ကမ်းနီ-ပိဿလိမ်းလမ်း  မြေသားတာဘောင်ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

နေပြည်တော် စက်တင်ဘာ ၅

သရက်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကွပ်ကွဲမှုအောက်ရှိ မြို့နယ်များမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဇာလှိုင်သန်း နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ၇၅ ဒသမ ၅၈၀ ကျပ်သန်းဖြင့် ကမ်းနီ-ပိဿလိမ်း ကျေးရွာချင်းဆက် လမ်း (၂/၁) မိုင်အား မြေသားတာဘောင်ချဲ့ခြင်းလုပ်ငန်းနှင့်  မြေနီခင်းခြင်း အကျယ် ၁၈ ပေ နှင့် ၈ လက်မထု ခင်းကြိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများ အားလုံး (၈၀) ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ (၉၀) ရာခိုင်နှုန်းအပေါ် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် ရေးဆွဲထားသည့် ကျေးလက်လမ်း ဖွံ့ဖြိုး ရေး မဟာဗျူဟာအရ နှစ်စဉ်အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ကမ်းနီ-ပိဿလိမ်းလမ်း အဆင့်မြှင့်တင်နိုင်ခဲ့သည့်အတွက် ယင်းလမ်းကို အသုံးပြု၍ ကျေးရွာ (၃)ရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် အမြန်ဆုံး ဆက်သွယ်သွားလာနိုင်မည် ဖြစ်သည့်အပြင် ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်နှင့်မြို့ပြကွာဟမှု လျော့ချနိုင်ရေးကိုပါ အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

သတင်းစဉ်