ပဲပုပ်ဆိုသည်နှင့် မြန်မာတို့သည် ပဲပိစပ်နှင့် လွဲမှားလေ့ ရှိတတ်ကြသည်။ စင်စစ်တွင် ပဲပုပ်သည် ပဲပိစပ်မဟုတ်ချေ။ အချို့သောထုတ်ကုန်များတွင် ပဲပုပ်နှင့်ပဲပိစပ်ကို မှားယွင်းစွာသုံးနှုန်း၍ ရိုက်နှိပ်ဖော်ပြသည်များလည်းရှိသည်။ အထူးသဖြင့် ပဲပုပ်ဆီထုတ်လုပ်မှုတွင် အချို့သော အမှတ်တံဆိပ်များသည် ပဲပိစပ်ဆီဟူ၍ မှားယွင်းစွာဖော်ပြမှုများရှိသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပေသည်။ ပဲပုပ်နှင့်ပဲပိစပ်တွင် ဆီကြိတ်လို့ရသည်မှာ Soybean ခေါ် ပဲပုပ်သီးနှံသာဖြစ်သည်။ ပဲပိစပ်ခေါ် Horse Gram သည် ဆီကြိတ်၍မရ၊ ဆီမထွက်နိုင်ပေ။ အညာဒေသထွက် ပုန်းရည်ကြီးသည်သာလျှင် ပဲပိစပ်မှထုတ်သော ထုတ်ကုန်စစ်ဖြစ်လေသည်။
ဆီပါဝင်မှုနှင့်ပရိုတင်းဓာတ်ကြွယ်ဝသော ပဲပုပ်သည် လူသားများအတွက် ဘုရားပေးသော ဆုလာဘ်အလား ထင်မှတ်စရာရှိပေသည်။ ပဲပုပ်သည် ပရိုတင်းဓာတ်ကြွယ်ဝ သောကြောင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် ရောင်းချကြပြီး သီးနှံအတွင်း ဆီပါဝင်မှုကြောင့် ပဲပုပ်ဆီ ကိုလည်းထုတ်လုပ်ကြပါသည်။ ပဲပုပ်ဆီသည် လူ့ကျန်းမာ ရေးကို များစွာအထောက်အကူပြုကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာမှုအရ သိရှိရပါသည်။ သို့ရာတွင် သဘာဝပဲပုပ်ဆီသည် သိုလှောင်ထိန်းသိမ်းမှု စနစ်မကျပါ က တာရှည်ခံရန် မလွယ်ကူပေ။ အာရှသည်ပဲပုပ်စားသုံးမှု အမြင့်မားဆုံးဒေသဖြစ်ပြီး ပဲနို့ကဲ့သို့သော အာဟာရဖြည့် စားသောက်ကုန်များအပြင် ဟင်းလျာများအတွက်ပါ ဖြည့်စွက်စာအဖြစ် အသုံးပြုမှုများလည်းရှိသည်။
ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်အတွင်း မက်ထရစ်တန် ၃၅၈ သန်းခန့်ရှိခဲ့လေသည်။ အမေရိကန် နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၉ခုနှစ်အတွင်း ပဲပုပ်ထုတ်လုပ်မှု မက်ထရစ်တန် ၉၆ သန်းခန့် ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ထက် မက်ထရစ်တန် သန်း၂၀ခန့်လျော့နည်းထွက် ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဘရာဇီးနိုင်ငံသည် မက်ထရစ် တန် ၁၂၃ သန်းအထိထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင် နိုင်ခဲ့သည်။ ၎င်းတို့၏နောက်တွင် အာဂျင်တီးနား၊ တရုတ်၊ အိန္ဒိယ၊ ပါရာဂွေး၊ ကနေဒါ၊ မက္ကဆီကိုနှင့် ဥရောပနိုင်ငံ အချို့တို့သည် ပဲပုပ်ထုတ်လုပ်မှု အများဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်သည်။ သို့ရာတွင် ပဲပုပ်ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံတစ်နိုင်ငံတည်းက သုံးစွဲ လျက်ရှိကြောင်း လေ့လာတွေ့ရှိရပေသည်။ တရုတ်နိုင်ငံ သည် ပဲပုပ်ထုတ်လုပ်မှု မက်ထရစ်တန် ၁၂ သန်းခန့် ရှိသော်ငြားလည်း ပဲပုပ်သုံးစွဲမှုမှာ နှစ်စဉ် မက်ထရစ်တန် သန်း ၁၀ဝ ကျော်ရှိနေပေသည်။ ထို့ကြောင့် တရုတ်နိုင်ငံ သည် နှစ်စဉ်ပျမ်းမျှပဲပုပ်တန်ချိန် မက်ထရစ်တန် ၈၈ သန်းခန့်ကို ပြည်ပမှတင်သွင်းလျက်ရှိပြီး အမေရိကန် နှင့် ဘရာဇီးပဲပုပ်တို့၏ ဈေးကွက်ကြီးဖြစ်နေတော့သည်။
