ထွန်းသစ်စ

ကမ္ဘာတစ်ဝန်း ကိုဗစ် - ၁၉ ကူးစက်ခံရသူအရေအတွက်ဟာ အခုဆိုရင် ၁၅ သန်း ကျော်လွန်လာပြီဖြစ်ပါတယ်။ အဲဒီထဲကမှ လေးပုံတစ်ပုံကျော်လောက်ဟာ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားလျက် ရှိပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုဗစ် - ၁၉ ကပ်ရောဂါဟာ ပြန်လည်မကောင်းမွန်လာခင် အခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ သတိပေးထားပါတယ်။

 

တစ်နည်းနည်းနဲ့ ကွယ်ပျောက်သွားမယ်

အမေရိကန်ရဲ့ ကိုဗစ် - ၁၉ ကြောင့် သေဆုံးမှုအရေ အတွက် ၁၄၀၀၀၀ ကျော်လွန်လာတယ်ဆိုတဲ့ ကိန်းဂဏန်း ဖော်ပြမှုဟာ နှစ်မြို့စရာ မကောင်းလှပါဘူး။ ထို့အတူ နေ့စဉ် သေဆုံးသူ အရေအတွက်ဟာလည်း ၁၀၀၀ ကျော်လွန်လျက်ရှိပါတယ်။ သို့သော်လည်းပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီဗိုင်းရပ်စ်ဟာ ဘယ်နည်းနဲ့မဆို တစ်နည်းနည်းနဲ့တော့ ကွယ်ပျောက်သွားမှာပဲလို့ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကန့်သတ်ပိတ်ဆို့မှု လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်သူတစ်ယောက်လည်း ဖြစ်သလို ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူအရေအတွက် မြင့်တက်နေသည့်တိုင် စီးပွားရေးပြန်လည်ဖွင့်လှစ်ရေးကို ဦးစား ပေးလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုများနဲ့လည်း ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။


တစ်ကျော့ပြန်ဖြစ်ပွားလာ
ကမ္ဘာ့ တချို့အစိတ်အပိုင်းတွေမှာ ကိုဗစ်- ၁၉ ကို ကန့်သတ်ထိန်းချုပ်ဖို့ ချမှတ်ထားတဲ့ အသွားအလာကန့်သတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်တယ်ဆိုရင်ပဲ ကိုဗစ် - ၁၉ ဟာ လျင်လျင်မြန်မြန်နဲ့ တစ်ကျော့ပြန်လည်ဖြစ်ပွားလာတယ်ဆိုတဲ့ လက္ခဏာတွေကို တွေ့မြင်ခဲ့ရပါတယ်။
ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံ မြို့တော် တိုကျိုတို့မှာ ကိုဗစ် - ၁၉ စတင်ဖြစ်ပွားလာကတည်း က ဗိုင်းရပ်စ်ကို အောင်မြင်စွာ တားဆီးထိန်းချုပ်နိုင်ဖို့ ဖြစ်နိုင် သမျှသော တင်းကျပ်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြပါတယ်။ သို့သော်လည်း သူတို့ဟာ ကိုဗစ် - ၁၉ တစ်ကျော့ပြန် ဖြစ်ပွား လာခြင်းကို မလွန်ဆန်နိုင်ခဲ့ပါဘူး။
ဩစတြေးလျနဲ့ ဟောင်ကောင်တို့ဟာ ဇူလိုင် ၂၂ ရက်က နေ့စဉ် ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှု စံချိန်တင်ခဲ့ပါတယ်။ တိုကျိုအုပ်ချုပ်ရေးမှူးဟာ ကိုဗစ် - ၁၉ ကူးစက်မှုတွေ မြင့်တက် လာတဲ့အတွက် သူ့ရဲ့ဒေသခံတွေကို အိမ်မှာပဲ နေထိုင်ကြဖို့ တိုက်တွန်းပြောကြားထားပါတယ်။


ဘယ်လ်ဂျီယံအရာရှိတွေက ကိုဗစ် - ၁၉ ရောဂါကို တားဆီး ဖို့ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ရမယ့် စည်းကမ်းတွေကို လိုက်နာရမယ်လို့ ပြောကြားလိုက်ပါတယ်။ သူဟာ ကိုဗစ် - ၁၉ ရောဂါကို တောင်တွေကိုတောင် ပြိုကျစေနိုင်တဲ့ နှင်းဘောလုံးဖြစ်စဉ်အဖြစ် တင်စားလိုက်ပါ တယ်။


