှရတဲ့ ကလေးမျိုးလားဆိုတာ စဉ်းစားကြည့်ကြမယ်နော်။

 

လူဆိုးတွေကို ဘယ်လိုကာကွယ်မလဲ

 

ကာတွန်းကားတွေထဲကလို ရုပ်ဆိုးဆိုး ကြမ်းကြမ်းတမ်းတမ်းနဲ့ သေနတ်ကြီးတွေ၊ ဓားကြီးတွေကိုင်ထားတဲ့ လူဆိုးမျိုးတွေ အပြင်မှာတကယ်ရှိနိုင်ပါတယ်နော်။ ဒါပေမယ့် မမပြောတဲ့လူဆိုးတွေဆိုတာက ကလေးတို့ကို အချိန်မရွေး စိတ်ကိုရော၊ လူကိုရော အနှောင့်အယှက်ပေးမယ့်သူတွေကို တင်စားပြီး ခေါ်လိုက်တာပါ။ ကလေးတို့ဟာ လူဆိုးနဲ့ လူကောင်းကို ခွဲခြားပြီး ချက်ချင်းမသိနိုင်ဘူးလေနော်။ ဒါကြောင့် ကလေးတို့  မသိတဲ့သူတွေက စကား  လာပြောတာဖြစ်ဖြစ်၊ အပြင်သွားဖို့ခေါ်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် ကလေးတို့ကို မုန့်ကျွေးပြီး ဘယ်သူမှမရှိနိုင်မယ့်နေရာကို ခေါ်တာဖြစ်ဖြစ်  ကြုံလာခဲ့ရင် လုံးဝလိုက်သွားလို့ မရပါဘူးနော်။

 

အချို့လူတွေက ကလေးတွေကို ယုံကြည် အောင် အတူကစားပြီး ဒါမှမဟုတ် ကလေးတို့ ကြိုက်တဲ့မုန့်တွေ ကျွေးပြီးတော့ ခေါ်သွားတယ်၊ ပြီးရင် ကျွန်အဖြစ် ရောင်းစားတာ၊ သတ်ဖြတ်တာမျိုးလည်း ရှိတတ်သတဲ့။ ဒါကြောင့် ကလေးတို့က လူတိုင်းကို အယုံမလွယ်ဖို့   လိုပါတယ်။ ကိုယ့် ဖေဖေမေမေ၊ မိသားစုဝင်တွေ မသိဘဲ ဘယ်လိုကိစ္စမှ လုပ်လို့မရပါဘူး။

 

နောက်တစ်ခုက ကလေးတို့ဆီကို သူတို့က အတင်းလာကပ်နေတယ်။ ကလေးတို့ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာ၊ ကလေးတို့ ခန္ဓာကိုယ်ပေါ်က နေရာတစ်ခုခုကို ကိုင်တွယ်တာမျိုးနဲ့ နာကျင်အောင်လုပ်ပြီဆိုရင် အရင်ဆုံး အသံကျယ်ကျယ်နဲ့ မလုပ်ဖို့ လည်းပြော၊ အကူအညီလည်း အော်တောင်းတတ်ဖို့ လိုပါတယ်။ ပြီးရင် အဝေးဆုံးကို ထွက်ပြေးကြဖို့လည်း  လိုပါတယ်။ ဒါမှသာ ကလေးတို့က အန္တရာယ်တွေကနေ ကင်းဝေး မှာ ဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ မိဘ ဒါမှမဟုတ် ကလေးတို့အိမ်သားတွေ၊ ယုံကြည်ရတဲ့ ဆရာသမားတွေမသိဘဲ ဘယ်အရာမှ မလုပ်သင့်သလို ဘယ်ကိုမှလည်း  မသွားကြပါနဲ့နော်။

 

ဈေးဝယ်တတ်ပြီလား

 