ပဲပုပ်စားသောက်ကုန်များ
တရုတ်နိုင်ငံ၏စားသောက်ကုန်များတွင် အရသာ ဖြည့်စွက်စာအဖြစ် ပဲပုပ်ထုတ်ကုန်များကို အသုံးပြုလျက် ရှိကြရာ ပဲပုပ်မှပြုလုပ်သော ပဲငါးပိ၊ ပဲငံပြာရည်၊ ပဲပုပ်ဆီ၊ ပဲနို့၊ ပဲနို့မှုန့် စသည့်ထုတ်ကုန်များကို စားသောက်မှု အလေ့အထများစွာတွေ့ရပေသည်။ ထို့အပြင် ပဲပုပ်ဆီ ကြိတ်ရာမှ ထွက်ရှိသော ပဲပုပ်ဆီကြိတ်ဖတ်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်လျက်ရှိပါသည်။ အထူးသဖြင့် ပဲပုပ်ကြိတ်ဖတ်ဖြင့်ပြုလုပ်သော အသားတုများ နှင့် မုန့်အမျိုးမျိုးတို့သည် ဘာသာရေးဆိုင်ရာ အယုံအကြည် ရှိသည့် သက်သတ်လွတ်သမားများနှင့် ကလေးသူငယ်များ၊ စားသောက်ဆိုင်များတွင် ရေပန်းစားလျက်ရှိပါသည်။
ထို့ကြောင့်တရုတ်နိုင်ငံအနေဖြင့် နှစ်စဉ်ပဲပုပ်လိုအပ်ချက် မြင့်တက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် မက်ထရစ် တန်ချိန် သန်း ၁၂၀ ခန့်လိုအပ်လာမည့် အလားအလာ မြင်တွေ့ရပေသည်။ အဆိုပါပဲပုပ်လိုအပ်ချက်သည် ၂၀၁၈ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်ကိုအထိနာစေသည့် အဓိကအချက်တစ်ချက် ဖြစ်ခဲ့လေသည်။ တရုတ်သံမဏိများကို အမေရိကန်၏ အခွန်နှုန်းထား တိုးမြှင့်မှုကို တန်ပြန်တုံ့ပြန်သည့်အနေ ဖြင့် တရုတ်နိုင်ငံကလည်း ၂၀၁၈ နိုဝင်ဘာလအစောပိုင်း တွင် အမေရိကန်၏ ပဲပုပ်တင်သွင်းမှုအပေါ် ကန့်သတ် မှုများပြုလုပ်ခဲ့သည်။ သို့သော်လည်း ပြည်တွင်းဈေးကွက် တည်ငြိမ်မှုကို ထိန်းချုပ်ရန်အခက်အခဲတချို့ရှိလာခဲ့ပြီး သီးနှံသိုလှောင်ရုံများ အဆင်သင့်မဖြစ်မှုက တရုတ်ကို ပြန်လည်အထိနာစေခဲ့သည်။ တရုတ်နိုင်ငံသည် ပဲပုပ် လိုအပ်ချက်အတွက် ဘရာဇီးနိုင်ငံမှလည်း တင်သွင်း လျက်ရှိပေသည်။ သို့ရာတွင် ဘရာဇီးသည် ပင်လယ်ရေကြောင်း ထွက်ပေါက်အနေဖြင့် တောင်အတ္တလန္တိတ် သမုဒ္ဒရာကိုသာအားထားရပြီး တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတန်ချိန်များစွာ တင်ပို့ရန်အတွက်အဓိကလမ်း နှစ်သွယ်ရှိရာ ပထမတစ်လမ်းမှာ ပနားမားတူးမြောင်းကို ဖြတ်၍ ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းမှ ပို့ဆောင်သော လမ်းဖြစ်ပြီး ဒုတိယလမ်းမှာ အာဖရိကတိုက်ကိုပတ်၍ အိန္ဒိယသမုဒ္ဒရာနှင့် တောင်ပစိဖိတ်လမ်းမှ ပို့ဆောင် သောလမ်းဖြစ်ပေသည်။ တရုတ်နိုင်ငံအတွက် ပနားမား တူးမြောင်းမှ ကုန်စည်များပို့ဆောင်ခြင်းသည် ပိုမိုလွယ်ကူ သော လမ်းဖြစ်သော်လည်း ရေရှည်တွင်ဒေသတွင်း သြဇာ လွှမ်းမိုးချုပ်ကိုင်နိုင်သော အမေရိကန်၏ အရိပ်အကဲကို များစွာ ဂရုပြုရမည်ဖြစ်ပေသည်။
