ကင်ဆာနှင့် မြန်မာ

၄ ဖေဖော်ဝါရီ


ဖေဖော်ဝါရီလ ၄ ရက်နေ့ဟာဆိုရင် ကမ္ဘာ့ကင်ဆာနေ့ ဖြစ်ပါတယ်။ ကင်ဆာရောဂါအကြောင်း လူတွေပိုပြီး သတိထားမိလာစေဖို့ရယ်၊ ကြိုတင်ကာကွယ်မှု၊ ကုသမှုခံယူမှုနဲ့ ကင်ဆာရောဂါအကြောင်း စူးစမ်းမှုတွေ ပိုမိုလုပ်ကိုင်လာနိုင်အောင် ရည်ရွယ်ပြီး နှစ်စဉ် ဖေဖော်ဝါရီလ ၄ ရက်နေ့ကို ကမ္ဘာ့ကင်ဆာနေ့အဖြစ် သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။


အဲဒီနေ့ကို အပြည်ပြည်ဆိုင်ရာ ကင်ဆာထိန်းချုပ်ရေး သမဂ္ဂနေ့အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀ဝ၈ ခုနှစ် ကမ္ဘာ့ကင်ဆာကြေညာစာတမ်း ရည်မှန်းချက်တွေကို အထောက်အကူ ဖြစ်စေဖို့ရည်ရွယ်ပြီး သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကင်ဆာနေ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကင်ဆာရောဂါကြောင့် သေဆုံးရသူနဲ့ ဖျားနာရသူ အရေအတွက်ကို လျှော့ချနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာအနှံ့ ကင်ဆာ ရောဂါကြောင့် သေဆုံးရသူ အရေအတွက်ဟာ ခန့်မှန်းခြေအား ဖြင့် ၉ ဒသမ ၆သန်းရှိပြီး ဒုတိယသေဆုံးမှု အများဆုံးရောဂါ တစ်ခုလည်းဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ဖော်ပြထားပါတယ်။ ပျမ်းမျှအားဖြင့် လူခြောက်ယောက်သေရင် တစ်ယောက်ဟာ ကင်ဆာကြောင့် သေရတာပါ။


Johns Hopkins Medicine – Johns Hopkins Update မှာ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်အချို့ကို ဖတ်ရှုရပါတယ်။


ကင်ဆာဆဲလ်ဆိုသည်မှာ ကင်ဆာဆဲလ်တွေဟာ လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်ပါတယ်။ သူတို့ရဲ့အရေအတွက် ဘီလီယံအနည်းငယ် လောက်အထိ တိုးပွားမလာမချင်း သူတို့ကို စစ်ဆေးမတွေ့ရှိ နိုင်ပါဘူး။ ကင်ဆာရောဂါတစ်မျိုးမျိုးကို ကုသပေးပြီးနောက် ဆရာဝန်က လူနာရဲ့ ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ် မတွေ့တော့ ဘူးလို့ဆိုတာကလည်း ဆေးသိပ္ပံပညာအရ ရေတွက်စစ်ဆေး နိုင်တဲ့ အရေအတွက်မရှိသေးလို့ ဖြစ်ပါတယ်။ လူတစ်ယောက် ရဲ့ ဘဝတစ်သက်တာမှာ ကင်ဆာဆဲလ်တွေဟာ ခြောက်ဆမှ ဆယ်ဆအထိ တိုးပွားလာတတ်တယ်လို့လည်း သိရပါတယ်။ ဒါကိုလူရဲ့ ခုခံစနစ်က တိုက်ဖျက်ချေမှုန်းပစ်ရပါတယ်။ ခုခံအား ကောင်းနေရင် ဒီဆဲလ်တွေ မပွားနိုင်တော့ဘဲ ကင်ဆာရောဂါ လည်းမဖြစ်နိုင်တော့ပါဘူး။ လူတစ်ယောက်မှာ ကင်ဆာရောဂါ တစ်ခုခုဖြစ်နေပြီဆိုတာနဲ့ သူ့မှာ multiple nutritional deficiencies အာဟာရချို့တဲ့မှုတွေ ဖြစ်နေပြီဆိုတာကို ပြသလိုက်တာပါပဲ။ မျိုးရိုးဗီဇလိုက်တာ၊ ပတ်ဝန်းကျင်အခြေအနေတွေ၊ အစားအစာ၊ စားသောက်နေထိုင်မှုပုံစံတွေနဲ့ ဆက်စပ်ပြီး ခုခံအားစနစ်အားနည်းလာပြီး ဆဲလ်ဆိုးတွေကို မတားဆီးနိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုချို့ယွင်းချက်တွေကို အလေးထားပြုပြင်သင့်ပါတယ်။ အရေးကြီးလှတဲ့ ခုခံအားစနစ် ကောင်းနေစေဖို့ သင့်တင့်တဲ့ အစားအသောက် နေထိုင်မှု ကောင်းတွေ ဖန်တီးဖို့လိုပါတယ်။


ကင်ဆာရောဂါအတွက် ထိရောက်နိုင်တာက ဒီဆဲလ်ဆိုးတွေ ကိုမပြန့်ပွားအောင် feed သူတို့လိုတဲ့ အစာအာဟာရတွေ မပေးဖို့ဘဲ ဖြစ်ပါတယ်။


