၂၉ ဧပြီ
- အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း (၁) သန်းကျော်ရှိသွားရာ ကမ္ဘာ့တစ်ဝန်းက ရောဂါဖြစ်ပွားနေတဲ့ ဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဖြစ်လာကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၃,၀၉၈,၃၉၁ ဦး ရောဂါကူးစက်ခံရပြီး ၂၁၆, ၁၆၀ ဦးသေဆုံးကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ မှတ်တမ်းအရသိရပါတယ်။
- အင်္ဂလန်နိုင်ငံတွင်းက စောင့်ရှောက်ရေးဂေဟာတွေမှာ အလုပ်လုပ်သူတိုင်း ဗိုင်းရပ်စ်ပိုးစစ်ရမယ်လို့ သိရပါတယ်။ ရောဂါ လက္ခဏာရှိသည်ဖြစ်စေ မရှိသည်ဖြစ် ဆေးစစ်ရမှာဖြစ်တဲ့အတွက် လူပေါင်း သန်းချီပြီး ဆေးစစ်ရမှာ ဖြစ်ပါတယ်။
- ပြင်သစ်နိုင်ငံမှာ နေထိုင်သူတိုင်း အများသုံး ခရီးသွားလာရေး ယာဉ်တွေပေါ်မှာ မျက်နှာဖုံး ဝတ်ဆင်ရမှာဖြစ်ပြီး မေလ ၁၁ နေ့ ကျောင်းတွေစဖွင့်တဲ့နေ့မှာ အသွားအလာ ပိတ်ဆို့မှုကို ရုပ်သိမ်းမယ်လို့ သိရပါတယ်။
- ရုရှားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကာကွယ်ရေးဝတ်စုံ PPE မလုံလောက်မှုတွေ ဖြစ်ပေါ်စဉ်မှာ သမ္မတပူတင်က နိုင်ငံမှာ ရောဂါပိုးကူးစက်ခံစားသူ အရေအတွက် အများဆုံးထိ မရောက်သေးကြောင်း သတိပေး ပြောလိုက်ပါတယ်။ ရုရှားနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူပေါင်း ၉၃,၀၀၀ ရှိပြီး ၈၆၇ ဦးသေဆုံးကြောင်း သိရပါတယ်။
- နယူဇီလန်နိုင်ငံမှာ သီတင်း ငါးပတ် နီးပါး အိမ်ထဲမှာ နေထိုင်ခဲ့ရတဲ့သူတွေဟာ အသွားအလာပိတ်ဆို့မှု ရုပ်သိမ်းသွားချိန်မှာ ကော်ဖီဆိုင်တွေနဲ့ မုန့်ဆိုင်တွေမှာ စည်ကားလာတာကို တွေ့ရပါတယ်။
- ဂျာမနီနိုင်ငံတစ်ဝန်းက ဆိုင်တိုင်းမှာ မျက်နှာဖုံးတပ်ကို တပ်ရမယ့်လို့ သတ်မှတ်လိုက်သလို အများသုံး ယာဉ်တွေဖြစ်တဲ့ ဘတ်စ်ကား၊ ရထားနဲ့ ဓါတ်ရထားတွေမှာလည်း နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးအပ်ထားရမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းက ခရီးသည်တွေကို ဇွန် ၁၄ ရက်နေ့အထိ ဂျာမနီနိုင်ငံကို လာရောက်ခွင့် မရှိသေးကြောင်း အချိန်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။
- ရုရှားနိုင်ငံကလည်း အလားတူ ခရီးသွားတွေ လာရောက်ခွင့် ပိတ်ပင်ထားတဲ့ ရက်ကို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
MDN
ကိုးကား - AFP


