ရန်ကုန်  ၄ ဧပြီ

    

မြန်မာနိုင်ငံတွင် ကွမ်းယာနှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတစ်ဆင့် လူထုလှုံ့ဆော်လှုပ်ရှားမှုများပြုလုပ်ခဲ့ရာ  ကွမ်းစားသူ(၆၀)ရာခိုင်နှုန်းအား ကွမ်းမစားရန် ထိရောက်စွာတိုက်တွန်းနိုင်ခဲ့ကြောင်း ရန်ကုန်မြို့ချင်းတွင်းလမ်းရှိ ပြည်သူ့ကျန်းမာရေးဖော်ဒေးရှင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသော စာနယ်ဇင်းရှင်း လင်းပွဲမှသိရသည်။

    

“ မီဒီယာကတစ်ဆင့် လူထုလှုံ့ဆော်လှုပ်ရှားမှုတွေ(၂၀၁၇)ခုနှစ်၊ အောက်တိုဘာမှာတစ်ကြိမ်နဲ့ (၂၀၁၈)ခုနှစ်၊ အောက်တိုဘာ(၁၀)ရက်ကစပြီး ရက်သတ္တပတ်(၆)ပတ်ကြာ ဆောင်ရွက်ခဲ့ရာမှာ ကွမ်းစားသူ(၆၀) ရာခိုင်နှုန်းဟာ လူထုလှုပ်ရှားမှု အသိပညာပေးမှုကို သတိပြုမိပြီး ကွမ်းဖြတ်ဖို့ ကြိုးစားအားထုတ်လာကြပါတယ်။ လူ(၂၃) သန်းခန့်ကို ကွမ်းယာနဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ မသုံးစွဲကြဖို့ အသိပညာပေးနိုင်ခဲ့ပါတယ်”ဟု ပြည်သူ့ ကျန်းမာရေးဖော်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောသည်။

    

ထိုသို့ဆောင်ရွက်နိုင်ခြင်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနှင့်အတူ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပြီး လူထုအားအသိပညာပေးရာတွင် မီဒီယာမှတစ်ဆင့် လူထုလှုံ့ဆော် လှုပ်ရှားပွဲများအဖြစ် လှုပ်ရှားမှုအစီအစဉ် ဆောင်ရွက်ခဲ့ရာတွင် ဆေးရွက်ကြီးပါဝင်သည့် ကွမ်းယာကို ငယ်စဉ် ဘဝထဲက စားသုံးခဲ့၍ ယခုအခါ ပါးစောင်ကင်ဆာဝေဒနာက ခံစားနေရသည့် ဝေဒနာရှင်(၄)ဦးတို့က ၄င်းတို့တွေ့ကြုံ ခံစားခဲ့ရသည်များကို အခြေခံကာ စက္ကန့်(၃၀)ကြာအသိပညာပေး ရုပ်မြင်သံကြားဗီဒီယိုဖိုင် ပြကွက်များ၊ အသိပညာပေး ရေဒီယိုအစီအစဉ်၊ ဆိုရှယ်မီဒီယာနှင့် ခံတွင်းကင်ဆာဝေဒနာသည်တို့၏ ရုပ်ပုံများဖော်ပြထားသော ပိုစတာများကို ပြသခဲ့သည်။

    

ထို့အပြင် ကွမ်းယာနှင့်ဆေးရွက်ကြီးပစ္စည်းများထိန်းချုပ်ရေး၊ မစားသုံးရေးအတွက် သတင်းစာများတွင် သတင်း ဆောင်းပါးများ၊ သတင်းနှင့်အင်တာဗျူးများဖြင့်လည်း အသိပေးနှိုးဆော်မှုများပြု ပြုလုပ်ခဲ့သည်။  ကွမ်းယာ စားသုံးခြင်းပြသနာကို အစိုးရနဲ့ပြည်သူပူးပေါင်းပြီး အချိန်တိုအတွင်း လျော့နည်းကျဆင်းအောင် လုပ်ကိုင်လို ကြောင်း၊ (၂၀၁၅)ခုနှစ်ကတည်းက အစိုးရအဆောက်အဦ၊ ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းအားလုံး ကွမ်းမစားရ တားမြစ်အသိပေးပြီး ဖြစ်ကြောင်း ယနေ့စာနယ်ဇင်း ရှင်းလင်းပွဲတွင ်ဒေါက်တာသန်းစိန်းက ပြောကြားခဲ့သည်။

    

၂၀၁၈ခုနှစ်၊ အောက်တိုဘာ(၁၀)ရက်မှစတင်ကာ ရက်သတ္တပတ်ခြောက်ပတ်ကြာ မီဒီယာမှတစ်ဆင့်  လူထုလှုံ့ဆောင်လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး သုတေသနစစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်(၆)မြို့နယ်မှ အိမ်ခြေ(၂၆၄၆)အိမ်သို့ ကွင်းဆင်းသွားရောက်ကာ မေးမြန်း ခဲ့ကာ ကွမ်းစားသူ(၆၇၈)ဦးအား တွေ့ဆုံမေးမြန်းခဲ့ရာ အသိပညာပေးမှုကို(၈၁)ရာခိုင်နှုန်းကမှတ်မိ နေကြပြီး (၆၀)ရာခိုင်နှုန်း ကွမ်းစားသူများက ကွမ်းဖြတ်ရန် ကြိုးစားအားထုတ်နေကြောင်း သိရသည် ။

 

သန်းထိုက်