mdn

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

 

သတင်းဆောင်းပါး - ဒေါက်တာသွင်သွင်အောင်

 

ရန်ကုန်တက္ကသိုလ်ကြီး   မွေးဖွားလာတာ   နှစ်(၁၀၀) ပြည့်ခဲ့ပြီ    ဖြစ်ပါတယ်။   ပညာသင်ယူခြင်းနှင့်တူသော မိတ်ဆွေမရှိလို့  အဓိပ္ပာယ်ရတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “နတ္ထိ ဝိဇ္ဇာ၊ သမံ မိတ္တံ” ဆိုတဲ့ အမှတ် တံဆိပ်ဟာလည်း ရန်ကုန်တက္ကသိုလ်ကြီးကို ဂုဏ်ဝင့်ထည် မြင့်မားခံ့ညားစေပါတယ်။ 

အမိတက္ကသိုလ်ကြီးမှာ အသိပညာ၊ အတတ်ပညာ တွေ သင်ယူဆည်းပူးလာခဲ့တာ     နှစ်ကာလ  အတော် ကြာညောင်းခဲ့ပါပြီ။ ၁၉၈၂  ခုနှစ်မှာ  တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့ ကျွန်မက ရန်ကုန်တက္ကသိုလ်ရဲ့ နယ်မြေခွဲ တစ်ခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) လို့ခေါ်တဲ့ ဗိုလ်တထောင်ကောလိပ်မှာ ပထမနှစ်၊ ဒုတိယ နှစ်တက်ပြီး ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ   တတိယနှစ်နဲ့  စတုတ္ထနှစ် ဆက်လက်တက်ရောက်ခဲ့ရပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါတယ်။   မဟာဝိဇ္ဇာ  အရည် အချင်းစစ်သင်တန်းကို တက်ရောက်ခွင့်ရလို့ ဆက်တက် ခဲ့ပါတယ်။ 

အဲဒီအချိန်မှာ  အရေးအခင်းဖြစ်လို့  ကျောင်းတွေ ခဏနားရင်း အရေးအခင်းအပြီး မဟာဝိဇ္ဇာ အရည်အချင်း စစ်အပိုင်း(၂)ကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ ရန်ကုန်  တက္ကသိုလ်ကြီးရဲ့ တောင်ငူဆောင်အရိပ်အောက်မှာ ခိုလှုံရင်း ပညာသင်ယူခဲ့ရပါတယ်။ ကျွန်မဟာ ဆရာ ဆရာမတွေရဲ့ လက်ချာမှာ   သင်ယူမှတ်သားရင်း    စာတွေရဲ့အစွမ်းနဲ့   စိတ်ကောင်းထားတတ်ဖို့    စိတ်ကောင်းမှ    စာကောင်း ထွက်နိုင်သလို  လောကကြီးကို ရှုမြင်ဆင်ခြင်ပြီး စာနာစိတ် ထားရှိတတ်အောင်   ဆင်ခြင်မိစေပါတယ်။    မြန်မာစာ အထူးပြုကျောင်းသူမို့ သင်ရိုးထဲမှာပါတဲ့ စာတွေ၊ ကဗျာ တွေကို လေ့လာရင်း တစ်ဖက်က ဆင်ခြင်နှလုံးသွင်းမိလာ ပါတယ်။ 

