ကန့်ဘလူ ၁၀ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဧပြီ ၉ ရက် မွန်းလွဲ ၂ နာရီက အစေ့ထုတ်ပြောင်းစိုက်ခင်းတွင် ကျရောက်သော ငမြှောင်တောင်ပိုး (Fall Army Worm- FAW) ကာကွယ်နှိမ်နင်းခြင်း နည်းပညာပေး ဆွေးနွေးပွဲကျင်းပခဲ့သည်။

 

အဆိုပါ ငမြှောင်တောင်ပိုး(FAW) ကာကွယ်နှိမ်နင်းခြင်း နည်းပညာပေးဆွေးနွေးပွဲတွင် စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမြင့်သောင်းက ၂၀၁၈-၂၀၁၉ ခုနှစ် မိုးရာသီ အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်ကြမည့် တောင်သူများ၊ နည်းပညာပေး စိုက်ပျိုးရေးဝန်ထမ်းများအား ငမြှောင်တောင်ပိုး(FAW) ကျရောက်မှုမရှိစေရန် ကာကွယ်နှိမ်နင်းရေးအတွက် မိုးအစေ့ထုတ်ပြောင်း မစိုက်ပျိုးမီအချိန်မှစတင်၍ ကြိုတင်ပြင်ဆင် လိုက်နာသင့်သည့်အချက်များ၊ စိုက်ပျိုးပြီးချိန်တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် တိုက်ရိုက်နှိမ်နင်းခြင်း စသည့် လိုက်နာဆောင်ရွက်ရမည့် နည်းပညာများကို ဆွေးနွေးဟောပြောခဲ့သည်။

 

ကန့်ဘလူခရိုင်သည် မိုးရာသီတွင် နှစ်စဉ် အစေ့ထုတ်ပြောင်း ဧကတစ်သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး ယမန်နှစ်က မိုးအစေ့ထုတ်ပြောင်း စိုက်ဧကအနေဖြင့် ကန့်ဘလူမြို့နယ်တွင် ၁၀ဝ၄၆၄ ဧက၊ ကျွန်းလှမြို့နယ်တွင် ၁၄၃၆၄ ဧကစိုက်ပျိုးခဲ့သည်။ ဆောင်းရာသီတွင် ကန့်ဘလူမြို့နယ်၌ ၅၀၉၇ ဧကနှင့် ကျွန်းလှမြို့နယ်တွင် ၁၄၄၈ ဧကစိုက်ပျိုးခဲ့ပြီး ယခင်နှစ်များ၌ ဆောင်းရာသီတွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးလေ့မရှိသော်လည်း ယမန်နှစ်က ဆောင်းရာသီတွင် ပြောင်းဈေးကောင်းရသည့်အတွက် စမ်းသပ်စိုက်ပျိုးခဲ့ရာမှ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး စိုက်ဧကများတွင် ငမြှောင်တောင်ပိုး(FAW) ကျရောက်သည်ကို စက်တင်ဘာလလယ်တွင် စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။

 

သက်ဆိုင်ရာဌာန၏ ညွှန်ကြားချက်များနှင့်အညီ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ကျေးရွာအရောက် ကွင်းဆင်းကာ ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ သင့်တော်သည့် ပိုးသတ်ဆေး/ သဘာဝပိုးသတ်ဆေးများ သုံးစွဲရန်နှင့် တောင်သူများ လိုက်ပါဆောင်ရွက်စေရန် စည်းရုံးဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျေးရွာအုပ်စု ၅ အုပ်စုတွင် စုစုပေါင်း ၅၀၂ ဧက ငမြှောင်တောင်ပိုးကျရောက်၍ ဒီဇင်ဘာလဆန်းတွင် တိုင်းဒေသကြီး ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဆေးဖျန်းပွဲတော်များပြုလုပ်ကာ ဆက်တိုက်ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အတွက် ၂၈၂ ဧကမှာ စီးပွားရေးထိခိုက်သည့် ပျက်စီးမှုအဆင့်သို့ မရောက်ဘဲ သာမန်စိုက်ခင်းများထက် ၁၀ ရာခိုင်နှုန်းသာ အထွက်လျော့နည်းခဲ့ကြောင်း သိရသည်။

 

ee

 

"ငမြှောင်တောင်ပိုးသည် ယခုနှစ်တွင် နှိမ်နင်းနိုင်သော်လည်း တစ်ညအတွင်း ကီလို ၁၀ဝ(မိုင် ၆၀)အထိ ပျံသန်းနိုင်တဲ့အတွက် ထပ်မံရောက်လာနိုင်ပါတယ်။ ပျံ့နှံ့နှုန်း၊ မျိုးပွားနှုန်း အလွန်လျင်မြန်တဲ့အတွက် ထိရောက်စွာ ကာကွယ်နှိမ်နင်းခြင်းမရှိပါက သီးနှံအထွက်နှုန်း လျော့ကျစေနိုင်ပြီး စီးပွားရေးထိခိုက်တဲ့အဆင့်ထိ ရောက်ရှိဆုံးရှုံးနိုင်ပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစံအောင်ကပြောသည်။

 

မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက ငမြှောင်တောင်ပိုးကို တွေ့ရှိခဲ့ရသော်လည်း ယခု FAW သည် ယခင်မျိုးစိတ်များနှင့်မတူဘဲ မျိုးပွားနှုန်း၊ ဖျက်စီးမှုနှုန်းများပြားသည်။ FAW ကို လေ့လာဆန်းစစ်သည့်အခါ ၂၀၁၆ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံများမှာ တွေ့ရှိရပြီး ၂၀၁၇ ခုနှစ်တွင် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ပြန့်နှံ့ရောက်ရှိလာကာ ဖျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး မန္တလေးတိုင်း မြင်းခြံခရိုင်၊ နေပြည်တော်ခရိုင် နေပြည်တော် တပ်ကုန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကျိုင်းတုံ၊ ဧရာဝတီတိုင်းတွင် ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်၊ ဟင်္သာတမြို့နယ်များတွင် ပျံ့နှံ့ရောက်ရှိလာကာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၌ စတင်တွေ့ရှိ၍ နောက်ပိုင်း မြောင်၊ ချောင်းဦး၊ ကလေးမြို့နယ်တို့၌လည်း အနည်းငယ်စီ ကျရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

e