ကျိုက်ထို ၆  ဧပြီ

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားသုံးဆူတောင်တော်၌ အလှူရှင်များစုပေါင်း၍ ဉာဏ်တော်အမြင့် (၂၅၅ ပေ ၆ လက်မ) ရှိသော ကမ္ဘာ့ အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးအားဌာပနာတော်သွင်းလှူပူဇော်ပွဲအခမ်းအနားကို ယနေ့ ရက် နံနက် ၉ နာရီတွင် အဆိုပါတောင်တော်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ အောင်သပြေကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဥူးပဏ္ဍိစ၊  ဘုရားသုံးဆူကျောင်းတိုက် ဆရာတော် ဥူးတေဇဝန္တ နှင့်ဆရာတော်ကြီးများ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်ခင်ဆောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း၊ ပြည်နယ် တရားဥပဒေချုပ် ဦးခင်မောင်ကြီး ၊ ပြည်နယ်သာသနာရေးမှူး ဦးသန်းစိုး၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ပြည်နယ်မှူး ဒေါ်နီနီချို၊ ဘုရားပွဲတော်ကျင်းပရေးကော် မတီဥက္ကဋ္ဌ ဦးရဲဝင်းထိုက်(မြို့နယ်အုပ်ချုပ်ရေးမှူး) နှင့် ကျင်းပရေးကော်မတီဝင်များ မတည်အလှူရှင် ဦးတင်ဝင်းနှင့် အလှူရှင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ငါးပါးသီလခံယူ တည်ဆောက်ကာဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွာပြီး ဆရာတော်ကြီးများနှင့် အလှူရှင်များက ဌာပနာ ရတနာများကို ပင့်ဆောင်၍ ဗုဒ္ဓရုပ်ပွားတော်ကြီးကို လက်ယာရစ်(၃)ပတ်လှည့်လည်ကာ ဌာပနာသိုက်သို့ ပင့်ဆောင်၍ ဌာပနာသွင်း လှူပူဇော်ခဲ့ကြသည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြသည်။

ဝင်းမောင်(ကျိုက်ထို)