သုတေသနပေါင်းများစွာ ဖတ်ရှုလေ့လာ

ဆရာမကြီး   ဒေါ်စီစီဝင်း၊  ဆရာကြီး   ဦးစံတင်၊ ဆရာကြီး    ဦးကြည်မောင်၊   ဆရာမကြီး   ဒေါ်ခင်မေနွဲ့၊ ဆရာကြီး ဦးတိမ်ကြည်၊ ဆရာမကြီး   ဒေါ်ခင်ချောချော၊ ဆရာမကြီး ဒေါ်ယဉ်ယဉ်မြင့်၊    ဆရာကြီး ဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်)၊   ဆရာကြီး    ဒေါက်တာခင်အေး၊ ဆရာကြီး ဦးအောင်သောင်း၊     ဆရာကြီး ဦးဇော်မြင့် (ဇော်ဇော်အောင်)၊ ဆရာ ဦးထွန်းမြင့် (တက္ကသိုလ်မင်းမော်)၊ ဆရာမကြီး ဒေါက်တာခင်သန်းဦး (မမိုးမြေ)၊  ဆရာမကြီး ဒေါ်တင်ထွေး၊ ဆရာ ဦးအောင်ဇော်၊ ဆရာ ဦးသီဟတို့က စာတွေ့နှင့် လက်တွေ့ ယှဉ်တွဲကာ လောကပတ်ဝန်းကျင်ကို ဆင်ခြင်မိအောင်  သင်ပေးခဲ့ကြပါတယ်။  ၁၉၉၆  ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့ရခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ပါရဂူဘွဲ့တန်းတက်ရောက် ခဲ့ပါတယ်။ ပါရဂူတန်းမှာလည်း ဆရာကြီး ဦးတင်မောင်ဌေး၊ ဆရာကြီး ဒေါက်တာခင်အေး၊ ဆရာမကြီး ဒေါ်ပို၊ ဆရာကြီး ဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်)၊ ဆရာကြီး ဦးအောင်သောင်း၊ ဆရာကြီး ဦးဟုန်ဝမ်၊ ဆရာမကြီး ဒေါ်တင်ထွေး၊ ဆရာမကြီး ဒေါက်တာခင်ဆွေမြင့်၊   ဆရာမကြီး    ဒေါက်တာစုစုနွယ်၊ ဆရာကြီး ဦးလှထွန်း (နာဂသိန်) စတဲ့ ဆရာတွေရဲ့ သင်ကြား ပေးမှုနဲ့ သုတေသနပေါင်းများစွာ ဖတ်ရှုလေ့လာ  ပြုစုခဲ့ရပါ တယ်။

လောကကို  ဆင်ခြင်နိုင်ဖို့   ဆရာဇော်ဂျီရဲ့   အားမာန် ကဗျာတွေထဲက သူများပျော်ရွှင်တာ၊ လှပအဆင်ပြေတာကို မုဒိတာစိတ်နဲ့     ဝမ်းမြောက်စေတဲ့   “ပိတောက်ပန်း” ကဗျာကို ကြည့်မယ်ဆိုရင် …
“ခေါင်းကြွကာ ဆာဝေဝေနှင့်
သူလဲလေ လောကီသားလိုပ
ကြွားချင်လှပေလိမ့်မယ်”…
ဆိုတဲ့   စာသားအတိုင်း   မိမိ၏  အရည်အသွေး၊ အလှအပကို ထုတ်ဖော်ပြလိုတဲ့ လူ့သဘာဝကို  ဖော်ပြပြီး အဲဒီသဘာဝကို  စာနာစိတ်နဲ့ရှုမြင်ပြတဲ့၊   မုဒိတာစိတ်နဲ့ ကြည့်မြင်စေချင်တဲ့ အတွေးအမြင်ကဗျာမျိုးကို  လေ့လာ ဆင်ခြင်မိလာစေပါတယ်။
ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်း” ကဗျာစုထဲက ပန်းပန် လျက်ပဲ ကဗျာကို ကြည့်မယ်ဆိုရင် …
“အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ”…
ဆိုတဲ့ လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ အားမာန်ပေးတဲ့ ကဗျာကိုလည်း လေ့လာဆင်ခြင်ခဲ့ပါတယ်။

