ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ  ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်

နေပြည်တော် ၂၂ ဇန်နဝါရီ


မြန်မာနိုင်ငံသို့ အိန္ဒိယ၊ စပိန်၊ ပြင်သစ်၊ ဗြိတိန်၊ ဆွစ်ဇာလန်နှင့် ဒက်ချ် နိုင်ငံတို့မှ ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်များ ကိုင်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ 

123


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Osuga Myanmar Co.,Ltd စီစဉ် ဆောင်ရွက်မှုတို့ဖြင့် အိန္ဒိယ၊ စပိန်၊ ပြင်သစ်၊ ဗြိတိန်၊ ဆွစ်ဇာလန်နှင့် ဒက်ချ် နိုင်ငံတို့မှ နိုင်ငံသား ဧည့်သည် စုစုပေါင်းဧည့်သည် (၁၃) ဦးတို့သည် ၎င်းတို့၏ ကိုယ်ပိုင် မော်တော်ယာဉ် ၃ စီး  ကိုယ်ပိုင်မော်တော် ဆိုင်ကယ် ၆ စီးဖြင့် ဇန်နဝါရီလ ၁၄ရက်မှ  ဇန်နဝါရီ ၁၉ ရက်အထိ တမူး- ကလေး- ပုဂံ- ကလော- နမ့်စန်- ကျိုင်းတုံ- တာချီလိတ်မြို့ ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်မှ ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့် သာမက နယ်စပ်ဝင်/ထွက် ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိသည်။ 


ပွင့်လင်းရာသီကာလ ဖြစ်သည်နှင့်အညီ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ် လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။


MDN