ထို့အတွက် တရုတ် အနေဖြင့် ဘရာဇီးအရှေ့ဘက်ကမ်းခြေနှင့် ပီရူးအနောက်ဘက် ကမ်းခြေအထိ မိုင်ပေါင်း ၃၀ဝဝ ကျော်ကို ရထား လမ်းဖောက်ရန်ကြံရွယ်ထားပြီး ဘရာဇီးနှင့်ပီရူးတို့က လည်း အဆိုပါစီမံကိန်းကိုလက်ခံဖွယ်ရှိသည်။ သို့ရာတွင် အဆိုပါမိုင်ပေါင်း ၃၀ဝ၀ ကျော်၏ ၇၀ရာခိုင်နှုန်းခန့်မှာ အမေဇုန်မိုးသစ်တောဒေသဖြစ်ပြီး သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ပြဿနာများနှင့်ဆက်စပ်ပြီး အမေရိကန်၏ ဖိအားပေးမှုကို ရင်ဆိုင်ရဖွယ်ရှိသည်။ တရုတ်နိုင်ငံ၏ နှစ်စဉ်ပဲပုပ်တင်သွင်းမှု ၆၀ ရာခိုင်နှုန်းခန့်ကို ဘရာဇီးနှင့် အာဂျင်တီးနားတို့ အပါအဝင် တောင်အမေရိကနိုင်ငံများမှ ပေးစွမ်းနိုင်ခြေရှိသည်။ ကျန် ၄၀ ရာခိုင်နှုန်းအတွက် အလားအလာရှိသော နိုင်ငံများမှာ အရှေ့ဥရောပ၊ အာဖရိကနှင့် တောင်အာရှနိုင်ငံများ ဖြစ်နိုင်ဖွယ်ရှိကြောင်း ဟူနန်စိုက်ပျိုးရေးတက္ကသိုလ်မှ ပညာရှင်များက သုံးသပ်ကြပေသည်။
ထိုသို့ကြီးမားသော ပဲပုပ်ဈေးကွက်တည်ရှိနေသည့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်ကတစ်ကြောင်း ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ပါဝင် နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်က တစ်ကြောင်းကြောင့် ကမ္ဘာ့ပဲပုပ်ဈေးကွက်၏ ကုန်သွယ်ရေးဇာတ်ခုံပေါ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်လာနိုင်ဖွယ်ရှိပေသည်။ ထို့အတွက်မြန်မာ့ပဲပုပ်ထုတ်ကုန်များအပေါ် လက်တွေ့ကျကျ သုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန်လိုအပ်ပေသည်။ မြန်မာ့ပဲပုပ်ကဏ္ဍအတွက် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက်များကို စိုက်ပျိုးထုတ်လုပ်ရေးအပိုင်း (Cultivation)၊ ကုန်ချောထုတ်လုပ်ရေးအပိုင်း(Industrial Processing) နှင့် အရည်အသွေးကဏ္ဍဟူ၍ ခွဲခြားနိုင် ပါသည်။
စိုက်ပျိုးထုတ်လုပ်ရေး အပိုင်း
မြန်မာ့ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုအတွက် အကြီးမား ဆုံးစိန်ခေါ်မှုမှာ ပဲပုပ် စိုက်ပျိုးမြေဧကများ နှစ်စဉ်လျော့နည်းလာခြင်းပင်ဖြစ်သည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ယူရရှိသောစာရင်းများအရ နှစ်စဉ်ပဲပုပ်စိုက်ပျိုး မြေဧရိယာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ထို့ကြောင့် ငါးနှစ်တာကာလအတွင်း ပဲပုပ်စိုက်ဧက လေးသောင်းကျော် လျော့နည်းသွားခြင်းမှာ မြန်မာ့ပဲပုပ် ကဏ္ဍအတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ပေသည်။ ထို့အပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရန် လိုအပ်ပေသည်။ အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့တွင်စိုက်ပျိုးလျက်ရှိသော ပဲပုပ်မျိုးများသည် ဆီပါဝင်မှု ပျမ်းမျှ ၃၅ ရာခိုင်နှုန်းခန့်ရှိပြီး လက်ရှိစိုက်ပျိုးလျက်ရှိသော မြန်မာ့ပဲပုပ်မျိုးများသည် ၁၂-၃၀ အကြားသာရှိပါသည်။ ထို့ကြောင့် ပဲပုပ်ဆီထုတ် လုပ်နိုင်ရန် ဆီထွက်နှုန်းမြင့်မားသောမျိုးများကို ရွေးချယ် စိုက်ပျိုးသင့်ပါသည်။ မြန်မာ့ပဲပုပ်မျိုးများ၏ တစ်ဧက အထွက်နှုန်းများကို တရုတ်နှင့်ဘရာဇီးနိုင်ငံများမှ ပဲပုပ် မျိုးကွဲများ၏ အထွက်နှုန်းများနှင့် အောက်ပါအတိုင်း နှိုင်းယှဉ်လေ့လာနိုင်ပါသည်-