ခေတ်စမ်းစာပေခေါင်းဆောင်တစ်ဦး

ခေတ်စမ်းစာပေ ခေါင်းဆောင်တစ်ဦးဖြစ်သူ  ဆရာ မင်းသုဝဏ်ရဲ့   “ဘကြီးအောင် ညာတယ်”  ဝတ္ထုတိုလေး ကလည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ  သဘာဝတွေနဲ့  ပြည့်နှက်ပြီး  ယနေ့တိုင်  စွဲလမ်းနှစ်သက်မိစေတုန်းပါပဲ။ နှုတ်ကတိစကားတစ်ခွန်း   ပျက်ယွင်းမှုကြောင့်   နစ်မွန်း ဆုံးရှုံးခဲ့ရတဲ့ ကလေးတစ်ဦးအကြောင်းကို မြန်မာဆန်စွာ  ဖော်ပြတာ တွေ့ရပါတယ်။  ဘယ်တော့မှ မမေ့နိုင်ခြင်းရဲ့ ဂုဏ်ကတော့ မြန်မာဆန်ခြင်းပါပဲ။ ဘုန်းကြီးကျောင်းသား  ကျေးလက်ကလေးလူငယ်လေး     သျှောင်ထုံးလေးနဲ့ မောင်ချစ်။ မောင်ချစ် နှစ်သက်တဲ့စားစရာက ကောက်ညှင်း ငချိပ်ပေါင်း၊   နှစ်သက်တဲ့အရုပ်က   ယမင်းရုပ်ကလေး၊ ဆော့ကစားတာက     ခွေလှိမ့်ခြင်း၊   ပတ်ဝန်းကျင်က လယ်ကွင်းပြင်နဲ့ တောသင်္ချိုင်းရှိ အုတ်ဂူလေး၊ သူငယ်ချင်း တွေက   နွားကျောင်းသားတွေ၊    ဘုန်းကြီးကျောင်းသား တွေဆိုတဲ့ မြန်မာ့ကျေးလက်အငွေ့အသက်တွေ လွှမ်းခြုံတဲ့ နောက်ခံရှုခင်းနဲ့   မြန်မာဆန်တဲ့  အစားအစာ၊  အသုံး အဆောင်၊ ကစားနည်းတွေဖြစ်လို့  ယနေ့တိုင်မေ့မရဘဲ ဘယ်အချိန်ဖတ်ဖတ်ရင်ထဲမှာ စွဲငြိနေရခြင်းဖြစ်ပါတယ်။ 

 ဒီသဘောတရားတွေကို အသိကတစ်ဆင့် သတိပြု မိပြီး လက်တွေ့ကျင့်သုံး ကျင့်ကြံရမှာက မိမိကိုယ်တိုင်  မဟုတ်ပါလော။ ရန်ကုန်တက္ကသိုလ်လို့  ဆိုလိုက်တာနဲ့ ဂျပ်ဆင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ လိုက်ဗရီ (စာကြည့်တိုက်)၊ အဓိပတိလမ်း၊    အင်းလျားကန်တို့က    အလိုလို ပုံရိပ် ထင်ဟပ်လာစမြဲပါ။ တက္ကသိုလ်ဝန်းကျင်ဆိုတာ စိတ်နှလုံး အေးချမ်းသာယာဖွယ်ကောင်းတဲ့  ဝန်းကျင်ကောင်းတွေ ရှိစမြဲမို့ စာပေလေ့လာလိုက်စားသူတွေအတွက်   သုတ ကောင်းတွေ၊   ဉာဏ်ပညာအသစ်တွေ   လက်ခံရရှိတဲ့ နေရာဆိုလည်း မမှားပါဘူး။  ခရီးသွားဟန်လွှဲဆိုသလို   ပညာရှာရင်း            ကြင်ရာရှာချင်သူတွေအဖို့လည်း     စိတ်ကြည်နူးစရာ၊   စိတ်ကူးယဉ်စရာ ကောင်းသောနေရာ လို့ဆိုလည်း မှန်ပါတယ်။   
    
ကျွန်မအတွက်တော့    ပညာရှာနေဆဲကာလမို့ ဟိုဟိုဒီဒီ စိတ်တွေဖျောက်ထား၊ စာကိုသာ  အလေးထား ကြိုးစားခဲ့ပါတယ်။ အတန်းလစ်ချင်စိတ်၊ တက္ကသိုလ်ရဲ့ အေးမြတဲ့အရိပ်မှာ အချစ်စိတ်ကို ဦးစားပေးတဲ့စိတ်တွေ အသာဖျောက်လို့ စာနောက်ကိုသာ လိုက်ခဲ့သူပါ။ Note  မပေးတဲ့ တက္ကသိုလ်ရဲ့ လက်ချာကို သေချာစွာ လိုက်ရင်း အတန်းတက်ခဲ့သူပါ။   လက်ချာဆိုတာ    စာခေါ်တာ၊ မှတ်စုပေးတာမဟုတ်ဘဲ   ဆရာ့နှုတ်ဖျားက    သင်ရိုးနဲ့ ပတ်သက်တဲ့   စာပေဗဟုသုတတွေကို   လိုက်မှတ်ရင်း လက်ရေးမြန်တာကလည်း အလေ့အကျင့်ကောင်းတစ်ခု လို့ ဆိုရမှာပါ။ ဝိဇ္ဇာမြန်မာစာဘာသာရပ်မို့ ကိုယ်သိတာ၊ ကိုယ်တင်ပြချင်တာတွေကို ဖြေဆိုချိန်  သုံးနာရီအတွင်း ဖော်ပြရလို့ လက်ရေးမြန်ခြင်းဟာလည်း ပါရမီအရည် အချင်းတစ်ရပ်ပါပဲ။ တက္ကသိုလ်က ပို့ချလိုက်တဲ့ လက်ချာ ယူခြင်းရဲ့ အရည်အချင်းတစ်ခုပါ။

