၂၅ နိုဝင်ဘာ

ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း၊ အနောက်ပိုကော့ စီရင်စုရှိ ကျေးရွာများတွင် မြေပြိုကျမှုများ ဖြစ်ပွားခဲ့သဖြင့် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ သေဆုံးသူ ၄၃ ဦးရှိပြီဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူများက ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ မြေပြိုကျမှုကြောင့် သေဆုံးသူ ၄၃ ဦး ရှိကြောင်းကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ သတင်းများရရှိသည်ဟု အနောက်ပိုကော့စီရင်စု အုပ်ချုပ်ရေးမှူး ဂျွန် လွန်ယံဂါပူ ပြောကြားချက်ကို ကိုးကားကာ ဒေသခံရေဒီယိုအသံလွှင့်ရုံဖြစ်သော Capital သတင်းဌာန က ဖော်ပြခဲ့သည်။

ကင်ညာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ယူဂန္ဓာ နှင့် တောင်ဆူဒန်နိုင်ငံ တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက်ပိုင်း အနောက်ပိုကော့စီရင်စုရှိ ကျေးရွာများတွင် မြေပြိုမှုအများအပြား ဖြစ်ပွားခဲ့သဖြင့် သေဆုံးသူများပြားကာ လမ်းများ၊ တံတားများ ပျက်စီးပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။

မြေပြိုမှုကြောင့် ရွှံ့နှင့်အခြားသောအပျက်အစီးများအတွင်း ပိတ်မိနေသော သူများကို ကယ်ဆယ်ကူညီရန် အစိုးရက စစ်ဘက်နှင့်ရဲတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့သည်။

ကယ်ဆယ်ရေး အေဂျင်စီများက အိုးမဲ့အိမ်မဲ့ မိသားစုများကို အရေးပေါ် အကူအညီပေးသကဲ့သို့ မြေပြိုမှုကြောင့် ကျန်ရှိနေသေးသော ဒုက္ခရောက်နေသူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန် ဒေသခံတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်နေကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 

p;doljfps