ပဲပုပ်အထွက်နှုန်းသည် စိုက်ပျိုးရာဒေသ၏ ရေမြေသဘာဝနှင့်များစွာသက်ဆိုင်ပါသည်။ ပဲပုပ်သည်ပန်းပွင့်သည့်အချိန်တွင် နေ့တာတို၍ ညတာရှည်မှုကို နှစ်ခြိုက်ပါသည်။ ညအချိန်တွင် ပဲပုပ်အပင်၏အရွက်ရှိရောင်ခြယ် အစိတ်အပိုင်းတို့သည် Photoisomerization ဖြစ်စဉ်ဖြစ် ပေါ်လေ့ရှိပါသည်။ ညအပူချိန် ၂၁ အောက်လျော့နည်းပါက Photoisomerization ကို ပိုမိုလွယ်ကူလျင်မြန်စွာဖြစ်ပေါ် စေပါသည်။ အဆိုပါဖြစ်စဉ်သည် အပင်၏ပန်းပွင့်နှုန်းကို မြင့်တက်စေနိုင်ပါသည်။ ထို့အတူအသီးတောင့် ဖြစ်ထွန်း မှုနှုန်းကို ပိုမိုအားကောင်းစေနိုင်သောကြောင့် အထွက်နှုန်း ပိုမိုတိုးတက်စေပါသည်။
ကုန်ချောထုတ်လုပ်ရေးအပိုင်း
မြန်မာ့ပဲပုပ်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဈေးကွက်နှင့်တန်ဖိုးကွင်းဆက် သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ် ပါသည်။ ကမ္ဘာ့ပဲပုပ်ဈေးကွက်နှင့် ပတ်သက်၍ သက်ဆိုင်ရာအသင်းအဖွဲ့များသည် ဈေးကွက်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်၍ မျက်ခြည်မပြတ် ဆောင်ရွက်ရန် လိုအပ်ပေသည်။ ထို့အတူ ပဲပုပ်စားသုံးမှု တန်ဖိုးကွင်းဆက်တစ်လျှောက် အစားအစာပြင်ဆင် ထုတ်လုပ်မှု နည်းလမ်းများကို ရှာဖွေ ၍ ဒေသအတွင်း ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည် ဖြစ်ပေသည်။ ဥပမာအားဖြင့် ပဲပုပ် ကုန်ကြမ်းမက်ထရစ်တန် တစ်တန်လျှင် FOB ဈေးနှုန်းအရ အမေရိကန်ဒေါ်လာ ၃၇၀ ဝန်းကျင်ခန့်ရှိသော်လည်း ပဲပုပ်ဆီထုတ်လုပ်ရာမှ ရရှိသော ကြိတ်ဖတ် (ဝါ) ဆီဖယ် ထားသော ပဲပုပ်ကြိတ်ဖတ် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၀ ကျော်ရှိပါသည်။ ပဲပုပ်ဆီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၂၀ ဝန်းကျင်ခန့်ရှိနိုင်ပါသည်။ ထို့ကြောင့် ဆီထွက်နှုန်းအနိမ့်ဆုံး ၁၅ရာခိုင်နှုန်းရှိသော ပဲပုပ်တစ်တန်ကို ပဲပုပ်ဆီထုပ်လုပ်ပါက ၁၂၃ ဒေါ်လာနှင့် ညီမျှသော ပဲပုပ်ဆီနှင့် ၂၉၈ ဒေါ်လာနှင့်ညီမျှသော ကြိတ်ဖတ်ကို ရရှိနိုင်မည်ဖြစ်ရာ စုစုပေါင်း ၄၂၁ ဒေါ်လာ နှင့်ညီမျှသော ငွေကြေးပမာဏကို ရရှိနိုင်ပါသည်။ အဆိုပါ ပမာဏသည် အနိမ့်ဆုံးတွက်ချက်မှုဖြစ်ပြီး ကုန်ကြမ်း တစ်တန်ရောင်းရငွေထက် ၅၁ ဒေါ်လာ ပိုမို များပြားကာ ပဲပုပ်အရည်အသွေးနှင့် ထုတ်လုပ်မှု နည်းပညာအပေါ် မူတည်၍ ငွေကြေးပိုမို မြတ်စွန်းနိုင်ပါသည်။
