ကျွမ်းကျင်မှုများ ပေါင်းစပ်အသုံးချခြင်း

သိန်းထွန်း (IR)

လျင်မြန်တဲ့ပြောင်းလဲမှုနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ အောင်မြင်မှုကို နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ ပညာရေးအရည်အချင်း သတ်မှတ်ချက်တွေနဲ့ပဲ ဆုံးဖြတ်ဖို့ မလုံလောက်တော့ပါဘူး။

ကမ္ဘာလုံးဆိုင်ရာ စွမ်းရည်ခေတ်ရေစီးကြောင်းမှာ ဘက်စုံက ကျွမ်းကျင်မှုတွေ လိုအပ်နေပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ အထူးပြုကျွမ်းကျင်မှုတွေနဲ့ ပညာရေးအရည်အချင်းတွေဟာ လုပ်ငန်းအောင်မြင် ဖို့အတွက် အငြင်းပွားစရာမလိုလောက်အောင် အရေးကြီးပါတယ်။ ဒါပေမယ့် လူတစ်ဦးချင်းစီတိုင်းကို သူဘယ်လိုလူလဲလို့ ခွဲခြားသိမြင်နိုင်လောက်ပြီး အောင်မြင်မှုတွေဆီကို တွန်းပို့နိုင်တဲ့ အခြား ကျွမ်းကျင်မှုတစ်ခုကတော့ အဲဒီတစ်ဦးချင်းစီတိုင်းရဲ့ soft skills တွေပါပဲ။ အထူးသဖြင့် ဒီကနေ့ အလုပ်ရှင်တွေအနေနဲ့ လုပ်ငန်းအောင်မြင်မှုရဖို့ရာမှာ မတူညီတဲ့ soft skills တွေအပေါ်မှာ များစွာ အားထားလာနေကြပါပြီ။ ယခင်ကလို လုပ်ငန်းကျွမ်းကျင်မှုတစ်ခုတည်းအပေါ် အားထားလို့မရ တော့ပါဘူး။ Hard skill နဲ့ soft skill နှစ်မျိုးလုံးကို တောင်းဆိုနေကြပါပြီ။

Hard skills တွေက လက်တွေ့ပိုင်းဆိုင်ရာ စွမ်းရည်တွေနဲ့ ကျွမ်းကျင်မှုတွေကို အဓိကထားပြီး soft skills တွေက အပြုအမူပိုင်းဆိုင်ရာနဲ့ ကိုယ်ရည်ကိုယ်သွေးတွေအပေါ်မှာ အဓိကထားပါတယ်။ Hard skills မှာ အထူးပြုကျွမ်းကျင်မှုနဲ့ သင်ကြားပေးနိုင်တဲ့ အရည်အသွေးတွေ ပါပါတယ်။ အဲဒီ hard skills တွေကို အရေအတွက်နဲ့ တိုင်းတာဖော်ပြနိုင်ပါတယ်။ Soft skills တွေကတော့ အချင်းချင်းပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှုတွေ ပါဝင်ပြီး အရေအတွက်နဲ့တိုင်းတာဖော်ပြဖို့ ခက်ခဲ ပါတယ်။

Hard skill နဲ့ soft skill ဟာ မတူညီကြပေမယ့် လုပ်ငန်းခွင်အောင်မြင်ဖို့နဲ့ တစ်ဦးချင်းဘဝ အောင်မြင်ဖို့အတွက်ဆိုရင် အဲဒီကျွမ်းကျင်မှုနှစ်မျိုးလုံးကို တစ်ပြေးညီ လိုအပ်ပါတယ်။ ဒါကြောင့် hard skills နဲ့ soft skills တွေရဲ့ အရေးပါမှုနဲ့ ကွာခြားမှုတွေကို သိနားလည်ထားမယ်ဆိုရင် လုပ်ငန်းခွင်နဲ့ တစ်ဦးချင်းဘဝဟာ အောင်မြင်မှုတွေအတွက် ထိရောက်စွာအသုံးချနိုင်ပါလိမ့်မယ်။

