ရန်ကုန် ၁၃ ဧပြီ
ကမ္ဘောဇဘဏ် ရွှေပြည်သာဘဏ်ခွဲ(၁)၌ ငွေလာသွင်းသည့် အမျိုးသမီးတစ်ဦး၏ (၁၅၂)သိန်းပါ ငွေထုပ်လုယက်ခံရ၍ အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေခဲ့ရာ ဧပြီ ၁၂ ရက် ညနေ ၅ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှ သိရသည်။
“ဧပြီ ၁၂ ရက် ညနေက ဖမ်းမိတာပါ။ ရွှေပြည်သာ ၁၆ ရပ်ကွက်က လူငယ်တစ်ယောက်ပဲ၊ ပြီးတော့သူက ဒုတိယနှစ်ကျောင်းသားတစ်ယောက်ပါ။ ငွေက တစ်ချို့တစ်ဝက်ပဲ ပြန်ရတယ်” ဟု အင်းစိန်မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးတင်လတ်က ပြောသည်။
ဖြစ်စဥ်မှာ အင်းစိန်မြို့နယ် တညင်းကုန်းစျေးသစ်ကြီးအနီး ၁၄ လမ်းဆုံ ပုလဲလမ်းမဘေးရှိ လူနေတိုက်တန်း တိုက် A ၏ အစွန်ဆုံးအောက်ထပ်၌ ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ် ရွှေပြည်သာဘဏ်ခွဲ(၁)၌ ငွေလာသွင်းသည့် စက်ရုံတစ်ခုမှ ငွေကိုင်စာရေးမ မမေချိုသွေး (သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ကမာကြည်တံတားအဆင်းလမ်း) နေသူသည် ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဘဏ်သို့ရောက်လာ၍ ငွေသွင်းရန် ကျပ် (၁၅၂) သိန်းပါ ငွေထုပ်အား ဘဏ်ဝင်ပေါက်နှင့် စားပွဲ ၁၀ ပေခန့်အကွာရှိ ဘဏ်ရှေ့စားပွဲပေါ်တွင် ငွေထုပ်တင်ထားပြီး စာရွက်စာတမ်းများ စစ်ဆေးနေစဥ် လမ်းလျှောက်ဝင်လာသည့် အမျိုးသားတစ်ဦးက ရုတ်တရက်ရောက်လာပြီး ငွေထုပ်အား ဆွဲယူထွက်ပြေးကာ ပုလဲလမ်းမဘေး အသင့်ရပ်ထားသော ဆိုင်ကယ်ဖြင့် ပုလဲလမ်းမအတိုင်း ရွှေပြည်သာဘက်သို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
လုယက်ထွက်ပြေးသူ ဆိုင်ကယ်သမားအား ရဲတပ်ဖွဲ့မှ CCTV မှတ်တမ်းများ စစ်ဆေးချက်များနှင့် တိုက်ဆိုင်ကာ ကျူးလွန်သူအား စုံစမ်းရှာဖွေလျက်ရှိရာမှ လှော်ကားဝါးတစ်ရာလမ်းကြီးပေါ်ရှိ CCTV မှတ်တမ်းတွင် လုယက်သွားသူဆိုင်ကယ် ဖြတ်သွားကြောင်း နောက်ဆုံးသိရသဖြင့် ရွှေပြည်သာအမှတ် ၁၆ ရပ်ကွက်နှင့် ၁၇ ရပ်ကွက်များတွင် စောင့်ကြည့်ခဲ့သည်။ ထိုသို့စောင့်ကြည့်ရာမှတစ်ဆင့် တရားခံမှာ အမှတ် ၁၆ ရပ်ကွက် သီတာ ၃ လမ်းတွင်နေထိုင်သော ကိုကိုလွင်ဖြစ်ကြောင်း စုံစမ်းသိရသောကြောင့် ရဲအုပ် ရာဇာမြငြိမ်း ဦးဆောင်သော ရန်ကုန်တိုင်း မှုခင်းအကူနှင့် ဒုစရိုက်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဧပြီ ၁၂ ရက် ညနေ ၅ နာရီက နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးရာ ကိုကိုလွင် (၂၆)နှစ်အား ငွေကျပ်သိန်း ၁၁၀ အား ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့် ထည့်လျက် လည်းကောင်း၊ ပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့သည့် အပြာနှင့် အဖြူရောင် အင်္ကျီလက်ရှည်၊ ပုဆိုးနှင့် စီးနင်းအသုံးပြုသည့် CANDA-125 ဆိုင်ကယ်တို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေများအနက်မှ ငွေကျပ် (၇၉၀၀၀၀) ဖြင့် SMART TURBO STAR ဆိုင်ကယ်အား ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ငွေကျပ် ၁၈ သိန်းအား အကြွေးဆပ်ခဲ့ကြောင်းနှင့် ငွေကျပ် သိန်း ၂၀ အား ချေးထားပြီး ၃ သိန်းအား ဖခင်ဖြစ်သူထံပေးထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံပစ္စည်းများ၊ ငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုကိုလွင်အား အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းနှင့် ပြစ်မှုကျူးလွန်စဉ်က အသုံးပြုသည့် ဆိုင်ကယ်နှင့်ပတ်သက်၍ ဆိုင်ကယ်ပိုင်ရှင်အား ဆက်လက်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)၊ မြင့်ဦး(ရွှေပြည်သာ)