ပဲပုပ်သည် Isoflavones နှင့် Phospholipids ကဲ့သို့သော ဆေးဝါးသိပ္ပံသုံး အော်ဂဲနစ်ဒြပ်ပေါင်းများ ကြွယ်ဝစွာ ပါဝင်သည့်အတွက် လူ့ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနိုင်ပါသည်။ အဆိုပါအော်ဂဲနစ် ပစ္စည်းများသည် လူနေမှုဘဝအတွက် နေ့စဉ်လိုအပ်ချက်များ ရှိနေသည်ဖြစ်ရာ ဥရောပနိုင်ငံများ၊ တရုတ်၊ အိန္ဒိယ နှင့် ဂျပန်ကဲ့သို့သော နိုင်ငံများတွင် ပဲပုပ်ကိုအသုံးပြု၍ များစွာထုတ်လုပ်လျက်ရှိပါသည်။ အနာဂတ်တွင် ပြည်ပမှ နည်းပညာနှင့် အရင်းအနှီးများဖြင့် အဆိုပါထုတ်ကုန် များထုတ်ယူနိုင်စွမ်းရှိစေရန် ကြိုးပမ်းဆောင်ရွက်နိုင် ပါက တိုင်းပြည်အတွက် ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ပေသည်။
အရည်အသွေးကဏ္ဍ
မြန်မာ့ပဲပုပ်တင်ပို့မှုသည် နှစ်စဉ်သိသာထင်ရှားစွာတိုးတက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် ပဲပုပ်တန်ချိန် ၁၇၀ဝ ကျော်သာတင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် တန်ချိန် ၂၀ဝဝ ကျော်အထိ တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၀ဝ၀ ကျော်ဆက်လက် တင်ပို့နိုင်ခဲ့ပြီး ပြည်ပဈေးကွက်၏ဝယ်လိုအားမှာ သိသာ ထင်ရှားစွာတိုးတက်လာပါသည်။ တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲအကျိုးဆက်အဖြစ် တရုတ်နိုင်ငံ၏ ပဲပုပ်လိုအပ်ချက် မြင့်မားမှုကြောင့် မြန်မာ့ပဲပုပ်တင်ပို့မှုတိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း တစ်ဖက်တွင် လည်း အိန္ဒိယနိုင်ငံသို့ ပဲပုပ်တန်ချိန် ၃၀ဝဝ ခန့် ပင်လယ် ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပေသည်။
ပဲပုပ်၏ အရည်အသွေးကဏ္ဍသည် ကုန်ကြမ်းအတိုင်း ထုတ်လုပ်တင်ပို့ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း နှစ်ပိုင်းစလုံးနှင့် သက်ဆိုင်လျက်ရှိပါသည်။ ထို့ကြောင့် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် အထွက်ကောင်းသောမျိုးများကို သတ်မှတ်စိုက်ပျိုးရန် လိုအပ်သကဲ့သို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) နည်းစနစ်များဖြင့်လည်း စိုက်ပျိုးထုတ်လုပ် သင့်ပါသည်။ ထို့အပြင် ပဲပုပ်တွင် မရိတ်သိမ်းမီ ကျရောက် တတ်သော ရောဂါများနှင့် ရိတ်သိမ်းချိန်လွန် လေလွင့် ဆုံးရှုံးမှုများအတွက် သက်ဆိုင်ရာဌာနများမှ နည်းပညာ ဆိုင်ရာအကူအညီနှင့် လေ့လာသုံးသပ်မှုများဆောင်ရွက် ပေးရမည်ဖြစ်ပေသည်။ ယခုအခါ မြန်မာ့ပဲပုပ်၏ အရည်အသွေးစံချိန်စံညွှန်းမူကြမ်းကို စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီက ရေးဆွဲထားပြီးဖြစ်ပါသည်။ ဆက်လက်၍ နိုင်ငံတကာဈေးကွက်အတွင်း မြန်မာ့ပဲပုပ်မျိုးများ ဝင်ဆံ့နိုင်ရန် အရည်အသွေးနှင့်ဈေးကွက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လှုပ်ရှားမှုများကို သက်ဆိုင်ရာ Stake Holder များပူးပေါင်း၍ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ ။
မောင်မောင် (MOC)


