၂၅ နိုဝင်ဘာ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ လူနေရပ်ကွက်တစ်ခုအတွင်းသို့ လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ ၂၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။

အဆိုပါ လေယာဉ်မှာ ယမန်နေ့က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း ဂိုမာမြို့တော် လေဆိပ်မှ ပျံတက်လျှင်ပျံတက်ခြင်း ပျက်ကျပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဘီဘီစီက ဆိုသည်။

အဆောက်အဦးတစ်ခုပေါ်သို့လေယာဉ်ပျက်ကျခဲ့ပြီး ထိုလေယာဉ်ကိုယ်ထည်ပေါ်မှ မီးခိုးဖြူထွက်လာပြီး ၎င်းနေရာ ဝန်းကျင် တွင် လူအများစုဝေးနေသည်ကို ယင်းနေရာမှရိုက်ကူးထားသော ဗွီဒီယိုဖိုင်တွင် ပြသထားသည်။

ထိုလေယာဉ်ပေါ်တွင် ခရီးသည် ၁၇ ဦးနှင့် လေယာဉ်အမှုထမ်းနှစ်ဦး လိုက်ပါလာကြောင်းနှင့် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများတွင် မြေပြင်ပေါ်မှလူအချို့ ပါဝင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ကို ကိုးကားဖော်ပြထားသည်။

Dornier-228 အင်ဂျင်နှစ်လုံးတပ်လေယာဉ်သည် ကီလိုမီတာ ၃၅၀ အကွာခန့်ရှိ ဘီနီမြို့တော်သို့ ဉီးတည်ပျံသန်းခဲ့ခြင်းဖြစ်သည်။

ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် ကွန်ဂိုနိုင်ငံတွင် လေယာဉ်ပျက်ကျမှု မကြာခဏ ဖြစ်ပွားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို