ရန်ကုန် ၂၅ မတ်
(၂၀၁၉)ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဒဂုံသစ်မြို့နယ် (တောင်ပိုင်း) မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက Global TB report (2018) အရ တီဘီရောဂါသည် ကမ္ဘာတွင် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ ၃၀ တွင် ပါဝင်နေသဖြင့်စာရင်းတွင် မပါရှိအောင် ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ Global TB Report (2018) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် အတွင်း လူဦးရေတစ်သိန်းတွင် တီဘီရောဂါဖြစ်ပွားသူ ၃၅၈ ဦးရှိပြီး ၂၀၁၈ ခုနှစ် တီဘီ/ အိတ်ချ်အိုင်ဗွီစစ်တမ်းအရ တီဘီလူနာသစ်များ၏ ၉ ဒသမ ၃ ရာခိုင်နှုန်းသည် အိတ်ချ်အိုင်ဗွီ ကူးစက်နေသည်ကိုတွေ့ရှိရကြောင်း၊ ဆေးယဉ်ပါး တီဘီစစ်တမ်းအရ တီဘီလူနာသစ်များ ၏ (၅)ရာခိုင်နှုန်းတွင် ဆေးယဉ်ပါးတီဘီ ဖြစ်ပွားလျက်ရှိကြောင်း၊ ရောဂါကာကွယ် တားဆီး နှိမ်နင်းမှုလုပ်ငန်းများသည် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုမရှိဘဲ အောင်မြင်အောင် ဆောင် ရွက်နိုင်မည် မဟုတ်သည့်အတွက် ပြည်သူများ စိတ်ပါဝင်စားပြီး လူထုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့တီဘီရည်မှန်းချက် (End TB) ကို ၂၀၃၅ ခုနှစ်တွင် ပြည့်မီနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော “End TB Strategy” ကို အခြေခံ၍ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး (၅)နှစ်မဟာဗျူဟာစီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး အခြေအနေ များနှင့် ကိုက်ညီသော မဟာဗျူဟာများကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်း ၃၀ နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ပြင်ပအထွေထွေရောဂါကုဆရာဝန် ၂၄၀ဝ ခန့်လည်း တီဘီရောဂါတိုက်ဖျက်ရေးတွင် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ တီဘီရောဂါဖြစ်ပွားမှု စာရင်းဇယားများရရှိမှသာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်သဖြင့် တီဘီရောဂါဖြစ်ပွားမှု မဖြစ်မနေ သတင်းပေးပို့ရေး (Mandatory TB Case Notification)အတွက် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ကြော်ငြာစာထုတ်ပြန်ခဲ့ပြီး ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများ၊ ပုဂ္ဂလိကဓာတ်ခွဲခန်းများမှ တီဘီရောဂါဖြစ်ပွားမှုများကို မဖြစ်မနေသတင်းပေးပို့ရန် လိုအပ်ကြောင်း။
နိုင်ငံတော်အစိုးရမှ တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ၁၉၉၅ - ၁၉၉၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၄ သန်း ခွင့်ပြုသုံးစွဲခဲ့ရာမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၅၅၆၈ သန်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၄၂၄၁ သန်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၄၀ဝ၀ ကျော်ခန့် ခွင့်ပြုပေးခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ အမေရိကန်ဒေါ်လာ ၁၉ သန်းနှင့် 3MDG အဖွဲ့မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းတို့ကို ပံ့ပိုးပေးခဲ့ကြောင်း၊ အဆိုပါ ဘဏ္ဍာငွေနှင့် ရန်ပုံငွေများကို စနစ် တကျ အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အမှာစကား ပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၏ သဝဏ်လွှာကို ဖတ် ကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတီဘီအသင်း နာယက ပါမောက္ခဒေါက်တာကျော်မြင့်က တီဘီရောဂါတိုက်ဖျက်ရေးလှုပ်ရှားမှုနှင့် USAID အဖွဲ့မှ Mission Director Ms. Teresa McGhie က အဖွဲ့၏ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပံ့ပိုးကူညီမှုများကို ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တီဘီရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် တက်ကြွလှုပ်ရှားမှု ထူးချွန်ဆုရမြို့နယ်များနှင့် ထူးချွန်ဆုရ ဓါတ်ခွဲမှူးများကို ဆုများပေးအပ်ကြပြီး အထိမ်းအမှတ်ပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။
တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျန်းမာရေး ဗဟုသုတတိုးပွားစေ မည့် ပညာပေးပြခန်းများ၊ ကျန်းမာရေးဟောပြောပွဲများ၊ သိလိုရာများကိုမေးမြန်းဆွေးနွေး နိုင်မည့် အစီအစဉ်များ၊ ရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီရောဂါ ရှိ/မရှိ အခမဲ့ဓာတ်မှန်ရိုက် ပေးခြင်းနှင့် အခမဲ့ သလိပ်စစ်ဆေးခြင်း၊ HIV ပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းနှင့် ဖျော်ဖြေ ရေး အစီအစဉ်များကို ယခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော “တီဘီရောဂါကင်းဝေးဖို့၊ ကဏ္ဍပေါင်းစုံလက်တွဲလို့၊ ယနေ့မှစဆောင်ရွက်စို့” ဆောင်ပုဒ်နှင့် အညီ ကျင်းပခဲ့သည်။
(သတင်းစဉ်)


