ကန့်ဘလူမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး 

ကန့်ဘလူ ၇ အောက်တိုဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။ 

 

အဆိုပါ Cash For Work စီမံကိန်းကို ကန့်ဘလူမြို့နယ်အတွင်းရှိ အင်္ဂါဒေါင့်ကျေးရွာ၊ ပိတောက်ပင်ကျေးရွာ၊ ဘူးကုန်းကျေးရွာ၊ ချောင်းသာကျေးရွာ၊ မေတ္တာမွန်ကျေးရွာ၊ ကျွဲဖြူကျေးရွာ စုစုပေါင်းကျေးရွာ ခြောက်ရွာတို့တွင် ရွာလမ်းဂျင်းခင်းခြင်း၊ ရေမြောင်းတူးဖော်ခြင်း၊ တံတားချဉ်းကပ်လမ်း ဂျင်းမြေဖို့ခြင်း၊ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း နှင့် ကုန်ထုတ်လမ်း ဆောင်ရွက်ခြင်း စသည့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇူလိုင်လ ဒုတိယ အပတ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ 

 

ထိုသို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော ကိုဗစ် - ၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ် CERP အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားနိုင်ရန်အတွက် ချက်ချင်းလုပ်အားခ ပေးချေမှုစနစ်ဖြင့် လူထုလုပ်အားခ ၆၀ ရာခိုင်နှုန်းနှင့် ပစ္စည်းတန်းဖိုးငွေ ၄၀ ရာခိုင်နှုန်းသတ်မှတ်ကာ တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ကျေးရွာပေါင်းခြောက်ရွာ၊ စုစုပေါင်းငွေကျပ်သိန်း ၆၀၀ သုံးစွဲ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဟန်ထွန်းအောင်ထံမှ သိရသည်။ 

 

ချစ်စံ(ခင်ဦး)