သို့သော်လည်း ကိုဗစ် - ၁၉ ကူးစက်ပြန့်ပွားမှုကို တားဆီး ရာမှာ အငြင်းပွားစရာကောင်းတဲ့ ဆောင်ရွက်ချက်တစ်ခုကတော့ တောင်အာဖရိကရဲ့ အရက်ရောင်းချခြင်းတွေကို တားမြစ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ညမထွက်ရအမိန့်တွေ ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ သို့သော်လည်း ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှုဟာ ရပ်တန့်သွားတယ်လို့မရှိဘဲ ပိုလို့တောင်ဆိုးလာပါတယ်။


အလုပ်လက်မဲ့သန်းချီမြင့်တက်
ကိုဗစ် - ၁၉ ရောဂါကြောင့် ကမ္ဘာတစ်ဝန်း အလုပ်လက်မဲ့ ဖြစ်ပွားမှုဟာ သန်းချီမြင့်တက်လာခဲ့ပါတယ်။ ကိုဗစ် - ၁၉ ဟာ ကမ္ဘာ့ကုန်သွယ်ရေးကိုလည်း ချည့်နဲ့စေခဲ့ပါတယ်။ ဒါကြောင့်ပဲ ယခုသီတင်းပတ်အစောပိုင်းမှာ ဥရောပသမဂ္ဂက ကိုဗစ် - ၁၉ အဆိုးရွားဆုံးခံစားခဲ့ရသောနိုင်ငံများအတွက် ယူရိုဘီလီယံ ၇၅၀ (အမေရိကန်ဒေါ်လာ ၈၅၈ ဘီလီယံ)တန်ဖိုးရှိတဲ့ အကူအညီ ပေးရေးအစီအစဉ်တစ်ခုကို သဘောတူခဲ့ကြပါတယ်။


ထို့အပြင် လေကြောင်းလိုင်း ဝန်ဆောင်မှုကုမ္ပဏီများလည်း နိုင်ငံတကာ ခရီးသွားကန့်သတ်ပိတ်ဆို့မှုတွေကြောင့် အခက် တွေ့နေကြပါတယ်။ လေယာဉ်မှူးများက လုပ်ခလစာဖြတ် တောက်မယ့်အစီအစဉ်ကို ငြင်းဆန်လိုက်ပြီးနောက် အိုင်းရစ် လေကြောင်းလိုင်းရာနာက ဇူလိုင် ၂၂ ရက်တွင် ဖရန့်ဖတ်အနီး မှာရှိတဲ့ ၎င်းရဲ့ဌာနချုပ်ကို ပိတ်လိုက်ပါတယ်။


ကာကွယ်ဆေးတွေ အပြိုင်ဖော်ထုတ်

စီးပွားရေးတွေ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ဖို့နဲ့ ပုံမှန်လူမှုဘ၀ကို ပြန်ရဖို့ ကိုဗစ် - ၁၉ ကာကွယ်ဆေးထုတ်ဖို့ ဆိုတာ အခုဆိုရင် ပိုလို့တောင် အရေးကြီးလာပါပြီ။ ကနဦး ကာကွယ်ဆေးအမျိုးအစားပေါင်း ၂၀၀ လောက်ကို တိုးတက် အောင် ကြံဆတီထွင်နေကြပါတယ်။ အောက်စ်ဖို့ဒ်ကာကွယ်ဆေး ထုတ်လုပ်နေတဲ့အဖွဲ့ကတော့ နီးစပ်လာပြီလို့ ပြောပါတယ်။


အမေရိကန်အစိုးရက ဂျာမနီကုမ္ပဏီဖြစ်တဲ့ ဘိုင်အိုအင်န် တက်ခ်နဲ့ အမေရိကန်ဆေးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ပီဖစ်ဇာ တို့က ထုတ်လုပ်နေတဲ့၊ အလားအလာရှိတဲ့ ကာကွယ်ဆေးအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံပေးဖို့ သဘောတူထားပါတယ်။


နောက်ထပ် ကာကွယ်ဆေးထုတ်လုပ်နေတဲ့ ဆေးဝါးထုတ်လုပ် ကုမ္ပဏီဖြစ်တဲ့ အက်စ်ထရာဇနီကာက စမ်းသပ်မှုတွေပြုလုပ်ပြီး နောက်မှာ အလားအလာကောင်းတွေ ရရှိထားကြောင်း ပြောပါ တယ်။ သို့သော်လည်း ကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူ ပက်စ်ကယ်ဆိုရီရော့က ကမ္ဘာလုံးအနှံ့ဖြန့်ချိဖို့ကတော့ အခု မဖြစ်နိုင်သေးပါဘူးလို့ ပြောပါတယ်။ မိမိတို့အနေဖြင့် အခု နှစ်ကုန်မှာ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါ တယ်။ အခြေအနေတွေအားလုံး ကောင်းမယ်ဆိုရင် ခန့်မှန်း ထားတာထက် စောနိုင်တယ်လို့လည်း ပြောလိုက်ပါတယ်။