အသက် ၅ နှစ်လောက်ဆိုရင် လမ်းလည်း ကောင်းကောင်းလျှောက်နိုင်တဲ့ ကလေးတွေ ဖြစ်နေပြီပေါ့။ ဒီထက် နည်းနည်းပိုကြီးလာခဲ့ မယ်ဆိုရင် မုန့်ဆိုင်မှာ မေမေတို့နဲ့အတူ မုန့်ဝယ်တဲ့အခါ စိတ်ကြိုက်မုန့်တွေကို ရွေးတတ်လာပြီ။ ပြီးတော့ မေမေတို့သုံးတဲ့ ပိုက်ဆံနဲ့ မုန့်ဝယ်စားလို့ရတယ်ဆိုတာကို သိလာတဲ့အတွက် မုန့်ဖိုးလည်း သိပ်ကိုလိုချင်ကြတာပေါ့။ ကလေးတို့ရော မုန့်ဖိုးရဖူးလား။ မမကတော့ ကလေးဘဝတုန်းက မုန့်ဖိုးရမှာဆို သိပ်ပျော်တာပဲ။ စားချင်တာတွေကို အိမ်နားက မုန့်ဆိုင်မှာ အားပါးတရ သွားဝယ်စားတော့တာပေါ့။ တချို့ မေမေ၊ ဖေဖေတွေကတော့ ကလေးတွေကိုစားချင်တာ ဖြည့်ဆည်းပေးတယ်။ မုန့်ဖိုးမပေးဘူး။ ပိုက်ဆံသုံးတတ်လာရင် မိဘတွေမသိဘဲ မကောင်းတဲ့နေရာတွေမှာ သုံးပစ်လိုက်မှာ စိုးရိမ်ကြလို့ပေါ့။

 

တချို့ မိဘတွေကတော့ ပိုက်ဆံကို ကလေးတွေလက်ထဲကို သင့်တင့်အောင် မုန့်ဖိုးပေးတတ်ကြတယ်။ ပိုက်ဆံကို ပေးတဲ့အခါ စနစ်တကျနဲ့ သုံးစွဲတတ်အောင်လည်း လေ့ကျင့်ပေးကြတယ်တဲ့။ အဲဒီမိဘရဲ့ ကလေးတွေဟာ အသက်ကြီးလာတဲ့အခါ ပိုက်ဆံတန်ဖိုးကိုလည်း  နားလည်ပြီး   စနစ်တကျနဲ့ ပိုက်ဆံသုံးတတ်ကြတဲ့အတွက် သူဌေးလေးတွေ ပိုဖြစ်လာကြတယ်တဲ့။ ဒါကြောင့် သိနားလည်တဲ့ မိဘအချို့ဟာ ပိုက်ဆံကို တိုက်ရိုက်မပေးဘဲ အိမ်အလုပ်တွေ ကူလုပ်တဲ့အခါ မုန့်ဖိုးပေးတယ်၊ စာကြိုးစားတဲ့အခါ မုန့်ဖိုးပေးတယ်၊ စာမေးပွဲအောင်တဲ့အခါ မုန့်ဖိုးပေးတယ်။ ဒါကြောင့်ကလေးတွေဟာ ပိုက်ဆံကို အလကားယူလို့မရဘူးဆိုတဲ့အသိ၊ မကြိုးစားရင် ပိုက်ဆံမရဘူးဆိုတဲ့အသိလေးတွေရှိလာပြီး တန်ဖိုးထားတတ်လာတယ်။ ကြိုးစားလာကြတယ်တဲ့။ ကဲ ကလေးတို့လည်း မုန့်ဖိုးတွေ များများရဖို့အတွက် မေမေတို့ ဆီမှာ အလုပ်တောင်းပါ။ အလုပ်တွေ ကူလုပ်ပေးပြီးရင် မုန့်ဖိုးရလာတဲ့အခါ မုန့်လည်း ဝယ်စား၊ စုလည်း စုဆောင်းရင်းနဲ့ လူတော်လူကောင်းလေးတွေ ဖြစ်လာကြပါစေလို့ မမက ဆုတောင်းပေးလိုက်ပါတယ်နော်။  ပျော်ရွှင်ဖွယ်နှစ်သစ်ကူးခါနီး အခါသမယပါနော်။

 

ကေ - ဂျူဝယ်လ်

 

mdn