ရန်ကုန်  ၄  ဧပြီ 

 

၂၀၁၈ ခုနှစ် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတစ်ဆင့် လူထုလှုံ့ဆော်လှုပ်ရှားပွဲများအပြီး ထွက်ပေါ်လာသည့် စစ်တမ်းရလဒ် များအရ  ကွမ်းယာစားသုံးသူ ၆၀ ရာခိုင်နှုန်းအား ကွမ်းယာကို ကြိုးစားဖြတ်ရန်  တိုက်တွန်းနိုင်ခဲ့ကြောင်း   ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရုံး၌ ကျင်းပသည့် တွေ့ဆုံ ရှင်းလင်းပွဲမှ သိရသည်။  

 

အဆိုပါလူထုလှုပ်ရှားမှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ ဦးစီး၍ ရေဒီယို၊ ရုပ်မြင်သံကြား၊ social media နှင့် ပိုစတာများနှင့်အတူ  ၂၀၁၇ ခုနှစ်တွင် ပထမအကြိမ်၊ ယခုဒုတိယအကြိမ်အဖြစ်  ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ ရက်သတ္တ ခြောက်ပတ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် လေ့လာဆန်းစစ်ကောက်ယူခြင်းကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ Zenith Quality Research Agency နှင့် ပူးပေါင်း၍ ရန်ကုန်၊ မန္တလေး၊ မကွေး တိုင်းဒေသကြီးသုံးခုရှိ မြို့နယ် ခြောက်မြို့နယ်တွင် ကွမ်းယာစားသုံးသည့် အသက် ၁၈ နှစ်နှင့် ၅၅ နှစ်အကြား လူဦးရေကို ဆန်းစစ်မှုများပြုလုပ်ခြင်းဖြစ်သည်။

 

သုတေသန စစ်တမ်းလေ့လာချက်များအရ အသိပညာပေးသော ရုပ်ပုံနှင့် စာသားများကို ၈၁ ရာခိုင်နှုန်းသော လူထုက မှတ်သားမိကြလျက် တစ်ဝက်ကျော်သော လူထုက ကွမ်းယာစားသုံးမှုကို ရပ်တန့်ရန် ကြိုးပမ်းအားထုတ်မှုရှိပြီး ကွမ်းယာစားသုံးသူ ၆၀ ရာခိုင် နှုန်းအား ကွမ်းယာကိုဖြတ်ရန် တိုက်တွန်းနိုင်ခဲ့ကြောင်း အဆိုပါမီဒီယာတွေ့ဆုံပွဲရလဒ်မှ သိရသည်။

 

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က “ကွမ်းယာ စားသုံးခြင်းပြဿနာကို အစိုးရနဲ့ပြည်သူ ပူးပေါင်းပြီး အချိန်တိုအတွင်း သုံးစွဲမှု လျော့နည်း ကျဆင်းရေးလုပ်ကိုင်လိုကြောင်း၊ ၂၀၁၅ ခုနှစ်ကတည်းက အစိုးရအဆောက်အဦ၊ ဆေးရုံ ဆေးပေးခန်းတွေနဲ့ စာသင်ကျောင်းအားလုံး ကွမ်းမစားရ တားမြစ်ထားပြီးဖြစ်ပါတယ်။ ဒါဟာ အစိုးရရဲ့ ကောင်းမွန်သောခြေလှမ်း တစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများနဲ့ ပြည်သူများကိုယ်တိုင် လိုက်နာရန်လိုအပ်လျက်ရှိနေပါတယ်။ ၂ နှစ်ဆက်တိုက် လူထု လှုံ့ဆော်လှုပ်ရှားပွဲဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရခဲ့ပြီးပါပြီ၊ ကျွန်တော်တို့ တတွေ ဒီမှာရပ်တန့်မနေဘဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလူမျိုးတုံးစေတဲ့ ကွမ်းစားခြင်း ဓလေ့အကျင့်ဆိုးကို လုံးဝပပျောက်သွားစေရန် ဆက်လက် အကောင်အထည်ဖော်ကြရန် လိုအပ်ပါတယ်”ဟု ပြောသည်။

 