Hard Skills များ

Hard skills တွေဟာ နည်းပညာဆိုင်ရာကျွမ်းကျင်မှုဖြစ်ပြီး သိသာမြင်သာတဲ့ အခြေခံအရည်အသွေး (Tangible Foundations) တွေဖြစ်ပါတယ်။ သိသာထင်ရှားပြီး လုပ်ငန်းခွင်ဆိုင်ရာ အထူးပြုကျွမ်းကျင်မှုတွေဖြစ်ပါတယ်။ အများအားဖြင့် hard skills တွေကို ပုံမှန်ပညာရေး၊ လေ့ကျင့်ရေးပရိုဂရမ်တွေ၊ လုပ်ငန်းခွင်အတွေ့အကြုံတွေကနေ ရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် hard skills တွေထဲမှာဆိုရင် စီမံကိန်း စီမံခန့်ခွဲမှု၊ ဈေးကွက်ရှာဖွေရေး၊ ကွန်ပျူတာကျွမ်းကျင်မှု၊ ဒီဇိုင်းရေးဆွဲမှု၊ တည်းဖြတ်ခြင်း၊ ဘာသာစကားကျွမ်းကျင်မှု၊ စာရင်းကိုင်စတာတွေ ပါဝင်ပါတယ်။ ဒီကျွမ်းကျင်မှုတွေဟာ သီးခြားနယ်ပယ်တစ်ခု ဒါမှမဟုတ် လုပ်ငန်းတစ်ခုအတွက် လူတစ်ယောက်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေဖြစ်တဲ့အတွက် အဲဒီကျွမ်းကျင်မှုတွေကို အလွယ်တကူ တိုင်းတာသတ်မှတ်နိုင်ပါတယ်။

လျင်မြန်စွာပြောင်းလဲတိုးတက်နေတဲ့ ဒီကနေ့ လုပ်ငန်းခွင်နယ်ပယ်အသီးသီးမှာ hard skill ရှိတဲ့ သူတိုင်းအတွက် လိုအပ်ချက်တွေက ပိုပြီးများပြားနေပါတယ်။ အလုပ်ရှင်တွေအနေနဲ့လည်း လုပ်ငန်း ပိုင်းဆိုင်ရာတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ hard skill ကျွမ်းကျင်မှု ရှိတဲ့သူတွေကို ဦးစားပေးလေ့ရှိကြပါတယ်။ ဒါပေမယ့်လို့ hard skill တွေဟာ လုပ်ငန်းတစ်ခုအတွက် မရှိမဖြစ် လိုအပ်တာမှန်ပေမယ့် လုပ်ငန်းတွေ အောင်မြင်ဖို့၊ ရေရှည်တိုးတက်ဖို့နဲ့ ထိထိရောက်ရောက် ဖြစ်ဖို့ဆိုရင် အဲဒီကျွမ်းကျင်မှုတွေနဲ့ပဲ မလုံလောက်တော့ပါဘူး။

ခေတ်မီကမ္ဘာကြီးဟာ အံ့မခမ်းတိုးတက်နေတဲ့အတွက် အရည်အသွေးမြင့် အထူးကျွမ်းကျင်သူ ဖြစ်လာဖို့အတွက် အသိပညာနဲ့ အတွေ့အကြုံဟာ လိုအပ်ပြီးရင်း လိုအပ်လာနေပါတယ်။ မရှိမဖြစ်လိုအပ်တာက လုပ်ငန်းခွင်အတွင်းက ကျွမ်းကျင်သူတွေဟာ သူတို့ရဲ့ hard skills တွေကို မြှင့်တင်ရင်း သူတို့ရဲ့အသိပညာတွေကို ပိုမိုနက်ရှိုင်းအောင် ကြိုးစားနေရခြင်းပါပဲ။ ဥပမာအားဖြင့် ပရိုဂရမ်ရေးဆွဲသူတစ်ယောက်ဟာ ပရိုဂရမ်အသစ်တွေ ရေးဆွဲနိုင်ဖို့အတွက် အသစ်တိုးတက်မှုတွေနဲ့အညီ သူရဲ့နည်းပညာဆိုင်ရာ အသိပညာတွေကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးဖို့လိုသလိုပါပဲ။ 

Soft Skills များ

soft skills တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေးကျမ်းကျင်မှု ဒါမှမဟုတ် လူသားစွမ်းရည်တွေဖြစ်ပြီး တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပရော်ဖက်ရှင်နယ်တိုးတက်ဖို့အတွက် အခြေခံ ကျောရိုးတွေ ဖြစ်ကြပါတယ်။ အဲဒီအရည်အသွေးတွေဟာ မမြင်နိုင်တဲ့အရည်အသွေးတွေဖြစ်ကြပြီး အခြားသူတွေနဲ့ ဆက်ဆံရာမှာ ဘယ်လိုပြုမူဆောင်ရွက်ရမယ်၊ လူမှုဆက်ဆံရေးနဲ့ ပရော်ဖက်ရှင်နယ်နယ်ပယ်အမျိုးမျိုးမှာ ဘယ်လိုကျင့်ကြံနေထိုင်ရမယ်ဆိုတဲ့ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံး အကျုံး ဝင်ပါတယ်။ Hard skills တွေနဲ့မတူညီတာက soft skills တွေဟာ မတူညီတဲ့နယ်ပယ်တွေနဲ့ လုပ်ငန်းတွေမှာ ပြောင်းလဲအသုံးပြုလို့ရတဲ့အတွက် ဘယ်လိုလုပ်ငန်းအခြေအနေမှာပဲဖြစ်ဖြစ် အလွန်တန်ဖိုးရှိ အသုံးဝင်တဲ့ အရည်အသွေးတွေဖြစ်ပါတယ်။

Soft skills တွေထဲမှာဆိုရင် ပြောဆိုဆက်ဆံမှု၊ အချိန်စီမံခန့်ခွဲမှု၊ ဝေဖန်ပိုင်းခြားစဉ်းစားတတ်မှု၊ စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်၊ တက်ကြွစွာ နားထောင်တတ်မှု၊ ကိုယ်ကျင့်သီလ၊ ဆွဲဆောင်စည်းရုံးမှု၊ အားထားယုံကြည်ရမှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ ခေါင်းဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စေ့စပ်ညှိနှိုင်းမှု၊ ဂုဏ်သိက္ခာ၊ ခံနိုင်ရည်ရှိမှု၊ လိုက်လျောညီထွေရှိမှု စတဲ့ကျွမ်းကျင်မှု အရည်အသွေးတွေ ပါဝင်ပါတယ်။ အခြား soft skills တွေလည်း ရှိပါသေးတယ်။ အဲဒီ soft skills တွေ ဟာ လူတစ်ဦးရဲ့ နှလုံးရည်ပြည့်ဝတဲ့ အရည်အသွေးတွေလို့လည်း ဆိုနိုင်ပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ အဲဒီလို soft skills တွေ အားနည်းလာရင် ဦးဆောင်မှု၊ ကျင့်ဝတ်လိုက်နာမှု၊ ကိုယ်ချင်းစာစိတ်၊ ပူးပေါင်းလုပ်ဆောင်မှုစတဲ့ အရည်အသွေးတွေ ကျဆင်းစေပါတယ်။ ဒါဟာ လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုရဲ့ လတ်တလောလုပ်ငန်းထိရောက်မှု၊ အောင်မြင်မှုတွေကို ထိခိုက်စေတဲ့အပြင် ရေရှည်ရပ်တည်နိုင်မှုအပေါ်ကိုပါ ထိခိုက်စေပါတယ်။ လူတစ်ဦးချင်းစီအနေနဲ့ကြည့်ရင် Soft skill အားနည်းတဲ့သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝတွေမှာ ကိုယ်ရည်ကိုယ်သွေး အားနည်းစေပါတယ်။

