၃၁ မတ်
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ နဲ့ပတ်သတ်တဲ့ နောက်ဆုံးရသတင်းများကို စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်။
လူဦးရေ ၇၅၀,၀၀၀ကျော် ကူးစက်ခံရ
ကိုရိုနာဗိုင်းရပ်စ် COVID 19 ဟာ နိုင်ငံ/ ဒေသပေါင်း ၂၀၀ ကို ပျံ့နှံ့သွားတဲ့အတွက် လူပေါင်း ၇၅၇,၉၄၀ ဦး ကူးစက်ခံရပြီး လူပေါင်း ၃၆,၆၇၄ ဦး သေဆုံးခဲ့ကြောင်း မတ် ၃၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဉရောပနိုင်ငံတွေမှာ သေဆုံးသူဟာ ၂၆,၅၄၃ ဦးရှိကြောင်း သိရပါတယ်။
အီတလီနိုင်ငံမှာ ၁၁,၅၉၁ ဦး၊ စပိန်နိုင်ငံမှာ ၇၃၄၀ ဦးသေဆုံးပြီး ပြင်သစ်နိုင်ငံမှာ ၃၀၂၄ဦးသေဆုံးကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ ၃၃၀၄ ဦးသေဆုံးခဲ့ပါတယ်။
ဗြိတိန်တော်ဝင်မင်းသား ချားလ်စ် သီးသန့်နေထိုင်မှုပြီးဆုံး
ဗြိတိန်ထီးနန်းဆက်ခံမယ့် တော်ဝင်မင်းသားချားလ်စ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် သီးသန့်စောင့်ကြည့်ခဲ့ရာမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့အတွက် ပုံမှန်အခြေအနေအတိုင်း နေထိုင်သွားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု ရှိ၊မရှိ စမ်းသပ်ရာ ပိုးမတွေ့ရှိခဲ့ပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သီးသန့်နေထိုင်သွားမယ်လို့ သိရပါတယ်။ နေတန်ညာဟုရဲ့ ဝန်ထမ်းတစ်ဦးမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်က အခုလို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
ကနေဒါနိုင်ငံ ကွေဘက်ရှိ Hasidic ဂျူးအဖွဲ့ဝင် တစ်ချို့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် အဖွဲ့ဝင် ၄၀၀၀ နီးပါးဟာ သီးသန့် နေထိုင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
နယူးယောက်မှာ ဆေးရုံသင်္ဘော ရောက်ရှိ
ကုတင် ၁၀၀၀ ဆန့် ဆေးရုံသင်္ဘော နယူးယောက်ကို ရောက်ရှိလာပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွယ်တဲ့ လူနာတွေကို လက်ခံသွားမယ်လို့ သိရပါတယ်။
အီးဇီးဂျက် လေကြောင်းလိုင်း ရပ်နား
ဗြိတိန်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ အီးဇီးဂျက် လေကြောင်းလိုင်းဟာ ကပ်ရောဂါကြောင့် လုံးဝ ရပ်နားလိုက်ကြောင်း သိရပါတယ်။
ဖော်ပြပါ အချက်အလက်များဟာ မတ်လ ၃၁ ရက်နေ့တွင် ရရှိသော အချက်အလက်များသာဖြစ်ပါတယ်။
MDN
ကိုးကား - AFP


