ဖနောင်ပင် ဇန်နဝါရီ ၁၂
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံသည့် ကားတာယာစက်ရုံကို ကမ္ဘောဒီးယားနိုင်ငံ အက်ဗေရီအမ် ပြည်နယ်တွင် ဇန်နဝါရီ ၁၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ သတင်းထုတ်ပြန်ချက်အရ သိရသည်။ တရုတ်ကွမ်ကျိုးစက်မှု လုပ်ငန်းရင်းနှီးမြှုပ်နှံမှု အုပ်စု၏ လုပ်ငန်းခွဲဖြစ်သည့် ဝမ်လီတိုင်ယာကုမ္ပဏီ၏ တာယာစက်ရုံသည် ကမ္ဘောဒီးယားနိုင်ငံ ဆန်ဗေဗက် အထူးစီးပွားရေးဇုန်တွင် တည်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် ရွေးချယ်ခဲ့သည့်အတွက် ဝမ်လီတိုင်ယာကုမ္ပဏီအား ကျေးဇူးတင်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဆန်ချန်သောက ပြောကြားသည်။ လက်ရှိအချိန်တွင် စက်ရုံ၏ ပထမအဆင့်လုပ်ငန်းဆောင်ရွက်မှုများကို စတင်နေကြောင်း ၎င်းက ပြောကြားသည်။ ယခုကဲ့သို့ တရုတ်နိုင်ငံမှ လုပ်ငန်းက ကမ္ဘောဒီးယားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ တိုးတက်လာခြင်းကို ပြသနေကြောင်း ၎င်းက ပြောကြားသည်။ စက်ရုံဖွင့်လှစ်ခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင်များရရှိစေမည်ဖြစ်ပြီး နည်းပညာဆိုင်ရာ အကျိုးကျေးဇူးများရရှိမည်ဟု ၎င်းက ပြောကြားသည်။ ဒေသခံရော်ဘာထုတ်လုပ် သူများ၏ လူမှုစီးပွားဘဝများ မြင့်တက်စေရေး အကူအညီပေးမည်ဖြစ်ကြောင်း ဆန်ချန်သောက ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံရှိသည့် ကားတာယာများကို ပြည်ပတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှတ်တမ်းအရ သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