အခုဆိုရင် အလိုအလျောက်စနစ် (automation) နဲ့ ဉာဏ်ရည်တု (AI) တွေ တိုးတက်နေတာကြောင့် လုပ်ငန်းခွင်အခြေအနေ အဆက်မပြတ် ပြောင်းလဲနေတဲ့အတွက် soft skills တွေ ပိုပြီးလိုအပ်လာနေပါတယ်။ World Economic Forum ရဲ့ Future of Jobs Report အရ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး၊ တီထွင်ဖန်တီးနိုင်မှုနှင့် ဝေဖန်ပိုင်းခြားတွေးခေါ်မှုတို့လို စွမ်းရည်တွေဟာ ဒစ်ဂျစ်တယ်ခေတ်မှာ ပိုပြီးတန်ဖိုးရှိလာတယ်လို့ ဆိုပါတယ်။

အဲဒီစွမ်းရည်တွေကို လူသားတွေသာ ထူးထူးခြားခြားပိုင်ဆိုင်ထားကြပြီး အဲဒီစွမ်းရည်တွေကို စက်တွေနဲ့ အလွယ်တကူ ပုံတူကူးလို့ မရနိုင်ပါဘူး။ ဒါကြောင့် နည်းပညာတွေနဲ့ မောင်းနှင်နေတဲ့ ကမ္ဘာကြီးမှာ soft skills တွေက မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့်လည်း ခေတ်သစ်လုပ်ငန်းခွင်တွေရဲ့ တောင်းဆိုမှုတွေမှာ soft skills တွေကို အလေးထား ဆန်းစစ်ခေါ်ယူလာကြခြင်းပါပဲ။ လုပ်ငန်းခွင်အတွင်း ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်မှု၊ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနဲ့ လုပ်ငန်းခွင်ဆိုင်ရာ စိန်ခေါ်မှုနဲ့ ရှုပ်ထွေးမှုတွေကို ကိုင်တွယ်ဖြေရှင်းရေးတွေမှာ အဲဒီအရည်အချင်းတွေ မပါမဖြစ် လိုအပ်နေပါပြီ။ ဒါကြောင့်လည်း လုပ်ငန်းခွင်အတွင်းမှာ hard skills တွေက သင့်ရဲ့နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ဖော်ပြနေပြီး soft skills တွေက တော့ သင်ဘယ်လိုလူစားမျိုးလဲဆိုတာကို ဖော်ပြနေတယ်လို့ ဆိုကြပါတယ်။

ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုနှင့် soft skills များ၏ အရေးပါမှု

နည်းပညာနဲ့ ပညာရေးဆိုင်ရာတိုးတက်မှုတွေ ပိုမိုမြင့်မားလာတဲ့ကမ္ဘာကြီးမှာ အချို့လည်း soft skills တွေရဲ့အရေးပါမှုကို လျစ်လျူရှုထားကြဆဲပါ။ ဒါဟာ soft skills တွေရဲ့ တန်ဖိုး၊ အရေးပါမှုနဲ့ အသုံး ဝင်မှုကို နားမလည်လို့လည်း ဖြစ်နိုင်ပါတယ်။ soft skills တွေဟာ လုပ်ငန်းခွင်အတွက်မှ လိုအပ်တာ မဟုတ်ပါဘူး။ လူတစ်ဦးချင်းရဲ့ လူမှုပေါင်းသင်းဆက်ဆံရေး၊ စိတ်ခံစားမှုဆိုင်ရာစွမ်းရည်စတဲ့ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။