ကင်ဆာဆဲလ်နှင့် စားသောက်မှု သကြားဟာ ကင်ဆာကြိုက် အာဟာရ ဖြစ်ပါတယ်။ သကြားကို တတ်နိုင်သလောက် ရှောင်ဖို့ဖြစ်ပါတယ်။ အချိုကဲတာတွေ ရှောင်သင့်ပါတယ်၊ သကြားအစားထိုး အချို တွေဖြစ်တဲ့ Nutra Sweet, Equal, Spoonful စသသည်ကူ အစရှိသည် တို့ဟာ Aspartame ခေါ် အချိုတုနဲ့ လုပ်ထားတာဖြစ်ပြီး ဒါသည်လည်း အန္တရာယ်ဖြစ်နိုင်ပါတယ်။ သင့်တော်တဲ့ သကြား အစားထိုးအနေနဲ့ ပျားရည် သို့မဟုတ် သကာရည်တို့ကို အသင့်အတင့် သုံးနိုင်ပါတယ်။ ဆားကိုလည်း လျှော့သုံးပါ။ Bragg’s aminos သို့မဟုတ် (sea salt) ပင်လယ်ဆားကို ရွေးချယ်သင့်ပါတယ်။


နို့သောက်ရင်၊ ခန္ဓာကိုယ်ကနေ ချွဲတွေ ထုတ်ပေးပါတယ်။ အထူးသဖြင့် အစာလမ်းကြောင်းမှာ ချွဲတွေထွက်လာတတ်ပါ တယ်။ ကင်ဆာဆဲလ်တွေက အဲဒီအချွဲတွေကို စားသုံးကြပါတယ်။ ဒါကြောင့် နို့အစား အချိုဓာတ်မပါတဲ့ ပဲနို့ကို စားသုံးသင့်ပါတယ်။


အသားစားရင် အက်စစ်ဓာတ်တွေ များလာတတ်ပါတယ်။ အက်စစ်ဓာတ် လွန်ကဲတဲ့ အခြေအနေမှာ ကင်ဆာဆဲလ်တွေ ရှင်သန်နိုင်ကြပါတယ်။ အသားကို တတ်နိုင်သလောက်ရှောင်ပြီး ငါးစားပါ။ ကြက်သားအနည်းငယ်ကို ဝက်သား အမဲသားတို့ထက် ဦးစားပေး ရွေးချယ်ပါ။ အသားတွေမှာ မွေးမြူရေးသုံး ပဋိဇီဝ ဆေးတွေ၊ ကြီးထွားစေတဲ့ ဟော်မုန်းဓာတ်တွေ၊ ပါရာဆိုက်ခေါ် ကပ်ပါးပိုးတွေ ပါနေတတ်ပါတယ်။ ဒါတွေဟာ အထူးသဖြင့် ကင်ဆာရောဂါရှင်တွေအတွက် အန္တရာယ် ဖြစ်နိုင်ပါတယ်။ အရက်ကလည်း အက်စစ်ဓာတ်တစ်မျိုးလို ဖြစ်နေတာကြောင့် ရှောင်သင့်ပါတယ်။


လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးရည်၊ အစေ့အဆန်တွေ၊ သစ်သီးအသင့်အတင့် စသည်တို့ ၈၀ ရာခိုင်နှုန်း ပါဝင်တဲ့ အစားအစာမျိုးကို ရွေးချယ်စားသုံးပါ။ ၂၀ ရာခိုင်နှုန်း လောက်ကတော့ ပဲအမျိုးမျိုးကို ချက်ပြုတ်ရာကနေ ရနိုင်ရင် အကောင်းဆုံးပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကနေ (live enzymes) လတ်ဆတ်တဲ့ အင်ဇိုင်းတွေ ထွက်လာပြီး ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေဆီအထိ ၁၅ မိနစ်အတွင်း ရောက်သွားပြီး ကျန်းမာနေတဲ့ ဆဲလ်အကောင်းတွေကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။ အဲဒီ live enzymes တွေရရှိဖို့ လတ်ဆတ်တဲ့ သစ်သီးရည်များ သောက်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို စိမ်းစိမ်းစိုစို တစ်နေ့ နှစ်ကြိမ် သုံးကြိမ်လောက် စားပေးသင့်ပါတယ်။ အင်ဇိုင်းတွေဟာ အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ဒီဂရီစင်တီဂရိတ်) မှာ ပျက်စီးတတ်ပါတယ်။


ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက် တို့မှာ ကဖိန်းဓာတ် များများပါဝင်လို့ ရှောင်သင့်ပါတယ်။ လက်ဖက်စိမ်းကတော့ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်တဲ့သတ္တိရှိတာမို့ ရွေးချယ်နိုင်ပါတယ်။ ရေသောက်ရင် သန့်စင်ထားတဲ့ ရေသန့် သို့မဟုတ် စစ်ထားတဲ့ရေတွေကို သောက်သုံးပါ။ ဘုံဘိုင်ရေတွေမှာ သတ္တုဓာတ်တွေ၊ အခြားမသန့်စင်တဲ့ဓာတ်တွေ ပါနိုင်တာမို့ မသောက်သုံးသင့်ပါဘူး။ ပေါင်းခံထားတဲ့ရေကလည်း အက်စစ် ဓာတ်ပါတာမို့ မသောက်သင့်ပါဘူး။


