ကင်ညာနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၇၆ ဦးအထိရှိလာ

နိုဝင်ဘာ ၂၈

ကင်ညာနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပွားမှုကြောင့် သေဆုံးသူ ၇၆ ဦးအထိမြင့်တက်လာသဖြင့် ကင်ညာအစိုးရအဖွဲ့က နိုင်ငံတစ်ဝန်းဖြစ်ပွားနေသောရေကြီးရေလျှံမှုများနှင့်ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်မှုများအရှိန်မြှင့်လုပ်ဆောင်ရန် ယနေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။

နိုင်ငံအတွင်းရှိ နေရာအနှံအပြားတွင် ပုံမှန်မဟုတ်သောအယ်လ်နီညိုမိုးရွာသွန်းမှုကြောင့်  ရေကြီးရေလျှံမှုများဖြစ်ပေါ်သဖြင့် ထောင်နှင့်ချီသောလူများ ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသည်။

အဆိုပါရေကြီးရေလျှံမှုကြောင့် ထောင်နှင့်ချီသောနေအိမ်များ ရေစီးနှင့်အတူမျောပါသွားပြီး လယ်မြေများ ရေအောက်မြုပ်ကာ မွေးမြူရေးတိရစ္ဆာန်များ ရေနစ်သေဆုံးခဲ့သည်ဟု အစိုးရအဖွဲ့နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီများက ပြောကြားသည်။

နိုင်ငံအတွင်းရှိခရိုင် ၄၇ ခုအနက် ၃၈ ခုသည် ရေကြီးရေလျှံမှု၊ မြေနိမ့်လွင်ပြင်ဒေသများတွင် ရေကြီးမှု၊ မြစ်ရေလျှံမှု၊ မြေပြိုမှု၊ ရွှံ့မြေပြိုမှု၊ မွေးမြူရေးတိရစ္ဆာန်များ ဆုံးရှုံးမှု၊ လယ်မြေနှင့် အခြေခံအဆောက်အဦပျက်စီးမှုတို့ဖြင့် ဘေးအန္တရာယ်အဆင့်အတွင်းရှိနေကြောင်း အစိုးရအဖွဲ့က မှတ်ချက်ပြုထားသည်။

ကင်ညာနိုင်ငံသားများအားလုံးအနေဖြင့် ယခုကာလအတွင်း ခရီးသွားလာရာတွင်လည်းကောင်း၊ ၎င်းတို့၏နေအိမ်များနှင့် အလုပ်နေရာများတွင်လည်းကောင်း ဘေးကင်းလုံခြုံမှုကိုဦးစားပေးရန်လည်း အစိုးရအဖွဲ့က တိုက်တွန်းပြောကြားထားသည်။

လူသားချင်းစာနာထောက်မှုဆိုင်ရာအေဂျင်စီများက မိုးများဆက်လက်ရွာသွန်းသဖြင့် အခြေအနေပိုမိုဆိုးရွားလျက်ရှိသည်ဟု ဆိုသည်။ ကင်ညာမိုးလေဝသဌာနက ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ မိုးသည်းထန်စွာရွာသွန်းမှုများဆက်လက်ဖြစ်ပွားမည်ဟု ကြိုတင်ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို