ကင်ဂျုံအန်းရဲ့ တရုတ်ခရီးစဉ် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးမှာ အရေးပါသလား

mdn

ထွန်းသစ်စ - ရေးသားသည်

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အမေရိကန်သမ္မတနဲ့ ထပ်မံတွေ့ဆုံခြင်းမပြုမီ သူ့ရဲ့နည်းဗျူဟာတွေနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မကြာသေးမီက ပေကျင်းကိုရောက်ရှိ လာခဲ့တယ်လို့ ကြားသိရပါတယ်။ သူဟာ တရုတ်နိုင်ငံကို သွားမယ်ဆိုတာ ကြိုတင်ကြေညာခြင်းမရှိဘဲ သွားရောက်ခဲ့ပါတယ်။ ဒါဟာ အတော်အံ့ဩစရာကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။

 

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် 

 

အမေရိကန်နဲ့ မြောက်ကိုရီးယား နိုင်ငံတို့ဟာ ကာလရှည်ကြာနေတဲ့ နျူကလီးယား လက်နက်တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဘယ်လို ဖြေရှင်း ကိုင်တွယ်မလဲဆိုတာနဲ့ ပတ်သက်ပြီး အဖြေရှာနေတဲ့အချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ထွက်ပေါ်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

 မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ ဘာကြောင့် အခုလို တရုတ်သမ္မတနဲ့ လာရောက်တွေ့ဆုံသလဲဆိုတဲ့အပေါ် အသေအချာစေ့ငုကြည့်မယ်ဆိုပါက တရုတ်နိုင်ငံဟာ နျူကလီးယား လက်နက် စမ်းသပ်မှုတွေပြုလုပ်နေပြီး က္ဘာကြီးနဲ့ တစ်ဦးတည်းကွဲထွက်သလို ဖြစ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိက မဟာမိတ်နိုင်ငံဖြစ်သလို ကုန်သွယ်ရေးဆိုင်ရာနဲ့ အကူအညီ ပေးရေးဆိုင်ရာတွေမှာလည်း အဓိက အားထားရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ် ဆိုတာ လေ့လာသိရှိရပါတယ်။ 

 

ကင်ဂျုံအန်းဟာ တရုတ်နိုင်ငံကို သူ့ရဲ့ဇနီး ရီဆော်ဂျူနဲ့အတူ အဆင့်မြင့် အရာရှိကြီးတွေ လိုက်ပါလျက် မကြာ သေးမီက ရောက်ရှိလာခဲ့တာဖြစ်ပါ တယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ရဲ့ အခုခရီးစဉ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ထို့အတူ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ မွေးနေ့နဲ့လည်း တိုက်ဆိုင်နေတယ်လို့ သိရပါတယ်။

 

အကျိုးရှိမယ့်ခရီးစဉ် 

 

တရုတ်နိုင်ငံ ခရီးစဉ်မှာ ကင်ဂျုံ အန်းဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ဖို့ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်တယ်လို့ တချို့ လေ့လာ သူတွေက သုံးသပ်ထားပါတယ်။ တရုတ် ခရီးစဉ်ဟာ ကင်ဂျုံအန်းအတွက်တော့ တစ်မျိုးတစ်မည် အကျိုးရှိကောင်း ရှိစေမယ့်ခရီးစဉ် ဖြစ်ပါတယ်။ 

 

ထို့အတူ အမေရိကန်က မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုတွေလုပ်နေ တဲ့အချိန် မြောက်ကိုရီးယားရဲ့ တရုတ် နိုင်ငံခရီးစဉ်ကို လေ့လာကြည့်မယ် ဆိုရင် နှစ်နိုင်ငံလုံးဟာ ယုံကြည်မှု တိုးပွားလာတဲ့သဘောကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ တင်းမာတဲ့အခြေအနေတွေ အဆုံးသတ်အောင် ကူညီမယ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က မြောက် ကိုရီးယားခေါင်းဆောင်ကင်ရဲ့ အစီ အစဉ် သို့မဟုတ် မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုကြား တရုတ် ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အသေး စိတ်ဖွင့်ဟပြောဆိုခြင်း မရှိပါဘူး။ သို့သော်လည်း သူက မြောက် ကိုရီးယားအပေါ် အမေရိကန်ရဲ့ တောင်းဆိုမှုဖြစ်တဲ့ မြောက်ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနဲ့ ဒုံးကျည်စမ်းသပ်မှုများ နိဋ္ဌိတံရေးနဲ့ ပတ်သက်ပြီး တင်းမာတဲ့ အခြေအနေတွေ ကို အဆုံးသတ်နိုင်အောင် ကူညီသွားမယ် လို့တော့ ဆိုပါတယ်။ 

 

“ကျွန်တော်တို့ ဒါကို အမြဲယုံကြည်ပါတယ်။ ကိုရီးယားကျွန်းဆွယ်အရေးဟာ နှစ်ဖက်စလုံးအတွက် အဓိကကျပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ ဆက်လက်ဆက်ဆံ နေရဦးမှာဖြစ်ပြီး ကျွန်တော်တို့ကတော့ အပြုသဘောဆောင် ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ အမြဲကူညီသွားမှာပါ”လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လုခန်က ပြောပါတယ်။ 

 

ပိုမိုတိုးတက်လာ 

 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ရဲ့ လှုပ်ရှားဆောင်ရွက်မှုအခြေအနေ တွေ၊ ဆွေးနွေးမှုရလဒ်တွေနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ မြောက်ကိုရီးယား အလည်အပတ်ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကိုလည်း မကြာမီ ထုတ်ပြန်သွားမယ်လို့ သူက ပြောပါတယ်။ 

 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း စတင်တာဝန်ယူချိန် ၂၀၁၁ နောက်ပိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေးဟာ အနည်းငယ် အေးစက်နေခဲ့ပေမယ့် တရုတ်သမ္မတ ရှီကျင့်ဖျင် ဒေသတွင်း လွှမ်းမိုးလာပြီး နောက်ပိုင်းမှာတော့ တရုတ်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးဟာ ပိုမိုတိုးတက်လာခဲ့ပါတယ်။ 

 

နှစ်နိုင်ငံ နားလည်မှုရှိအောင် ကြိုးစားဆောင်ရွက် 

 

မြောက်ကိုရီးယားနဲ့ အမေရိကန် ဆက်ဆံရေးကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် မြောက်ကိုရီးယား နျူကလီးယားလက်နက်တွေ တစ်နေ့မှာ အမေရိကန်ပြည်ထောင်စုကို ပစ်လွှတ် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြောက်ကိုရီး ယားဟာ သူ့ရဲ့ နျူကလီးယား စွမ်းအား ပြင်းလက်နက်တွေကို မကြာခဏ စမ်းသပ်မှုပြုလုပ်တဲ့ အချိန်မှစကာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ဟာ တစောင်းစေးနဲ့ မျက်ချေးလို ဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်နိုင်ငံဟာ စစ်မက် ဖြစ်မယ့် အနေအထားတောင် ဖြစ်လာ ခဲ့ပြီး နောက်ပိုင်းမှ တဖြည်းဖြည်း နှစ်နိုင်ငံ နားလည်မှုရရှိအောင် ကြိုးစား ဆောင်ရွက်ခဲ့ရတဲ့ အခြေအနေကိုတွေ့ရ မှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်စမ်းသပ်မှုကို အစပြုကာ အမေရိကန်ဟာ မြောက်ကိုရီးယားနိုင်ငံ အပေါ် စီးပွားရေး ဂယက်ရိုက်စေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တာလည်း အများအသိပဲဖြစ်ပါတယ်။ ဒီအရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဟာ ဆိုးလ်နဲ့ ဝါရှင်တန်တို့ကို သံခင်းတမန်ခင်း ဆိုင်ရာ အခင်းအကျင်း ပြောင်းလဲလိုက်ပါ တယ်။ ပြီးတော့လည်း မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးအနေနဲ့ တရုတ်နိုင်ငံ ကို သုံးကြိမ်တိုင်တိုင် သွားရောက်ခဲ့ပါတယ်။ 

 

ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျှော့ပေးသင့် 

 

နောက်ပိုင်းမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ စင်ကာပူနိုင်ငံမှာ နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ခဲ့ ပါတယ်။ ဒါဟာ နှစ်နိုင်ငံသမိုင်းမှာ မကြုံစဖူး ထူးကဲတဲ့ အရေးပဲ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ နျူကလီးယား ကင်းစင်ရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ဆက်လက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာ ဒီကနေ့အထိပါပဲ။ 

 

အမေရိကန်ဟာ မြောက်ကိုရီးယား နိုင်ငံကို လုံးဝနျူကလီးယားကင်းစင်ဖို့ အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က မိမိတို့နိုင်ငံအနေနဲ့ အတိုင်းအတာတစ်ခု အထိအကောင်အထည် ဖော်ဆောင်ရွက် ပြီးခဲ့ကြောင်း၊ ဒါကြောင့် အမေရိကန်က မြောက်ကိုရီးယားနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လျှော့ပေးသင့်ကြောင်း ပြောခဲ့ပါတယ်။ အကယ်၍ ဝါရှင်တန်အနေဖြင့် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေး ယူမှုတွေ ဆက်လက်လုပ်ဆောင်နေ ဦးမယ်ဆိုပါက မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ နျူကလီးယား ကင်းစင်ရေး ဆိုင်ရာ ရည်ရွယ်ချက်လမ်းကြောင်းတွေ ပြောင်းလဲကောင်း ပြောင်းလဲနိုင်တယ် လို့ ကင်က သူ့ရဲ့နှစ်သစ်ကူး မိန့်ခွန်းမှာ သတိပေးပြောကြားခဲ့ပါတယ်။ 

 

နျူကလီးယားကင်းစင်ဖို့ အရေးပါ 

 

တရုတ်ကို မြောက်ကိုရီးယား ခေါင်းဆောင် သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ကင်အိုင်ကျွမ် က မြောက်ကိုရီးယားခေါင်ဆောင်ရဲ့ တရုတ်ခရီးစဉ်ဟာ အမေရိကန်သမ္မတ ထရမ့်နဲ့ ကင်တို့ရဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးဖို့ အရေးပါကြောင်း ပြောခဲ့ပါတယ်။ 

 

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က သူနဲ့ကင်တို့ နောက်တစ်ကြိမ် ဆွေးနွေးဖို့အတွက် ဆန္ဒရှိတယ်လို့ လည်းဆိုပါတယ်။ အဲဒီလို တွေ့ဆုံတာနဲ့ လုံးဝနျူကလီးယားကင်းစင်ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက် အောင် လုပ်ဆောင်မယ်လို့ ပြောပါတယ်။ အားလုံးကို ခြုံပြောရမယ်ဆိုရင် ကင်ဂျုံအန်းရဲ့ အခုတစ်ခေါက် တရုတ် ခရီးစဉ်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးမှာ တစ်ထောင့် တစ်နေရာကနေ ပါဝင် လာမယ်လို့ ဆိုပါရစေ။ ။ 

 

ကိုးကား- နယူးယောက်တိုင်းမ်၊ ဝါရှင်တန်ပို့စ်