အသားတွေနဲ့ပတ်သက်လို့ သတိပြုသင့်တာတစ်ခုက အသားတွေမှာပါတဲ့ အသားပရိုတင်းဓာတ်ကို ချေဖျက်ဖို့ အင်ဇိုင်းဓာတ်တွေ များများလိုပါတယ်။ အစာကြေဖို့ ခက်တယ်ပေါ့။ အစာမကြေတဲ့ အသားတွေဟာ အူလမ်းကြောင်းမှာ စုနေပြီး အစာမကြေတဲ့ အစာဟောင်းပုပ်တွေဖြစ်၊ အဲဒီကနေ လူနဲ့ မတည့်တဲ့ အဆိပ်ဓာတ်တွေ ထွက်လာတတ်ပါတယ်။ ကင်ဆာ ဆဲလ်တွေရဲ့ နံရံတွေဟာ ထူထဲတဲ့ ပရိုတိန်းအကာတွေ ရှိပါ တယ်။ အသားဓာတ်ကို လျှော့စားခြင်းဖြင့် အင်ဇိုင်းများ ပိုထွက်လာပြီး အဆိုပါနံရံများကို တိုက်စားပစ်ပါတယ်။ ပြီးတော့ ခုခံအားဆဲလ်တွေကို ကင်ဆာဆဲလ်တွေအတွင်း ဝင်ရောက်နိုင်စေပြီး ကင်ဆာဆဲလ်တွေကို ပျက်စီးစေပါတယ်။


Supplements ခေါ်တဲ့အထောက်အကူပြုဆေး ဓာတ်စာ အချို့ - IP6, Floresence, Essiac, antioxidants, vitmins, minerals ဗီတာမင်နှင့်သတ္တုဓာတ်အချို့ EFAs စသည်တို့ဟာ ခုခံအားစနစ်ကို တည်ဆောက်ပေးနိုင်ကြကြောင်း တွေ့ရပါတယ်။ (Vitamin E) ဗီတာမင်အီးဆိုရင် apoptosis or programmed cell death ခေါ်မလိုတော့တဲ့ ဆဲလ်အဟောင်းများ သူတို့ဘာသာ ပျက်စီးသေဆုံးသွားတဲ့ ဖြစ်စဉ်ကို အထောက်အကူပြုနိုင်ပါတယ်။


စိတ်ဖြေလျှော့ဖို့လို ကင်ဆာဖြစ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ရုပ်၊ စိတ်နဲ့ နူးညံ့တဲ့ စိတ်နေစိတ်ထားတို့ရဲ့ ပြဿနာရောဂါလို့ ဆိုနိုင်ပါတယ်။ သတိရှိခြင်း၊ အကောင်းမြင်စိတ် ထားတတ်ခြင်းတို့ဟာ ကင်ဆာ ရောဂါဖြစ်ပွားနေသူရဲ့ အသက်ရှင်သန်နိုင်ခွင့်ကိုများစွာ အထောက်အကူပြုပါတယ်။ စိတ်တိုဒေါသ ထွက်လွယ်တတ်ခြင်း၊ ခွင့်မလွှတ်တတ်ခြင်း၊ အာဃာတကြီးခြင်း၊ အဆိုးမြင်တတ်ခြင်း စသည်တို့ကြောင့် ခန္ဓာကိုယ်ကို ဖိအားခံစားစေပြီး အက်စစ် သဘာဝဖြစ်စေပါတယ်။ အက်စစ်သဘာဝဝန်းကျင်ဟာ ကင်ဆာ ဖြစ်စေ ပျံ့နှံ့စေပါတယ်။ ဒါကြောင့် ချစ်တတ်အောင်လုပ်ပါ (အချစ်ကိုလုပ်၊ စစ်ကိုမလုပ်နဲ့)၊ မေတ္တာစိတ်ထားပါ၊ သည်းခံ ခွင့်လွှတ်တတ်စိတ်ထားပါ၊ ကိုယ်စိတ်ဖြေလျှော့ပါ၊ (ထွက်ပေါက် မရှိရင် ပေါက်ထွက်တတ်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်) မိမိ ဘဝကို နှစ်သက်စွာ လက်ခံပါ။


ကင်ဆာဆဲလ်တွေဟာ အောက်ဆီဂျင်ဓာတ်ရှိတဲ့ ဝန်းကျင်မှာ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ၊ အသက်ပြင်းပြင်း ရှူသွင်းထုတ်လေ့ကျင့်ပါ။ ခန္ဓာ ကိုယ်တွင်း အောက်ဆီဂျင်ဓာတ်များစွာရရှိစေပါတယ်။ ဆဲလ်များ အတွင်း အောက်ဆီဂျင်ဓာတ်ကောင်းစွာ ရောက်စေခြင်းဖြင့် ကင်ဆာဆဲလ်များကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် Oxygen therapy ဆိုပြီးတော့တောင် အောက်ဆီဂျင်ကုထုံးနဲ့ ကင်ဆာကုသမှုတစ်မျိုး ကြံဆနေကြပါသေးတယ်။ ဒါကြောင့် လေရှူလမ်းလျှောက်၊ ရေပိုသောက်၊ အဆီသကြား ဆားလျှော့ စား၊ မေတ္တာစိတ်ကိုပွားဆိုတဲ့ အဆိုလေးဟာ အတော်လိုက်ဖက် နေတာတွေ့ရပါတယ်။