၁၅-၁၁-၁၉၉၃ ရက်နေ့မှာ နည်းပြဘဝနဲ့ ရန်ကုန် တက္ကသိုလ်မှာ တာဝန်စထမ်းတော့ မဟာဝိဇ္ဇာ နောက်ဆုံး နှစ် အောင်ခါစပေါ့။ အလုပ်စာမေးပွဲကို အရင်ဖြေပြီး မကြာမီ မဟာဝိဇ္ဇာ နောက်ဆုံးနှစ်ကို ဖြေရလို့ အဲဒီနှစ်က တော်တော်ပင်ပန်းခဲ့တဲ့ နှစ်ပါပဲ။ တက္ကသိုလ်ဆရာမဘဝနဲ့ မွေးထုတ်ပေးလိုက်တဲ့ တပည့်တွေဟာ အခုဆိုရင် တွဲဖက် ပါမောက္ခအဆင့် အနည်းဆုံးတော့  ဖြစ်ကြပါပြီ။  ကိုယ့်ကို သင်ကြားပေးလိုက်တဲ့   ရန်ကုန်တက္ကသိုလ်က    ဆရာ  ဆရာမတွေရဲ့    နည်းစနစ်အတိုင်း    ကိုယ်ကသင်ယူရင်း ကိုယ်ပြန်သင်ကြားပေးလိုက်တဲ့၊ ကိုယ့်သင်ယူမှုကို ခံယူတဲ့  တပည့်တွေကို     စိတ်ကောင်းစေတနာကောင်းထားပြီး လောကကို အကျိုးပြုအောင် လမ်းညွှန်ခဲ့ပါတယ်။ ပါရာယန ဝတ္ထုထဲကလို အရိုင်းကို အယဉ်နှင့်တုံ့ပြန်မှ အောင်မြင်မယ်၊ နှုတ်ချိုသျှိုတစ်ပါး ဆိုသလို ချိုသာစွာ ပြောဆိုခြင်းကလည်း အောင်မြင်မှုတစ်ရပ်၊    ဒေါသနဲ့ကျင့်ကြံရင်   မှားယွင်းပြီး မေတ္တာနဲ့ ဖြေရှင်းမှသာ အောင်နိုင်မယ်ဆိုတဲ့ သဘောတရား တွေကို  လက်တွေ့မှာ  ကျင့်ကြံနေထိုင် ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

မိမိပတ်ဝန်းကျင်မှာ  စိတ်အေးချမ်းသာယာမှုရှိအောင် ကျင့်ကြံဖော်ဆောင်ပေးရင်း   တာဝန်ကျရာ   တက္ကသိုလ် အသီးသီးမှာ ပညာဖြန့်ဝေပေးခဲ့ပါတယ်။  ကိုယ့်စာပေကို  ချစ်လာအောင်၊ စာပေကတစ်ဆင့်  လူမျိုးမပျောက်ကွယ်အောင် စောင့်ရှောက်ချင်တဲ့စိတ် ဖြစ်ပေါ်အောင်  စေ့ဆော်ပေးသူ ကတော့    အမိရန်ကုန်တက္ကသိုလ်   မြန်မာစာဌာနကြီးပင်   မဟုတ်ပါလား။    မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့  တက္ကသိုလ် အသီးသီးမှာ    တာဝန်ထမ်းဆောင်ကြသူတွေကလည်း     မိခင်ရန်ကုန်တက္ကသိုလ်ကြီးကို   ဘယ်တော့မှ   မမေ့ဘဲ ဂုဏ်ကျေးဇူးကို အမြဲအောက်မေ့သတိရနေကြမှာ  အမှန်ပါ။

