ရန်ကုန် ၃၀ မတ်
ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့် ကွာဝေးသည့်နေရာတွင် တည်ဆောက်ခဲ့သည့် ကမ်းလွန်ပင်လယ်ပြင်အခြေ စိုက် ရေကြောင်းပြ အဆောက်အအုံ ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများ၊ စီမံကိန်းကို တာဝန်ယူတည်ဆောက်ခဲ့သည့် China Harbour Engineering Co., Ltd မှ Vice-President နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်ကမ်းလွန်ပင်လယ်ပြင် အခြေစိုက်ရေကြောင်းပြအဆောက်အအုံအား တည်ဆောက်ခဲ့ပုံ အဆင့်ဆင့်မှတ်တမ်းများနှင့် စီမံကိန်းပြီးစီးချိန်တွင် တွေ့မြင်ရသည့် အခြေအနေများကို ဗီဒီယိုဖြင့် ပြသခဲ့ သည်။ ထိုနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုတည်ဆောက် ပြီးစီးခဲ့သည့် ရေကြောင်းပြ အဆောက်အအုံသည် နိုင်ငံတော်အဆင့် အမာထည် အခြေခံအဆောက်အအုံများတွင် ပါဝင်ပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပင်လယ်ပြင် အခြေ စိုက် ရေကြောင်းပြအဆောက်အအုံကို နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်း အရည်အသွေးပြည့်ဝစွာဖြင့် ပြီး မြောက်အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်အနေဖြင့် ဂုဏ်ယူပါကြောင်း၊ မြန်မာ ဆိပ်ကမ်းအာဏာပိုင်နှင့် China Harbour Engineering Co., Ltd တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Mr. Hong Liang၊ မြန်မာဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နှင့် စီမံကိန်းကို တာဝန်ယူ တည်ဆောက်ပေးခဲ့သည့် China Harbour Engineering Co., Ltd မှ Vice-President ဖြစ်သူ Mr. Pan Qingjiang တို့က အမှာစကားပြောကြားခဲ့သည်။
မြန်မာ့ရေကြောင်းကဏ္ဍတွင် တိုးတက်ပြောင်းလဲမှုတစ်ခုဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတကာမှ တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သည့် China Harbour Engineering Co., Ltd က ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စီမံကိန်းလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါတည်ဆောက်ရေးစီမံကိန်းတွင် အလျား ၃၃.၂ မီတာနှင့်အနံ ၃၀.၄ မီတာအရွယ်အစားရှိ သံကူကွန် ကရစ်သုံးထပ်အဆောက်အအုံတစ်ခု၊ ရေယာဉ်အရွယ်အစား ဂျီအာတီ ၁၅၀ဝ အထိ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း၊ မီးစက်၊ ရေသန့်စင်စက်၊ ရေဆိုးသန့်စင်စက်၊ ရေကြောင်းဆက်သွယ်ရေးဆိုင်ရာ ကိရိ ယာများ၊ ရေဒါနှင့်ပိုင်းလော့ဘုတ် ၃ စင်းတို့ပါဝင်ပြီး စီမံကိန်းစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၀.၉ သန်း ဖြစ်ကြောင်း သိရသည်။ သုံးထပ်အဆောက်အအုံတွင် ရေယာဉ်မှူးများ၊ ရေကြောင်းပြမှူးကြီများနှင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနေထိုင်ရန် အိပ်ခန်းများ၊ ဘုရားခန်း၊ မီးဖိုခန်း၊ ထမင်းစားခန်း၊ အားကစားခန်း၊ စတိုခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်းများအစရှိသည်တို့ အပြည်အစုံပါဝင်ပြီး ဝန်ထမ်း ၃၆ ဦးနေ ထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်းသို့ လက်ရှိ တစ်လလျှင် သင်္ဘောအစင်းရေ ၆၀ဝ ခန့်အဝင်အထွက်ရှိပြီး တစ်နေ့လျှင် သင်္ဘောအစင်းရေ ပျှမ်းမျှ ၂၀ စင်းခန့်ရှိကြောင်း သိရသည်။ ရေယာဉ်များ ဝင်ထွက်မောင်းနှင်နိုင်ရေး အတွက် ပိုင်းလော့စတေရှင်တွင် ရေကြောင်းပြမှူးကြီးများ တာဝန်ချထားမှုနှင့်ပတ်သက်၍ ပိုင်းလော့စတေ ရှင်ကွန်မန်ဒါဖြစ်သူ ကပ္ပတိန် ညွန့်ဝင်းက “ ပထမသင်္ဘောတွေမှာတော့ ပိုင်းလော့က ၁၁ ယောက်လောက် ပဲနေလို့ရတယ်ပေါ့။ အခုဒီ ပိုင်းလော့စတေရှင်မှာတော့ အနိမ့်ဆုံး ၁၈ ယောက်ရတယ်။ ၁၈ ယောက်ကို လို အပ်ရင် လိုအပ်သလိုဆိုတော့ ကျွန်တော်တို့ အယောက် ၄၀ ကျော်လောက် နေနိုင်အောင် စီမံထားပါတယ်” ဟု ပြောကြားသည်။
ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်ဆိုက်ကပ်လျက်ရှိသော ပင်လယ်ကူးသင်္ဘောများအား မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်မှ ရေကြောင်းပြလုပ်ငန်းများ နေ့စဉ်ဝင်ဆောင်မှုပေးလျက်ရှိရာ ယခုအခါ ပင်လယ်ပြင်အခြေစိုက် ရေ ကြောင်းပြအဆောက်အအုံကို အသုံးပြုကာ ဆောင်ရွက်ပေးနိုင်ပြီဖြစ်သဖြင့် ရေကြောင်းပြမှူးကြီးများအနေဖြင့် ယခင်ကထက် ပိုမိုပြီးဘေးကင်းလုံခြုံစွာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