ပလတ်စတစ်တွေနဲ့လည်း ဆက်စပ်နေ နောက်အရေးကြီးတာက ပလတ်စတစ်တွေပါ။ ပလတ် စတစ်တွေဟာ ကင်ဆာရောဂါဖြစ်စဉ်နဲ့ အထူးဆက်စပ် နေပါတယ်။ မိုက်ခရိုဝေ့ဗ် မီးဖိုထဲမှာ ပလတ်စတစ်ခွက်တွေ လုံးဝ မထားပါနဲ့၊ ရေခဲသေတ္တာရဲ့ အေးခဲခန်းနဲ့ freezer ရေခဲ သေတ္တာတွေမှာ ရေပုလင်းတွေ လုံးဝမထားပါနဲ့။ မိုက်ခရိုဝေ့ဗ် မီးဖိုထဲမှာ စားစရာတွေကို ပလတ်စတစ်နဲ့ထုပ်ပိုး ထည့်မထား ပါနဲ့။


ပလတ်စတစ်တွေဟာ အေးလွန်း၊ ပူလွန်းတဲ့ အခြေအနေတွေမှာ ဒိုင်အောက်စင်ဓာတ်တွေ ထွက်လာစေပါတယ်။ စားစရာတွေကို ပလတ်စတစ်ဘူးတွေ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ ထည့်ရင် ဒီဓာတ်ထွက်လာမှာဖြစ်လို့ သတိပြုရှောင်ရှားသင့်ပါတယ်။ ဒိုင်အောက်စင်ဓာတ်တွေဟာ လူသားတွေရဲ့ ဆဲလ်တွေကိုအထူးအဆိပ်သင့်စေတဲ့ ဓာတ်ဖြစ်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ Dr. Edward Fugimoto (Wellness Porgram Manger at Cast Le Hospital) ဆိုသူက အမေရိကန်နိုင်ငံရဲ့ ရုပ်သံအစီအစဉ်တွေမှာ အခုလို အကြောင်းတွေကို ဟောပြောနေပြီ ဖြစ်ပါတယ်။ မိုက်ခရိုဝေ့ဗ် မီးဖိုတွေထဲမှာ ပလတ်စတစ်ဘူးခွက်တွေထဲ အစားအစာတွေထည့်ပြီး အပူမပေးကြပါနဲ့၊ အထူးသဖြင့် အဆီများတဲ့ စားစရာတွေ မထည့်မိဖို့သတိပြုပါ။ အဆီ၊ အပူ၊ ပလတ်စတစ်တွေပေါင်းပြီး ဒိုင်အောက်စင် ဓာတ်ထွက်လာမယ်၊ စားလိုက်ရင် ကိုယ်ထဲရောက်ပြီး အန္တရာယ်ပေးမှာ ဖြစ်ပါတယ်။ ဖန်၊ ကြွေပန်းကန်မျိုးတွေသုံးရင် အန္တရာယ်ကင်းပါတယ်၊ ဖော့ဘူးတွေလည်း မသုံးပါနဲ့ စသည်ဖြင့် ပြောပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကင်ဆာရောဂါ အဖြစ်များလာနေတဲ့ အကြောင်းလည်း တွေ့ရပါတယ်။


ကင်ဆာနဲ့မြန်မာ မြန်မာနိုင်ငံမှာ ကင်ဆာရောဂါ ဖြစ်ပွားမှုများလာပြီး ဆက်စပ်တဲ့ ဒုက္ခတွေ၊ ပြဿနာတွေကိုလည်း ပြည်သူတွေပိုပြီး တွေ့ကြုံခံစား ရင်ဆိုင်လာနေရကြောင်း သိရပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ကင်ဆာရောဂါပညာအသင်းရဲ့ အစည်းအဝေးမှာ ကင်ဆာရောဂါကု ဆေးပညာရှင်အသင်း ဥက္ကဋ္ဌနဲ့ ပညာရှင် ဒေါက်တာဦးစိုးအောင်က ကင်ဆာရောဂါကို သတိပြုကြဖို့က အဓိကဖြစ်ပါတယ်လို့ ပြောသွားပါတယ်။ ရောဂါကို စောစီးစွာ ဖော်ထုတ်ဖို့နဲ့ ကာကွယ်ကြဖို့ဟာ အထူး အရေးကြီးလှပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု၊ ကာကွယ်ဆေးများ ထိုးနှံကြဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ဆရာဝန်နဲ့တွေ့ဆုံချိန်မှာ ရောဂါဟာ အတိုင်းအတာတစ်ခုအထိ ပျံ့နှံ့နေပြီးဖြစ်နေတာကို တွေ့ရလေ့ ရှိပါတယ်။ ဒါကြောင့် ကုသရခက်ခဲတဲ့အပြင် အသက်ရှင်နိုင်ခွင့်လည်း နည်းပါးလေ့ရှိကြပါတယ်။


ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး အထူးသတိပြုသင့်တာက ဆေးလိပ်ဆေးရွက်ကြီး သောက်သုံး သုံးစွဲမှုများ၊ ကွမ်းစားမှုများဟာ နိုင်ငံသားများအတွက် ကင်ဆာရောဂါတွင်းထဲကို ဆွဲပို့နေတဲ့ အကြောင်းတရားများ ဖြစ်နေလေ့ရှိပါတယ်။ ဒီအလေ့ အကျင့်တွေကို ရှောင်ရှားကြဖို့၊ ရောဂါရဲ့ ကနဦးလက္ခဏာတွေကို သတိပြုကြဖို့၊ ဆရာဝန်များရဲ့ òန်ကြားမှုများအတိုင်း ကောင်းစွာလိုက်နာဆောင်ရွက်ကြဖို့ စသည်တို့ဟာ အရေးကြီးတဲ့ အချက်များ ဖြစ်ကြပါတယ်။ ကင်ဆာရောဂါ သတိပေးလက္ခဏာ တွေကို သိရှိနားလည်မှုမရှိရင် ရောဂါရဲ့ အသာစီးဖိနှိပ်မှုကို ခံရမှာဖြစ်ပါတယ်။ အလားတူပဲ ဆေးလိပ်သောက်တာ၊ ကွမ်း စားတာ၊ အရက်သောက်တာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားစရာတွေကို စားသောက်တတ်တဲ့ အကျင့်တွေကို မရှောင် နိုင်ရင်လည်း ရောဂါရဲ့ အနိုင်ရမှုကို ရသွားစေမှာ ဖြစ်ပါတယ်။


အာရှတိုက်ကြီးဟာ တစ်ကမ္ဘာလုံးလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းသော လူအများနေထိုင်ရာဒေသကြီး ဖြစ်သလို တစ်ကမ္ဘာလုံးက ကင်ဆာရောဂါရှင်အပေါင်းရဲ့ ထက်ဝက်လောက် နေထိုင်နေကြတဲ့ ဒေသလို့လည်း ခေါ်နိုင်ပါတယ်။ ကင်ဆာရောဂါဖြစ်ပွားနှုန်း ဟာ၂၀ဝ၈ ခုနှစ်က ၆ ဒသမ ၁ သန်းရှိရာက ၂၀၃၀ ပြည့်နှစ်မှာ ၁၀၆ သန်းခန့် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းကြပါ တယ်။ International Agency for Research on Cancer-IARC) နိုင်ငံတကာ ကင်ဆာသုတေသနအေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ၂၀၁၂ ခုနှစ်က ကင်ဆာ ရောဂါရှင်အသစ်ပေါင်း ၆၄၀ဝဝ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်း ကိန်းဂဏန်းတွေက ကျမသွားဘဲ တိုးလာနေတာလည်း တွေ့ရပါတယ်။ ကင်ဆာရောဂါကြောင့် သေဆုံးရမှု ဟာ၂၀၃၀ ပြည့်နှစ်မှာ လက်ရှိထက် သုံးပုံနှစ်ပုံလောက် တက်လာမှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား အမျိုးသား များအတွက် အဆုတ်ကင်ဆာ သို့မဟုတ် ခံတွင်းကင်ဆာရောဂါများ အဖြစ်များနေလှပြီး ဆေးလိပ်သောက်၊ ကွမ်းစားတတ်မှု တွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် ကတော့ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာတို့ဟာ ထိပ်ဆုံးမှာ ဖြစ်ပွားနေတာတွေ့ရပါတယ်။ ရောဂါကို စောစောစီးစီး စနစ်တကျရှာဖွေ စစ်ဆေးတာ၊ အချိန်ကောင်းအတွင်း ဆေးကုသမှုခံယူတာတွေဟာ အထူးနည်းပါး အားနည်းနေပါ သေးတယ်။


ကာကွယ်ဖို့ စိတ်ဝင်စားမှုနည်းနေ ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာ့အခြေအနေ၊ မြန်မာ့ အခြေအနေတို့ဟာ စိတ်အေးဖွယ်မရှိဘူးလို့ သိရပါတယ်။ ရောဂါကုသမှု၊ သုတေသနပြုမှုတွေဟာ တိုးတက်လာနေပေမယ့် လူအများက သတိမူ ကာကွယ်မှုတွေမှာ စိတ်ဝင်စားမှုတွေနည်းပါး နေပါသေးတယ်။ ရောဂါဖြစ်နိုင်တဲ့ အပြုအမူတွေကို သတိပြုတာ၊ရှောင်ရှားကြတာတွေ နည်းပါးလှပါတယ်။ ကွမ်းစားလို့ ခံတွင်းကင်ဆာ ဖြစ်နိုင်မှန်းသိပေမယ့် ကွမ်းစားတာကို မစွန့် လွယ်ကြပါဘူး။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေ လည်း ဒီလိုပါပဲ။ ရောဂါဖြစ်သူတွေ တိုးပြီးရင်း တိုးနေတာဟာ ဒီလိုအခြေအနေတွေကြောင့်လို့ ယူဆကြပါတယ်။ ဆေးကုသမှု နည်းပညာတွေ တိုးတက်လာတာကြောင့် ကင်ဆာရောဂါကြောင့် အသက်ရှင်သန်နိုင်ခွင့်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ် အတွင်း နှစ်ဆလောက်မြင့်တက်လာပါတယ်။


