ငါးသိုင်းချောင်း       ဇွန်       ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေသည် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၂၉ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်အောက် ၁၀၅၄ စင်တီမီတာသို့ ရောက်ရှိလျက်ရှိပြီး ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ကမ်းဘေးရှိ ငဝန်ရပ်ကွက်၊ ပိုက်သောင် ကူးတို့ဆိပ်အနီးတွင် မြစ်ရေမြင့်တက်၍ ရေတိုက်စားမှုကြောင့် မြစ်ကမ်းပြိုကျမှုဖြစ်ပေါ်ခဲ့သည်။

 

ကမ်းပြိုအန္တရာယ် နီးကပ်လျက်ရှိသည့် သွပ်မိုး၊ ထရံကာ၊ ဝါးခင်း အိမ် နှစ်လုံး၊ ဓနိမိုး၊ ထရံကာ၊ ဝါးခင်းအိမ် တစ်လုံးတို့အား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေမီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများက အချိန်မီဖြိုဖျက်ကာ အိမ်ထောင်စု သုံးစု၊ မိသားစုဝင် ၁၇ ဦးအား ငဝန်ရပ်ကွက်၊ ကျွန်းဦးတာကြီး တန်းလမ်း၊ ဘောလုံးကွင်း မြေကွက်လပ်သို့ ယာယီ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)