တစ်ခါတစ်ရံ တွေ့ဖူးကြပါလိမ့်မယ်။ အချို့သူတွေဟာ သူတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်လို့ အထူးကျွမ်းကျင်ကြတယ်၊ ဒါပေမယ့်လည်း soft skill ပိုင်းမှာ အားနည်းကြတဲ့အတွက် ကိုယ်ပိုင်လုပ်ငန်းမှာတောင် တိုးတက်သင့်သလောက် မတိုးတက်ကြပါဘူး။ လူမှုဆက်ဆံရေးကျွမ်းကျင်မှုဆိုရင် ကိုယ့်ဘဝတိုးတက်မှု၊ လုပ်ငန်းခွင်နဲ့ လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွေမှာ မရှိမဖြစ် လိုအပ်ပါတယ်။ National Association of Colleges and Employers (NACE) ရဲ့ လေ့လာမှုတစ်ခုအရဆိုရင် အလုပ်ရှင်တွေလိုချင်တဲ့ ထိပ်တန်းအရည်အသွေးတွေထဲမှာ လူမှုဆက်ဆံရေးကျွမ်းကျင်မှုက အမြဲတမ်း ဦးစားပေးအဆင့်မှာရှိတယ်လို့ ဆိုပါတယ်။

ထိရောက်တဲ့ လူမှုဆက်ဆံရေးကျွမ်းကျင်မှုမှာ ကိုယ့်ရဲ့အတွေးအမြင်တွေကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရုံသာမကပဲ တက်ကြွစွာ နားထောင်တတ်ခြင်း၊ ကိုယ်ချင်းစာတရားနဲ့ အပြုအမူဆိုင်ရာတွေကို နားလည်နိုင်တာတွေပါပါတယ်။ ဒီအရည်အသွေးတွေကို ကျွမ်းကျွမ်းကျင်ကျင် ကျင့်သုံးနိုင်မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်နိုင်မယ်၊ ပဋိပက္ခတွေကို ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်မယ်။ ဒါတွေဟာ လုပ်ငန်းခွင်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝ၊ ပရော်ဖက်ရှင်ဘဝအတွက်ပဲ ဖြစ်ဖြစ် တန်ဖိုးဖြတ်မရတဲ့ အရည်အသွေးတွေပါ။ ဒါ့အပြင် ခေါင်းဆောင်မှုအရည်အသွေး မြှင့်တင် ရာမှာ soft skills တွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အစီရင်ခံစာအရ ခေါင်းဆောင်နိုင်မှု၊ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး (EQ)နဲ့ လူမှုရေးဆိုင်ရာ လွှမ်းမိုးနိုင်မှု အရည်အသွေးဟာ လုပ်ငန်းခွင်တိုးတက်ဖို့အတွက် အထူးလိုအပ်တယ်လို့ဆိုပါတယ်။ ထိရောက်တဲ့ ခေါင်းဆောင်တွေဟာ ရည်မှန်းချက်တွေအောင်မြင်ဖို့ အခြားသူတွေကို လှုံ့ဆော်နိုင်စွမ်း၊ စိတ်ဓာတ်တက်ကြွစေမှုနဲ့ လမ်းညွှန်မှုတွေပေးနိုင်တဲ့အပြင် ကိုယ်ချင်းစာတရား၊ လိုက်လျောညီထွေရှိမှု၊ ခံနိုင်ရည်ရှိမှုစတဲ့ အရည်အချင်းတွေကိုလည်း ပိုင်ဆိုင်ကြပါတယ်။ ဒါကြောင့် တိုးတက်အောင်မြင်လိုသူတွေအနေနဲ့ ခေါင်းဆောင်မှုနဲ့ စိတ်ခံစားမှုဉာဏ်ရည်တွေကို ပြုစုပျိုးထောင်ပြီး ကျင့်သုံးနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ထူးချွန်ထက်မြက်စေရုံ သာမကပဲ လူမှုအသိုက်အဝန်းနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကြီးမားတဲ့ ဩဇာလွှမ်းမိုးမှု ရရှိစေပါတယ်။