ကင်ဆာဖြစ်မှန်းသိရပြီးတဲ့ လူနာတွေရဲ့ထက်ဝက်ဟာ အမှန်တကယ် ဆေးကုသမှုမှန်မှန်ယူရင် ၁၀ နှစ် အသက်ရှင်နိုင်ခွင့် ရနေနိုင်တာလည်း တွေ့ရပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ဆေးထိုးပြီး ထိရောက်စွာ ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။


HPV Human Papiloma Virus ကို ကာကွယ်ဆေး ထိုးထားရုံနဲ့ ကာကွယ်နိုင်ပါတယ်။ ဒီကာကွယ်ဆေးကိုလည်း လူအများ လက်လှမ်းမီတဲ့ အခြေအနေမှာ ရောက်ရှိနေပါပြီ။ မြန်မာနိုင်ငံမှာ စာရင်းဇယားနဲ့ ပတ်သက်ပြီး တိတိကျကျ မဆောင်ရွက်နိုင်သေးတာတွေဟာ ဆေးပညာ၊ ဆေးကုသမှုတွေမှာ အခက်အခဲ ဖြစ်နေစေပါသေးတယ်။ ဆေးပညာဆိုတာ သိပ္ပံပညာတစ်ခု ဖြစ်ပါတယ်။ သိပ္ပံပညာဆိုတာ တိကျရပါတယ်။ အခု ကင်ဆာရောဂါ ဖြစ်ပွားနေမှုများနဲ့ ပတ်သက်လို့ ဘယ်လောက်ဖြစ်ပွားနေတယ်။ ဘယ်နေရာတွေ၊ ဘယ်လို အသက်အရွယ်တွေ၊ ဘယ်လို ဆက်နွှယ်နေတယ်ဆိုတာမျိုး တွေဟာ ရောဂါကာကွယ်ကုသမှုတွေမှာ အထူးအရေးပါလှပါတယ်။ ဆေးပညာရှင်များအတွက် အထူးအရေးပါလှတဲ့ အခြေခံအချက်အလက်တွေ ဖြစ်ပါတယ်။


တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရနိုင်ဖို့ မလွယ်သေးပါဘူး။ ဆေးရုံတစ်ခုချင်းဆီက ရရှိတဲ့ကိန်းဂဏန်းတွေသာ ရရှိနေ ပါသေးတယ်။ တကယ်တမ်းဆိုရင် ပိုများပြားမှာ ဖြစ်သလို ပိုပြီးလည်း တိကျလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားအဆင့် ကင်ဆာရောဂါ ထိန်းသိမ်းရေးစီမံချက်ကို စတင် ချမှတ်ဆောင်ရွက်တော့မယ်လို့လည်း သိရပါတယ်။ ဒီစီမံချက်မှာ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ အခြေခံအကျဆုံး ကိန်းဂဏန်းတွေကို ကောက်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရောဂါကြောင့် လူဘယ်လောက် သေဆုံးနေရတယ်ဆိုတဲ့ အချက်မျိုး တွေဟာ အင်မတန်အရေးကြီးလှတာ ဖြစ်ပါတယ်။ ဒီလိုအချက် မျိုးတွေကို စုံသင့်သလောက်စုံအောင် ကောက်ယူဆောင်ရွက် ရပါမယ်။


ကူညီဆောင်ရွက်ပေးမယ့်အဖွဲ့အစည်းများ၊ အရင်းအမြစ်များနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပူးပေါင်း ဆောင်ရွက်မှုများနဲ့ ထိရောက်စွာဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အထူးဦးစားပေးလုပ်ငန်းများအဖြစ် ကာကွယ်ရေး၊ ရောဂါရှာဖွေရေး၊ လူသားအရင်းအမြစ်များရဲ့ အရည်အသွေးများ တိုးတက်လာစေရေး၊ ဆေးကုသမှုဆိုင်ရာ ဓာတ်ရောင်ခြည်၊ ခီမိုဆေးကုသမှုစသည်များအတွက် လိုအပ်တဲ့နည်းပညာများ တိုးတက်ရရှိ လာရေးတို့ကို စနစ်တကျဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကလည်း စိတ်ဝင်စားစွာ ကူညီပူးပေါင်းဆောင်ရွက်ပေးနေကြပါတယ်။ ဥရောပကင်ဆာ ရောဂါကုဆေးပညာအသင်းကြီးရဲ့ ညီလာခံကို၂၀၁၆ ခုနှစ် အတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။


ဒီညီလာခံနဲ့ အဖွဲ့ကြီးဟာ မြန်မာနိုင်ငံကိုလည်း အထူးကူညီနေတယ်လို့ သိရပါတယ်။ နောက်ဆုံးရရှိတဲ့ စာရင်းများအရ မြန်မာနိုင်ငံဟာ GDP ပြည်တွင်းကုန်ထုတ်လုပ်မှုပမာဏရဲ့ ၂ ရာခိုင်နှုန်းကို ဆေးကုသရေးလုပ်ငန်းတွေမှာ သုံးနေတယ်လို့ သိရပါတယ်။