ကြိုးစားရုန်းကန်
ကမ္ဘာ့အားကစားကဏ္ဍမှာလည်း ပြန်လည်စတင်ဖို့ ကြိုးစား ရုန်းကန်နေရပါတယ်။ အိုလံပစ်အရာရှိတွေက လာမယ့်နှစ်မှာ ၂၀၂၀ တိုကျိုအိုလံပစ်အားကစားကို ကျင်းပဖို့ မျှော်လင့်ချက် ဟာ ကာကွယ်ဆေးအပေါ် များစွာမူတည်နေတယ်လို့ ပြောလိုက် ပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေတိုင်း ဆက်ဖြစ်နေမယ်ဆိုလို့ ရှိရင် မိမိတို့တွေအနေနဲ့ ဂိမ်းကို မကျင်းပနိုင်သေးဘူးလို့ ဒေသတွင်း စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ယိုရှီရိုမိုရီက ပြောကြား လိုက်ပါတယ်။


ကိုဗစ် - ၁၉ ကို ကာကွယ်တားဆီးနိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးစားအားထုတ်မှုဆိုတာ ဥပဒေချမှတ်သူတွေအနေဖြင့် အရေး ကြီးဆုံးသောကိစ္စ ဖြစ်ပါတယ်။ ကျန်းမာရေးကို ဝန်ပိစေတဲ့ ကူးစက်မြန်ပြင်းထန်တဲ့ ကိုဗစ် - ၁၉ကို မကြာမီအချိန်အတွင်း မှာ အကောင်းဆုံး ရှင်းလင်းပစ်နိုင်ဖို့ မျှော်လင့်လျက်ရှိကြပါတယ်။


အိန္ဒိယမှာလည်း တစ်သန်းကျော်

အိန္ဒိယနိုင်ငံမှာလည်း လွန်ခဲ့တဲ့ သီတင်းပတ်က ကိုဗစ် - ၁၉ ကူးစက်မှုဟာ တစ်သန်းကျော်လွန်လာခဲ့တဲ့အတွက် ဝမ်းနည်းမှု မှတ်တိုင်သစ် စိုက်ထူခဲ့ပြီး ကိုဗစ် - ၁၉ ဖြစ်ပွားမှုမှာ အမေရိကန် နဲ့ ဘရာဇီးနိုင်ငံတို့ရဲ့နောက်ကို ရောက်လာခဲ့ပါတယ်။ သို့သော် လည်း ဇူလိုင် ၂၂ ရက်စာရင်းတွေအရ အဆိုပါကိန်းဂဏန်းဟာ လျော့နည်းတွက်ချက်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


နယူးဒေလီမြို့ရဲ့ လူဦးရေလေးပုံတစ်ပုံလောက်ဟာ ကိုဗစ်- ၁၉ ရောဂါကူးစက်ခံစားနေရပါတယ်။ အရာရှိတွေကတော့ လူပေါင်း ၁၂၅၀၀၀ ခန့် ရောဂါကူးစက်ခံနေရကြောင်း မှတ်တမ်း တင်ခဲ့ပါတယ်။ ကိုဗစ် - ၁၉ ကူးစက်မှုရောဂါမှ ပြန်လည် ကောင်းမွန်လာတဲ့ သူတွေဟာလည်း အရင်အတိုင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာဖို့ဆိုတာ မလွယ်လောက်ဘူးလို့ လေ့လာမှုစစ်တမ်းတစ်ခုက ပြောကြားလိုက်ပါတယ်။


ဘရာဇီးနိုင်ငံမှာလည်း ကိုဗစ် - ၁၉ ကူးစက်မှုဟာ ပိုမို ဆိုးရွားလှပါတယ်။ ဆေးရုံတွေရဲ့ အထူးကြပ်မတ် ကုသဆောင် တွေမှာလည်း လူတွေအပြည့်ပါ။ ပြန်လည် ကောင်းမွန်လာသူ တွေလည်း ပျော်ရွှင်မှုတွေအပြည့်နဲ့ပေါ့။ သို့သော်လည်း စိတ်ချရ တဲ့ အနေအထားမှာ မရှိသေးပါဘူး။ ။


ကိုးကား - အေအက်ဖ်ပီ