ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ယိပြည်နယ်ရှိ ခရီးသွားလုပ်ငန်းများကို ချေးငွေထောက်ပံ့မည်

ဖနောင်ပင်      နိုဝင်ဘာ      ၁၃

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီရမ်ယိ ပြည်နယ်ရှိ ခရီးသွားလုပ်ငန်းများကို အမေရိကန်ဒေါ်လာ သန်း ၅၀ ချေးငွေထုတ်ပေးမည့် အစီအစဉ်ကို  ဝန်ကြီးချုပ်  ဟွန်မာနက်က နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။

“ကမ္ဘောဒီးယားနိုင်ငံပိုင်   အသေးစားနှင့်   အလတ်စားစီးပွားရေးဘဏ်သည် ဆီရမ်ယိပြည်နယ်ရှိ ခရီးသွားလုပ်ငန်းများအား ကနဦးချေးငွေ အမေရိကန်ဒေါ်လာ  သန်း ၅၀ ထုတ်ပေးမည်”ဟု ဖနောင်ပင်တွင် ကျင်းပသည့်  (၁၉) ကြိမ်မြောက် အစိုးရ- ပုဂ္ဂလိကကဏ္ဍ ဖိုရမ်တွင် ၎င်းက ပြောကြား ခဲ့သည်။ ခရီးသွားလုပ်ငန်းများသည် နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်ရာတွင် အရေးပါသော  အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ဆီရမ်ယိပြည်နယ်တွင် ခရီးသွား ကဏ္ဍ  ပြန်လည်ရှင်သန်လာစေရေး  မဟာဗျူဟာများ ချမှတ်ရန်  လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဆီရမ်ယိပြည်နယ်တွင် ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန် လာစေရန် “Visit Siem Reap 2024” အထူးလှုပ်ရှားမှုကို  စတင်လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ ဆီရမ်ယိပြည်နယ်သည် ယူနက်စကို မှ စာရင်းသွင်းထားသော အမွေအနှစ်များ ဖြစ်သည့် အန်ကောဝပ်ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတည်ရှိရာနေရာဖြစ်ပြီး နိုင်ငံ၏အကျော်ကြားဆုံး ခရီးသွားနေရာလည်းဖြစ်သည်။ ၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ၎င်းရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည်  ယခုနှစ် ပထမဆယ်လအတွင်း နိုင်ငံခြားသားဧည့်သည် ၆၀၂၅၇၀ လာရောက်မှု မှတ်တမ်း ဝင်ခဲ့ပြီး ခရီးသွားလာမှု ၂၅၆ ရာခိုင်နှုန်းတိုးလာကာ ဝင်ခွင့်လက်မှတ်ရောင်းချ မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၈ သန်းနီးပါး ရရှိခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