၂၅ ဖေဖော်ဝါရီ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ Pandemic ကပ်ရောဂါပုံစံ တစ်ကမ္ဘာလုံးကို ကူးစက်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးဟာ အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပနိုင်ငံများ၊ အာရှနိုင်ငံတွေကို ကူးစက်မှုတွေ့ရပေမယ့် ရောဂါပိုးစတင်ခဲ့ရာ တရုတ်နိုင်ငံမှာတော့ သေဆုံးမှုဟာ သီတင်းသုံးပတ်အတွင်းမှာ ဒီနေ့ဟာ အနည်းဆုံးဖြစ်တာကို တွေ့ရပါတယ်။
ဒါပေမယ့် နိုင်ငံနဲ့ဒေသပေါင်း ၃၇ ခုနဲ့ နိုင်ငံတကာခရီးသွားလာရေး ယာဉ်တစ်စီးတို့မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၄၀၀ ကျော်နဲ့ သေဆုံးသူ ၄၀ အထိ ဖြစ်လာကို တွေ့ရပါတယ်။
တောင်ကိုရီးယား၊ အီတလီ နဲ့ အီရန်နိုင်ငံတွေမှာ ကူးစက်မှု နဲ့သေဆုံးမှုတွေ သိသိသာသာ တိုးလာစဉ်မှာ အရှေ့အလယ်ပိုင်းနိုင်ငံများမှာလည်း ဗိုင်းရပ်စ်ပိုးကူးစက်မှုကို တွေ့လာရတာဖြစ်ပါတယ်
တောင်ကိုရီးယားနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ၆၀ ဦး ထပ်မံတွေ့ရှိသလို သေဆုံးသူ ၁ ဦး အင်္ဂါနေ့ က ဖြစ်ခဲ့တဲ့အတွက် ရောဂါပိုးကူးစက်ခံရသူ ၈၉၃ ဦးဖြစ်လာပြီး သေဆုံးသူကလည်း ၉ ဦးအထိ ရှိပြီဖြစ်ပါတယ်။
အီတလီနိုင်ငံမှာ သေဆုံးသူ ၇ ဦး နဲ့ ရောဂါပိုးကူးစက်ခံရသူ ၂၃၁ ဦး ရှိလာတဲ့အတွက် မြို့ပေါင်း ၁၁ ကို အကူးအသန်း မရှိအောင် ပိတ်ထားပါတယ်။ စီးရီး A နဲ့ ယူရိုပါလိခ် ဘောလုံးပြိုင်ပွဲတွေပါ တံခါးပိတ်ကျင်းပဖို့ ရှိနေပါတယ်။
အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၄ ဦး ရှိပြီး ကူးစက်သူ ၆၁ ဦး ရှိနေပါတယ်။ ဒါ့အပြင် အာဖဂန်နစ္စတန်၊ ဘာရိန်း၊ အီရတ်၊ ကူဝိတ် နဲ့ အိုမန်နိုင်ငံတွေမှာလည်း ရောဂါပိုးကူးစက်သူများ ရှိလာနေပြီဖြစ်ပါတယ်။
MDN
ကိုးကား - AFP