ကုသမှုတွေမှာ အခက်အခဲကြုံရ ဒီနေရာမှာ ပြောချင်တာက မြန်မာနိ်ုင်ငံအနေနဲ့ ဝင်ငွေနိမ့် အလယ်အလတ်နိုင်ငံဖြစ်တာမို့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ အဓိကအားဖြင့် ကူးစက်ရောဂါတွေ ကိုယ်ဝန် ဆောင်မိခင်များနဲ့ ကလေးငယ်များရဲ့ ကျန်းမာရေးပြဿနာ တွေကိုဆောင်ရွက်နေရပါတယ်။ နောက်တစ်ချက်ကတော့ အယူအဆဟောင်းတချို့ကြောင့်ပါ။ ကင်ဆာဆိုတာ ကုလို့ မပျောက်နိုင်တဲ့ ရောဂါပါ။ ဒါကြောင့် ဒီအတွက်ငွေကို များများ မသုံးသင့်ဘူး။ တခြားလိုအပ်ရာနေရာကိုပဲ ဦးစားပေးမယ် ဆိုတာမျိုးပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီအချက်တွေကို ပြုပြင်ပေးနိုင်ဖို့ အပြင်းအထန် ကြိုးစားနေရပါတယ်လို့ ကင်ဆာ ရောဂါကုပညာရှင် ပါမောက္ခဒေါက်တာ ဦးစိုးအောင်က ပြောပါတယ်။ ဆင်းရဲမှုတွေ၊ အယူအဆဟောင်းတွေကြောင့်လည်း ကုသမှုတွေမှာ အခက်အခဲတွေ တွေ့ ကြုံနေရကြောင်း သိရပါတယ်။


နိုင်ငံဆင်းရဲတွင်းနက်နေမှုများ၊ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာခက်ခဲနေမှုများ၊ ဘာသာစကားဆိုင်ရာ အခက်အခဲများ (တိုင်းရင်းသား မျိုးနွယ်ပေါင်းတစ်ရာကျော်ရှိနေပြီး သီးခြား ဘာသာစကားများ ရှိနေခြင်း)၊ သတင်းမီဒီယာ ဆက်သွယ်မှု ခက်ခဲနေခြင်း၊ ရှေးရိုးစဉ်လာ အတွေးအခေါ်ဟောင်းများ စသည် တို့ဟာ ခေတ်ပေါ်ရောဂါ ကုသရေးလုပ်ငန်းများရဲ့ အတားအဆီးများ ဖြစ်နေလျက်ရှိပါတယ်။ ဒါကြောင့်ရောဂါကို မကာကွယ်နိုင်ဘူး။ ရောဂါကို အချိန်မီမကုသနိုင်ဘူး စသည်ဖြင့်လည်း သိရပါတယ်။ ပြည်သူများအနေနဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်နေပါကြောင်း စသည်ဖြင့် သိရပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်အဖြစ် များဆုံးနိုင်ငံစာရင်းဝင်၊ သဘာဝဘေးအန္တရာယ်တွေကိုကြိုတင် ကာကွယ်မှုတွေမှာလည်း ထိပ်ဆုံးစာရင်းဝင်နိုင်ငံတစ်ခုဖြစ်နေ ပါတယ်။ ကျန်းမာရေးမှာလည်း အဆင့်နိမ့်နေဆဲဖြစ်နေတာကို တွေ့နေရဆဲပါ။ အချိန်ကာလများစွာ အဆိုပါ ကိစ္စများနဲ့ ပတ်သက်ပြီး စီစဉ်ဆောင်ရွက်နိုင်မှုများစွာ အားနည်းခဲ့တာ ကြောင့်လည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုနိုင်ငံကို ပြန်လည် တည်ဆောက်နေရချိန်မှာ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ အသိနဲ့ သတိရှိရှိ ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။


ဒီကင်ဆာရောဂါအကြောင်း ဖတ်မိပြီးတော့ ခန္ဓာကိုယ်ကို ဖျက်ဆီးတတ်တဲ့ မာရ(မာရ်) ဆိုတဲ့အကြောင်း တွေးမိပါတယ်။ မာရ်ငါးပါးဆိုရာမှာ မာရ်ဆိုတာ မာရဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာတဲ့ ပါဠိသက် မြန်မာဝေါဟာရလို့ သိရပါတယ်။


မာရ-သေခြင်း၊ သတ်ခြင်း၊ သွေးဆောင်ဖွဲ့နှောင်သူ၊ အယုတ်တရားအစုလို့ အနက်အဓိပ္ပာယ်ရပါတယ်။ မာရ်ငါးပါးရှိရာမှာ အများသိကြတဲ့ မာရ်နတ်ဆိုတာက ဒေဝပုတ္တမာရ်ဆိုတဲ့ အဖျက်တရားတွေကိုသာ လုပ်နေတတ်တဲ့ မာရ်နတ်မင်း ဖြစ်ပါတယ်။


ကိလေသာမာရ်ဆိုတာက လောဘ၊ ဒေါသ၊ မောဟ၊ မာန် မာန၊ ဣဿာ၊ မစ္ဆရိယအစရှိတဲ့ ကိလေသာ တရားများဖြစ်ကြပြီး လောကသားတွေကို ပူလောင်ညစ်နွမ်းဆင်းရဲပင်ပန်းစေကြတာ ဖြစ်ပါတယ်။