နိုင်ငံတကာနဲ့ MoU တွေ လက်မှတ်ရေးထိုးပြီး

ရန်ကုန်တက္ကသိုလ်မှာ  နည်းပြဘဝ၊  လက်ထောက် ကထိကဘဝ၊ တွဲဖက်ပါမောက္ခဘဝနဲ့ အမှုထမ်းခဲ့ပါတယ်။  ရန်ကုန်တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခ တာဝန်ထမ်းဆောင် တုန်းက ဆရာကြီး  ဒေါက်တာအောင်မြင့်ဦးနဲ့  တွဲဖက်ကာ နိုင်ငံခြားသားတွေကို မြန်မာစာဘာသာရပ် သင်ကြားပို့ချ ပေးခဲ့ပါတယ်။    မြန်မာစာပေနဲ့   မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိပြီး    အထင်ကြီးလေးစား  ချစ်ခင်လာအောင် လူ့စွမ်းအားအရင်းအမြစ်အနေနဲ့      ပို့ချပေးခဲ့ပါတယ်။ နိုင်ငံတကာနဲ့ MoU တွေ လက်မှတ်ရေးထိုးပြီး ချိတ်ဆက် လာတဲ့  ရန်ကုန်တက္ကသိုလ်ကြီးမှာ  မြန်မာစာဘာသာရပ် အနေနဲ့ ပါဝင်ခွင့်ရခဲ့လို့ ဝမ်းသာဂုဏ်ယူခဲ့ရပါတယ်။ အာရှနဲ့  ဥရောပတစ်ခွင်မှာ    မြန်မာစာပေနဲ့   မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကို   ပေါ်လွင်အောင် သင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်။ ဒါကလည်း  အမိရန်ကုန် တက္ကသိုလ်ကြီးကို ကျေးဇူးပြုခြင်းပင် မဟုတ်ပါလားရှင်။

ရန်ကုန်တက္ကသိုလ်မှာ        အမှုထမ်းရင်း နိုင်ငံ့ သားကောင်း မြန်မာစာသားသမီးကောင်း၊ စိတ်ကောင်း၊ စေတနာကောင်းရှိသူတွေကို       မွေးထုတ်ခဲ့သူအဖြစ် ဂုဏ်ယူစွာ အမိရန်ကုန်တက္ကသိုလ်ကြီးကို  ကျေးဇူးတင်နေ မိပါတယ်။ “စာပေမြင့်မှ လူမျိုးတင့်တယ်” ဆိုတဲ့ ဆိုရိုး အတိုင်း မြန်မာစာပေကို မြင့်မားအောင်၊ ကမ္ဘာ့အလယ်မှာ မြန်မာလူမျိုးရယ်လို့      ဂုဏ်တင့်တယ်အောင်     ပြုစု ပျိုးထောင်ပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို ဘယ်သော  အခါမှ မမေ့နိုင်တော့ပါ။ ရန်ကုန်တက္ကသိုလ်ကြီးမှာ ရာထူး အဆက်ဆက် အလုပ်အကျွေးပြုစုရလို့ ဝမ်းသာကြည်နူး ခဲ့ရပါတယ်။    ပတ်ဝန်းကျင်ကောင်းဖြစ်တဲ့     ရန်ကုန် တက္ကသိုလ်ကြီးမှာ     ကိုယ်ကျင့်သိက္ခာကောင်းတွေ၊ စိတ်ဓာတ်ကောင်းတွေ     တည်တံ့ခိုင်မြဲစွာတည်ရှိဖို့၊  သင်ယူလေ့ကျင့်တတ်မြောက်အောင်     ဆည်းပူးရင်း အနာဂတ်သာယာလှပဖို့  ဝန်းကျင်ကောင်းတွေ၊ တပည့် ကောင်းတွေ၊    လူ့စွမ်းအားအရင်းအမြစ်ကောင်းတွေ    ပေါ်ထွက်လာအောင်     ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။     ယခုလည်း ရောက်ရှိရာတက္ကသိုလ်မှာ ဝန်းကျင်ကောင်း တွေ သစ်လွင်ဖန်တီးရင်း အမိရန်ကုန်တက္ကသိုလ်ကြီးကို ဦးညွှတ်လိုက်ပါတယ်…။ ။

 

1