ကမ္ဘောဒီးယားနိုင်ငံ၏ အမေရိကန်ဒေါ်လာ ၁၆၃ သန်းတန်ဖိုးရှိ ရေပေးဝေရေးနှင့် သန့်ရှင်းရေးစီမံကိန်းကို ကမ္ဘာ့ဘဏ်က အတည်ပြု

ဖနောင်ပင်   နိုဝင်ဘာ   ၂၂

ကမ္ဘာ့ဘဏ်က ကမ္ဘောဒီးယား နိုင်ငံ၏      ရေပေးဝေရေးနှင့် သန့်ရှင်းရေး  ဝန်ဆောင်မှုများကို ပံ့ပိုး ကူညီရန် အမေရိကန်ဒေါ်လာ ၁၆၃  သန်းတန်ဖိုးရှိ စီမံကိန်းကို အတည်ပြုခဲ့ကြောင်း     ယနေ့ သတင်း ထုတ်ပြန်သည်။

အထောက်အကူပြုမည်

အဆိုပါစီမံကိန်းသည် ပြည်နယ် လေးခုရှိ ရေပေးဝေရေးနှင့် သန့်ရှင်းရေး    ဝန်ဆောင်မှုများ အားကောင်းလာစေရန် အထောက်အကူပြုမည်ဖြစ်သည့်အပြင်  လူဦးရေ ၁၇၅၀၀၀ ကျော်ကိုလည်း အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသား သုံးပုံတစ်ပုံသည် ဘေးကင်းလုံခြုံစွာစီမံထားသော     ရေပေး ဝေမှုကို  ရရှိပြီး ဘေးကင်းလုံခြုံစွာစီမံထားသော မိလ္လာကန်စနစ်ကို   အသုံးပြုခဲ့ရကြောင်း ကမ္ဘာ့ဘဏ် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီပံ့ပိုးကူညီမှုက ကမ္ဘောဒီးယားနိုင်ငံသားအားလုံးအတွက်   မရှိ မဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရရှိစေဖို့   ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို  တည်ဆောက်ရာမှာ အစိုးရကို အထောက်အကူပြုစေမှာဖြစ်ပြီး၊ အထူးသဖြင့် ကျေးလက် ဒေသမှာရှိတဲ့    ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက်   များစွာသော     အကျိုး ကျေးဇူးတွေကို ဆောင်ကျဉ်းပေးမှာပါ”ဟု ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် မန်နေဂျာ   မာယမ်ဆာလင်မ်က ဆိုသည်။

အဆိုပါ ရေပေးဝေရေးနှင့် သန့်ရှင်းရေးဆိုင်ရာ စီမံကိန်းသည် ခြောက်နှစ်ခန့်   ကြာမြင့်မည်ဖြစ်သည်။

ယင်းစီမံကိန်းသည်   ဘေးကင်းသော ရေပေးဝေမှုနှင့် မိလ္လာကန်စနစ်ကို  အဆင့်မြှင့်တင်ရန်၊ ရှိပြီးသား စနစ်များကို    ပြုပြင်ထိန်းသိမ်းမှု  မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုများရေရှည်တည်တံ့ရေးသေချာစေရန်      အစိုးရ၏ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးမည်ဖြစ်သည်။

ဦးစားပေးကဏ္ဍတစ်ခုဖြစ်

ရေပေးဝေမှုကဏ္ဍသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးကို မြှင့်တင်ရန်အတွက် ဦးစားပေးကဏ္ဍတစ်ခုဖြစ်ကြောင်း  ကမ္ဘောဒီးယားစက်မှု၊ သိပ္ပံ၊   နည်းပညာနှင့်  ဆန်းသစ်တီထွင်မှု ဝန်ကြီး    ဟမ်ဗန်ဒီက ပြောကြားသည်။

စက်မှု၊  သိပ္ပံ၊  နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာနသည် ရေပေးဝေရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ပြီး ပို့ဆောင်ရေး ဝန်ကြီးဌာနက  စီမံကိန်းအရ   မြို့ပြ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။     

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အောင်ကျော်ကျော်