စစ်ကိုင်း   ၂၈  မတ်  


 
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့တွင် ထွင်းထုပြီးစီးခဲ့သည့် ကမ္ဘာ့အကြီးဆုံး သစ်လုံးထွင်း စည်တော်ကြီးကို မတ် ၂၇ ရက် နံနက်ပိုင်းအချိန်က ကောင်းမှုတော်စေတီ ရင်ပြင်တော်ပေါ်ရှိ ညောင်းရမ်းခေတ် အဆောက်အဦ ဘုံပြဿဒ်ပေါ်တွင် ချိတ်ဆွဲထားရှိထားကြောင်း ကောင်းမှုတော် ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးနီတင်ထံမှ သိရသည်။

 

ကမ္ဘာ့အကြီးဆုံး သစ်လုံးထွင်း စည်တော်ကြီးသည် မတ် ၁၉ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါနေ့ ညတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက စည်တော်ကြီးအား တီးခတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ရင်ပြင်တော်ပေါ်၌ပင် ထားရှိခဲ့သည်။ ယင်နောက် မတ် ၂၇ ရက် တွင် ညောင်းရမ်းခေတ် အဆောက်အဦ ဘုံပြဿဒ်ပေါ်သို့တင်၍ ချိတ်ဆွဲထားရှိခြင်းဖြစ်ကြောင်း ကောင်းမှုတော် ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။

 

''စည်တော်ကြီးကို  အဆောက်အဦဘေးက စင်ထိုးပြီး ဆွဲတင်လိုက်တာ။ စည်တော်ကြီးတင်တဲ့ အဆောက်အဦကတော့ လက်စသတ်ရန် ကျန်ပါသေးတယ်။ စည်တော်တင်ပြီးမှ ဘေးက ကာရံတာတွေ လုပ်ရဦးမယ်။ စည်တော်ကြီးဖွင့်ပွဲတော့ မလုပ်ဖြစ်တော့ဘူး။ မတ် ၁၉ ရက်နေ့က ဖွင့်ပွဲတော့ လုပ်ပြီးသားပါ။'' ဟု ကောင်းမှုတော် ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးနီတင်က ပြောသည်။

 

ကမ္ဘာ့အကြီးဆုံး သစ်လုံးထွင်းစည်တော်ကြီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ လက်ပံကုန်းကျေးရွာရှိ “ဆရာပွဲ” မြန်မာတူရိယာ အမျိုးမျိုးလုပ်ငန်းမှ ကုက္ကိုသားဖြင့် ထွင်းထုပြီး ကောင်းမှုတော်စေတီတော်သို့ လှူဒါန်းခြင်းဖြစ်သည်။

 

သစ်လုံးထွင်းစည်တော်မှာ အလျား ၁၂၈ လက်မ၊ အမြင့် ၆၄ လက်မ၊ စည်တော်မျက်နှာဝအကျယ် ၅၄ လက်မရှိကြောင်း၊ စည်တော်မျက်နှာပြင်အတွက် ကျွဲသားရေ နှစ်ချပ်နှင့် စည်တော်စည်ကျစ်ကြိုးအတွက် နွားသားရေ (၁၈)ချပ်ကို အသုံးပြုထားကြောင်း၊ စည်တော်အတွင်းပိုင်းအား ဘုရားဟော တရားဒေသနာတော်နှင့် ဂါထာတော်များ၊ ဗားမဲ့ ဆရာတော်၏ ဂါထာတော်နှင့် လောကီအစီအမံများ၊ စည်တော်အပြင်တွင် ဗုဒ္ဓဘုရားရှင်၏  ၁၀၈ ကွက်သော ဗုဒ္ဓခြေတော်ရာ စက်လက္ခဏာအား နတ်သားများ ပူဇော်နေသည့်ပုံကို ထည့်သွင်း၍ပြုလုပ်ထားကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)

 

1