ကမ္ဘောဒီးယားနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအတွင်း နိုင်ငံခြားသားခရီးသွား ၆၀၂၅၇၀ ဝင်ရောက်

နိုဝင်ဘာ ၂၁

ကမ္ဘောဒီးယားနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလအတွင်း ဒေသနှင့်နိုင်ငံပေါင်း ၁၉၃ ခုမှ နိုင်ငံခြားသားခရီးသွား ၆၀၂၅၇၀ ဝင်ရောက်ခဲ့ရာ လွန်ခဲ့သောနှစ် အလားတူကာလက နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၁၆၉၂၅၇ ဦးရှိရာ ၂၅၆ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့သည်။

ယခုနှစ်ပထမဆယ်လအတွင်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင် တရုတ် နိုင်ငံတို့မှ အန်ကောဝပ်ရှေးဟောင်းသုတေသနပန်းခြံသို့ လာရောက်လည်ပတ်မှု အများဆုံးဖြစ်ကြောင်း နိုင်ငံပိုင်အန်ကောလုပ်ငန်းက ယမန်နေ့က ဖော်ပြထားသည်။ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဆီရမ်ယိအန်ကော နိုင်ငံတကာလေဆိပ်သည် နိုင်ငံခြားသားခရီးသွားများအထူးသဖြင့် တရုတ်နိုင်ငံမှ အန်ကောသို့လာရောက်မည့် ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ အသစ်ဖွင့်လှစ်လိုက်သော ယင်းလေဆိပ်သည် နိုင်ငံ၏ခရီးသွားလုပ်ငန်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်လုပ်ဆောင်မှုတွင် အရေးပါကြောင်းနှင့် နိုင်ငံတကာလေကြောင်းလိုင်းသစ်များကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောကြားသည်။ ၁၉၉၂ ခုနှစ်က ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းခဲ့သော ၄၀၁ စတုရန်းကီလိုမီတာကျယ်ဝန်းသော အန်ကောဝပ်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် နိုင်ငံ၏အကျော်ကြားဆုံးဖြစ်သော ခရီးသွားနေရာဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို