ကျွန်းလှမြို့နယ်၌ ရုံးမတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများအဆင်ပြေ

ကျွန်းလှ မေ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေရာသီစိုက်ပျိုးသော ရုံးမတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော် ဒီနှစ် နွေရာသီမှာ ချောင်းရေတင်ပြီး ရုံးမတီ ဝ ဒသမ ၂၅ ဧက စိုက်ပျိုးထားပါတယ်။ ကုန်ကျစရိတ်က မျိုးဖိုးအပါဝင် ငွေကျပ် တစ်သိန်းကျော် ကုန်ကျပါတယ်။ အခုအခါ ရုံးမတီသီး တစ်ရက် ၁၀ ပိဿာကျော် ကောက်ယူရရှိပါတယ်။ တစ်ရက်နဲ့တစ်ရက် အထွက်နှုန်းလည်း ပိုလာပါတယ်။ လက်ရှိအချိန် ရုံးမတီသီးတစ်ပိဿာ ငွေကျပ် ၁၅၀၀ နဲ့ရောင်းရ၍ မိသားစုဝင်ငွေ ရရှိနေပါတယ်” ဟု ရှမ်းစုကျေးရွာ ရုံးမတီစိုက်တောင်သူ ဦးမျိုးထွန်းက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေတင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံများရရှိရေးအတွက် စိုက်ပျိုးရေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)