ရန်ကုန် ၂၉  မတ်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်အတွင်း၌ မော်တော်ယာဉ်များ ရပ်နားရန် အဆင့်မြင့်ကားပါကင် တစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါ အဆင့်မြင့်ကားပါကင်တည်ဆောက်ရန်အတွက် ကမာရွတ်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးနေရာကို ရွေးချယ်ထားပြီး အထပ်ရှစ်ထပ်ပါဝင်သော ရုံးခန်းများအပြင် မြို့နယ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သောကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲခန်း၊ ဟောပြောပွဲခန်းမ စသည့် ဘက်စုံသုံး အခန်းများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောက်လုပ်မည့် အထပ် ရှစ်ထပ်ပါဝင်သော အဆောက်အအုံတစ်လုံးအပြင် မော်တော်ယာဉ် ရာနှင့်ချီ ရပ်နားနိုင်သော အထပ်မြင့် နိုင်ငံတကာအဆင့်မီကားပါကင်ကိုလည်း ထည့်သွင်းတည်ဆောက်မည် ဖြစ်ကြောင်း စုံစမ်းသိရသည်။

 

mdn

 

ရှစ်ထပ်အဆောက်အအုံနှင့်ကားပါကင် အဆောက်အအုံတို့၏ အပေါ်ဆုံး ထပ်တွင်ပြည်သူများ အပန်းဖြေ အနားယူနိုင်ရေးအတွက် ပန်းခြံတစ်ခုကိုလည်း ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်နေပြည်သူများ အသုံးပြုနိုင်ရေးအတွက် အဆင့်မြင့်ပန်းခြံနှင့် Mechanical Car Parking တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို မတ်လ ၂၄ ရက်က အဆိုပါနေရာတွင် ကျင်းပခဲ့ပြီး ယခုအခါမြေပြင်တိုင်းတာခြင်းများ၊ အကြိုအင်ဂျင်နီယာလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းတည်ဆောက်ရေးလုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာ (အဆောက်အဦ)မှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

လင်းညွှန့်၊ ဓာတ်ပုံ - ပေါ်ဦး

 

mdn