အဆိုပါ လူထုလှုပ်ရှားမှုကို ဆိုရှယ်မီဒီယာတွင်လည်း hash tag  အမှတ် အသားပါသည့် #StopBetelMyanmar ဆိုသည့် ဆောင်ပုဒ်ဖြင့် Facebook စာမျက်နှာ ပေါ်တွင် လူငယ်၊ လူရွယ်များနှင့် လူကြီးများကို ကွမ်းယာစားသုံးခြင်းကို ရပ်တန့်သွားရန် (သို့မဟုတ်) ထိုအကျင့်ဆိုးကို အသက်ငယ်ငယ်အရွယ်ကစပြီး မလုပ်ဆောင်မိစေရန် ပညာပေး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။

 

ထိုလေ့လာဆန်းစစ်မှုများအပေါ် အခြေခံ၍   ရုပ်မြင်သံကြားအစီအစဉ် များကို အသုံးပြုပြီး နိုင်ငံတစ်ဝှမ်းလုံး လူထုလှုံ့ဆော်လှုပ်ရှားမှုများကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ သို့မှသာ မြန်မာနိုင်ငံအတွင်းရှိ ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ အသုံးပြုသူများ လျော့နည်းလာစေမှုကို အထောက် အပံ့ဖြစ်စေခြင်းနှင့်အတူ လူထု၏ခံယူချက်နှင့် အပြုအမူများလည်း ပြောင်းလဲ လာမည်ဟု အကြံပြုထားကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

 

နီကိုတင်းဓာတ်ပါ ဆေးရွက်ကြီးနှင့် နီကိုတင်းနှင့်အလားတူသည့် ဓာတုပစ္စည်းပါ ကွမ်းသီးကလည်း  လူကိုစွဲစေပြီး ဖြတ်ရခက်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆေးလိပ်နှင့် ကွမ်းယာဖြတ်ဖို့ ပင်မလုပ်ငန်းကြီးအဖြစ် လုပ်ဆောင်နေကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းထွန်းက ပြောသည်။

 

“ဖြစ်နိုင်ရင် အောက်ခြေ ကျန်းမာရေးဝန်ထမ်းတွေ အပြင် ကျေးလက် ကျန်းမာရေးဌာန ဆေးရုံ ဆေးခန်းတွေကအစ ဆေးလိပ်၊ ကွမ်းယာ ဖြတ်ဖို့အတွက် Facility တွေ လုပ်ပေးဖို့လိုတယ်။   သို့သော် ဒါတွေကို ကျယ်ကျယ် ပြန့်ပြန့် မလုပ်နိုင် သေးဘူး။ အခြားနိုင်ငံတွေမှာဆိုရင် ဆေးလိပ်ဖြတ်ချင်တယ်ဆိုရင် ဘယ် တယ်လီဖုန်းနံပါတ်ကို ဆက်သွယ် အကြံဉာဏ်ရယူပါဆိုပြီး စီးကရက်ဘူး တွေမှာ ရုပ်ပုံတွေ၊ စတေကာတွေမှာ ကျန်းမာရေး သတိပေးစာလေးတွေ ပါတယ်။ ဆေးလိပ် ဘယ်လိုဖြတ်ရမယ်ဆိုတဲ့ ဝက်ဘ်ဆိုဒ်တွေလည်းပါတယ်။ အဲဒီလိုမလုပ်နိုင်သေးခင်မှာ ကျွန်တော်တို့နိုင်ငံမှာလည်း အဲဒီလိုမျိုး ကျန်းမာရေးဝက်ဘ်ဆိုဒ်လေးတွေထားရှိပြီးတော့ အကြံပြုစာ ပြည့်ပြည့်စုံစုံနဲ့ဖော်ပြနိုင်ရင် အတိုင်းအတာတစ်ခုအထိ စွဲနေတဲ့သူတွေကို ဖြတ်နိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြပေးနိုင်ရင် အကျိုးရှိမယ်”ဟု ၎င်းက ဆက်လက် ပြောသည်။

 

အဆိုပါလူထုလှုံ့ဆော်မှုကို ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို လက်ရှိ သုံးစွဲသူများ၏ အပြုအမူများ ပြောင်းလဲစေရန်၊ ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ဖြတ်ကြရန်နှင့် မသုံးစွဲသေးသူများအနေဖြင့် စတင်သုံးစွဲမှုမှ ကာကွယ်တားဆီး ရန်တို့ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းတွင် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှု ကြောင့် ကျန်းမာရေးကို ထိခိုက်နေမှုများအား များစွာသိရှိသွားစေလိုသော ရည်ရွယ် ချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    

 

သတင်း - ဝင်းဝင်းမော်

 

ဓာတ်ပုံ - ရဲထွဋ်