တစ်ဦးချင်းအနေနဲ့ကြည့်ရင်လည်း soft skill တွေဟာ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝရဲ့ စိတ်၊ အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်နဲ့ စာနာ နားလည်စိတ်တွေနဲ့ ဆက်နွှယ်နေတာမို့လို့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာရရှိဖို့အပြင် ဘဝရဲ့ အခက်အခဲ၊ စိတ်ဖိစီးမှု၊ စိန်ခေါ်မှု စတာတွေကို ခံနိုင်ရည်ရှိဖို့ အဲဒီစွမ်းရည်တွေ လိုအပ်ပါတယ်။ ကိုယ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးတာတွေကို စီမံခန့်ခွဲဖို့၊ ခံနိုင်ရည်တည်ဆောက်ဖို့နဲ့ စိတ်ခွန်အားမြှင့်တင်ရာမှာ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးရဲ့အခန်းကဏ္ဍဟာ အရေးပါကြောင်း အမေရိကန် စိတ်ပညာအသင်းကြီးက ဆိုပါတယ်။

စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူတွေမှာ မိမိကိုယ်ကိုသတိရှိမှု၊ ထိန်းချုပ်မှုနဲ့ ကိုယ်ချင်းစာမှုတွေရှိနေကြပြီး သူတို့ဟာ စိန်ခေါ်မှုတွေနဲ့ ကျရှုံးမှုတွေကို ရင်ဆိုင်နိုင်တဲ့သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ခံနိုင်ရည်ရှိမှုကို ပြုစု ပျိုးထောင်ခြင်းဟာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခကိုရရှိစေပြီး အပြုသဘောဆောင်တဲ့ လူမှုဆက်ဆံရေး ထူထောင်နိုင်တဲ့အတွက် အခက်အခဲတွေကြားမှာ ရှင်သန်ရပ်တည်နိုင်ပါတယ်။

အရေးပါသည့် Hard Skills နှင့် Soft Skills များ၏ဟန်ချက်ညီမှု

အမေရိကန်စာရေးဆရာ၊ နိုင်ငံရေးအတိုင်ပင်ခံ ဖြစ်တဲ့ ပက်ဂီကလော့စ်က “Hard skills ဆိုတာက အလုပ်အတွက်လိုအပ်တဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနဲ့ လက်တွေ့ကျတဲ့ အသိပညာတွေကို ဆိုတာပါ၊ Soft skills တွေကတော့ အဲဒီနည်းပညာဆိုင်ရာကျွမ်းကျင်မှုတွေနဲ့ အသိပညာတွေကို ပိုပြီးထိရောက်အောင်အသုံးချနိုင်စေတဲ့ အရည်အချင်းပါ”လို့ ဆိုခဲ့ဖူးပါတယ်။ ဒါကိုကြည့်ရင် ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ ဘဝအောင်မြင်မှုတွေ ဖန်တီးတည်ဆောက် ရာမှာ hard skill နဲ့ soft skill နှစ်မျိုးစလုံး ဟန်ချက်ညီ လိုအပ်တဲ့သဘောပါပဲ။

Hard skills တွေက ကိုယ့်ရဲ့သီးခြားလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့လိုအပ်သလို soft skills တွေက လုပ်ငန်းခွင်အတွင်းမှာ လူတစ်ဦးချင်းစီရဲ့ အလုံးစုံထိရောက်မှုနဲ့ အောင်မြင်မှုကို အဆုံးအဖြတ်ပေးရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါကြောင့်လည်း လုပ်ငန်းရှင်တွေက ဆန်းသစ်တီထွင်မှုတွေမြှင့်တင်ဖို့၊ တီထွင်ဖန်တီးမှုတွေ တိုးတက်ဖို့နဲ့ အဖွဲ့အစည်းစိတ်ဓာတ် တည်ဆောက်ဖို့အတွက် soft skills တွေရဲ့ အရေးပါမှုကို ပိုပြီး သိရှိလက်ခံထားကြခြင်း ဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုဖြစ်တဲ့ “လုပ်ငန်းခွင်အတွင်း soft skills များရဲ့ အရေးပါမှု” မှာဆိုရင် လုပ်ငန်းအောင်မြင်မှုရဲ့ ၈၅ ရာခိုင်နှုန်းဟာ ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်နေတဲ့ soft skills တွေကြောင့် ရရှိတာဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းကတော့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ အသိပညာတွေကြောင့်ရရှိတာလို့ တွေ့ရှိထားပါတယ်။ ဒါ့အပြင် LinkedIn က ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာဆိုရင် ဝန်ထမ်းတွေခန့်ထားရာမှာ hard skills တွေထက် soft skills တွေက တန်းတူသို့မဟုတ် ပိုပြီးအရေးကြီးတာကို အရည်အချင်းရှိတဲ့ ပရော်ဖက်ရှင်နယ်သမားတွေနဲ့ အလုပ်ခန့်ထားတဲ့ မန်နေဂျာတွေ ၉၂ ရာခိုင်နှုန်းက လက်ခံထားကြတယ်လို့ ဖော်ပြထားပါတယ်။ Soft skills တွေက hard skills တွေနည်းတူ အရေးပါတာမှန်ပေမယ့် ကျွမ်းကျင်မှုနှစ်ခုစလုံးက သူ့နေရာနဲ့သူ အရေးပါ တာကြောင့်မို့လို့ အောင်မြင်မှုဆိုတဲ့ရည်မှန်းချက်ကို သွားရာမှာတော့ soft skill နဲ့ hard skill တွေကို ဟန်ချက်ညီ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။