အဘိသင်္ခါရမာရ် မိမိပြုတဲ့ကုသိုလ်၊ အကုသိုလ် ကံတွေကြောင့် သုဂတိ၊ ဒုဂ္ဂတိဘဝတွေကို ရောက်ကြရတဲ့အပြင် အဖန် တလဲလဲ မွေးဖွားလိုက်၊ သေဆုံးလိုက်နဲ့ ဘဝသံသရာ လည်နေတတ်တာကို ဆိုပါတယ်။


ခန္ဓမာရ်ဆိုတာက မိမိရရှိထားတဲ့ ခန္ဓာငါးပါး အစုကြီးက ပိုင်ရှင်ဖြစ်တဲ့ မိမိကိုဒုက္ခမျိုးစုံနဲ့ နှိပ်စက်ပြီး သေခြင်းနဲ့ အဆုံး သတ်ပေးတဲ့ ခန္ဓာကိုယ်ကြီးကို ဆိုပါတယ်။


မစ္စုမာရ်ဆိုတာက သေခြင်းဖြစ်ပါတယ်။ ရောဂါ ဝေဒနာတွေ အမျိုးမျိုးခံစားရ၊ ချစ်ခင်သူတွေနဲ့ ခွဲခွာရ စတဲ့ဒုက္ခများစွာ ခံစားရပြီးမှ သေခြင်းဆီရောက်ရတာမို့ ဒါကလည်း မာရ်တစ်ခု ဖြစ်ပါတယ်။


ခန္ဓာရှိသရွေ့ ဝဋ်ဒုက္ခတွေရှိ ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်မှာ မာရ အကြောင်း ဟောကြားထားတာ နာဖူးပါတယ်။ သတ်ခြင်း၊ သေခြင်း၊ သေသူစသည်တို့ဟာ မာရသဘောပဲ ဖြစ်ပါတယ်။ အခုလည်း ကင်ဆာရောဂါဆိုတာဟာ မိမိရဲ့ခန္ဓာကိုယ်က ဆဲလ်တွေက ဖောက်ပြန်ပြီး မိမိကို သေအောင်သတ်တာ ဖြစ်ပါတယ်။ အစားအသောက်၊ အနေအထိုင်၊ ပတ်ဝန်းကျင် အခြေအနေ၊ မျိုးရိုးဗီဇ၊ စိတ်နေစိတ်ထား စတဲ့အခြေအနေတွေကြောင့် မိမိတို့ရဲ့ ဆဲလ်တွေဟာ ဗီဇဖောက်ပြန်ပျက်စီးခြင်းဖြစ်ပြီး ကင်ဆာ ရောဂါဆိုတဲ့ အခြေအနေဆိုးကြီးဆီ ရောက်အောင် ခေါ်သွားတာ ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ဆို အရွယ်ကောင်းတုန်း သားအိမ်ခေါင်းကင်ဆာဖြစ်တယ်။ ကုသနေပေမယ့် ကင်ဆာ ဆဲလ်တွေက ဆီးအိမ်ဆီ ရောက်သွားလို့ ဆီးအိမ်ကို ထုတ်ပစ် လိုက်ရတယ်။ ပလတ်စတစ်အိတ် တပ်ထားပြီး ဆီးကို စွန့်ရပါတယ်။ တစ်ခါအူမကြီးဆီ ကူးသွားပြန်ပြီတဲ့။ အူမကြီးကိုပါ ထုတ်ပစ်လိုက်ရပြီး စအိုပေါက်ကို ပိတ်လိုက်ရတယ်။ အညစ် အကြေးစွန့်ဖို့ ဝမ်းဗိုက်ရဲ့ရှေ့မှာ ကျင်ကြီးစွန့်အိတ်နဲ့ ကပ်ထားရတယ်။ အဲဒီကနေစွန့်ရပါတယ်။ပြောရရင်၊ ရှေ့ရော၊ နောက်ရော က ဒွါရပေါက်တွေမရှိတော့လို့ အိတ်တွေနဲ့ စွန့်ရတာ ဖြစ်ပါတယ်။ သနားစရာကောင်းလိုက်တာ။ ကိုယ်ချင်းစာကြည့်၊ ခံစားကြည့် မိတယ်။ အင်မတန်ပြင်းထန်တဲ့ ခန္ဓာဝန်ကြီးရဲ့ နှိပ်စက်မှုပါလားလို့။ မာရတရားသဘောတွေ၊ လူတိုင်းမိမိတို့ ခန္ဓာရှိနေသရွေ့ ဒီလို ဝဋ်ဒုက္ခတွေကြုံကြရမှာပါ။ မြတ်ဘုရားရှင်ရဲ့ လောကသံသရာက လွတ်အောင်ထွက်ကြဆိုတဲ့ သဘောကို ဆင်ခြင်မိပါတယ်။


ကျွန်တော်တို့ အားနေလို့ ရသမျှ နေနိုင်ကြရအောင် မိမိတို့ ခန္ဓာကို သတိသမ္ပဇည (သတိ၊ပညာ)တို့နဲ့ စောင့်ရှောက် ထိန်း သိမ်းကြဖို့ စွမ်းဆောင်ကြသင့်တာဖြစ်ပါတယ် ခင်ဗျာ။ ။


ဒေါက်တာမြင့်သန်း(ညောင်လေးပင်)