Hard Skills နှင့် Soft Skills များပေါင်းစပ်ခြင်း

လူတစ်ဦးချင်းစီအနေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အလုပ်အကိုင်ဈေးကွက်ထဲမှာ ကြီးပွားတိုးတက်ဖို့ဆိုရင် hard skill နဲ့ soft skill နှစ်ခုစလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဖို့လိုပါတယ်။ လုပ်ငန်းခွင်တွေမှာ သက်ဆိုင်ရာကဏ္ဍအလိုက် hard skill ကျွမ်းကျင်သူတွေ အများအပြားရှိကြ ပါတယ်။ ဒါပေမယ့် အဲဒီတစ်ဦးချင်းစီက သူတို့ရဲ့ကဏ္ဍကိုမြှင့်တင်နိုင်တဲ့ အရည်အချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဖောက်သည်တွေနဲ့ ထိထိရောက်ရောက် ဆက်သွယ်ပြောနိုင်မှုနဲ့ ပြောင်းလဲနေတဲ့ဝန်းကျင်နဲ့အညီ လိုက်လျောညီထွေရှိအောင်လုပ်နိုင်မှုကို အဆုံးအဖြတ်ပေးတာက hard skill မဟုတ်ပါဘူး၊ soft skill တွေပါပဲ။ ဒါကြောင့် hard skill နဲ့ soft skill ကျွမ်းကျင်မှုတွေ ပေါင်းစပ်ခြင်းကြောင့် တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ အဖွဲ့အစည်းဆိုင်ရာ ထိရောက်မှုကို မြှင့်တင်ပေးတဲ့အတွက် ဘက်စုံအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

ပညာရေးနယ်ပယ်မှာဆိုရင် hard skills နဲ့ soft skills တွေ ပေါင်းစပ်အသုံးပြုခြင်းဟာ အလုံးစုံ ပညာရေးရဲ့အခြေခံဖြစ်ပါတယ်။ ပညာရေးအဖွဲ့အစည်းတွေက ကျောင်းသားတွေကို soft skill ကျွမ်းကျင်မှုတွေ ပြုစုပျိုးထောင်ပေးခြင်းဖြင့် ကျောင်းသားတွေရဲ့ တစ်သက်တာသင်ယူမှုနဲ့ အသက်မွေးဝမ်းကျောင်းအောင်မြင်မှုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ခံနိုင်ရည်ရှိမှုနဲ့ လိုက်လျော ညီထွေရှိမှုတွေကို ရရှိစေပါတယ်။

ဒါ့အပြင် hard skills နဲ့ soft skills တွေ ပေါင်းစပ်အသုံးပြုခြင်းဖြင့် နည်းပညာအသွင်ပြောင်းမှု၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လူမှုအသိုက်အဝန်းပြောင်းလဲမှုတွေလို စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ အရေးကြီးလိုအပ်ပါတယ်။ နည်းပညာတွေ အရှိန်ပြင်းပြင်း ပြောင်းလဲတိုးတက်တာတွေနဲ့ အပြန်အလှန်ဆက်ဆံရတာတွေများလာတဲ့ ခေတ်မှာ မတူကွဲပြားတဲ့ကျွမ်းကျင်မှုတွေ ပိုင်ဆိုင်ထားသူတွေဟာ မရေရာမသေချာမှုတွေကြားမှာ လမ်းကြောင်းမှန်စေဖို့၊ အပြောင်းအလဲတွေကို လက်ခံနိုင်ဖို့နဲ့ ပတ်ဝန်းကျင်အမျိုးမျိုးမှာ ရှင်သန်ဖို့ အတွက် အခွင့်အလမ်းတွေ ပိုမိုရရှိစေပါတယ်။

ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုတွေမှာလည်း hard skill နဲ့ soft skill ပေါင်းစပ်အသုံးချနိုင်စွမ်းရဲ့အရေးပါမှုကို ချန်လှပ်ထားလို့မရပါဘူး။ hard skill နဲ့ soft skill နှစ်မျိုးစလုံးလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နည်းပညာကျွမ်းကျင်တာတွေ (hard skills) နဲ့ လူအချင်းချင်းကျွမ်းကျင်မှု (soft skills) တွေကို ပေါင်းစပ်အသုံးချနိုင်စွမ်းဟာ ပညာရေး၊ စီးပွားရေးနဲ့ နေ့စဉ်ဘဝအပါအဝင် နယ်ပယ်အသီးသီးမှာ အောင်မြင်မှုရဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ဖြစ်တတ်တာက လူ့သဘာဝအရ သိသာမြင်သာတိုင်းတာနိုင်တဲ့ hard skills တွေကိုသာ အလေးထားတတ်ကြပြီး မသိသာနိုင်တဲ့ soft skills တွေကို အလေးမထားတတ်ကြပါဘူး။ ဒီလိုကျွမ်းကျင်မှု ဟန်ချက်မညီခြင်းဟာ လူအများနဲ့လုပ်ကိုင်ကြရတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းခွင်တွေမှာ တစ်ဦးချင်းနဲ့ အဖွဲ့အစည်းရဲ့ အရည်အသွေးတွေကို သိသိသာသာ ကျဆင်းစေပါတယ်။

အဖွဲ့အစည်းတွေမှာ ပါဝင်နေကြတဲ့သူတွေဟာ လူသားတွေဖြစ်တဲ့အတွက် လူသားသဘာဝနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် soft skills တွေက မရှိမဖြစ်လိုအပ်ပါတယ်။ အခုဆို လူ့အဖွဲ့အစည်းရဲ့တိုးတက်မှုတွေဟာ အပြန်အလှန်ချိတ်ဆက်မှုနဲ့ ပြောင်းလဲမှုပိုများတဲ့ အနာဂတ်ဆီကို ဦးတည်နေတဲ့ အတွက် hard skill နဲ့ soft skill ပေါင်းစပ်အသုံးချနိုင်စွမ်းဟာ ဆက်ပြီးအရေးပါနေဦးမှာပါ။

ကိုးကား

၁။ National Association of Colleges and Employers (NACE). (n.d.). Job Outlook 2023. Retrieved from https://www.naceweb.org/job-outlook/annual-report/

၂။ World Economic Forum. (2022). The Future of Jobs Report 2022. Retrieved from https://www.weforum.org/reports/the-future-of-jobs-report-2022

၃။ Journal of Business and Psychology. (2017). The Role of Teamwork Skills in the Performance of Business Teams: A Multilevel Analysis. Retrieved from https:// link.springer.com/ article/ 10.1007/s10869-017-9472-2

၄။ American Psychological Association. (n.d.). Emotional Intelligence. Retrieved from https://www.apa.org/topics/emotional-intelligence

၅။ Harvard University, "The Importance of Soft Skills in the Workplace"

၆။ LinkedIn, "Global Talent Trends 2019"