ကျွန်းလှ ၃ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဧပြီ ၂ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က လေပြင်းတိုက်ခတ်၍ လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ပြီး လျှပ်စစ်မီးတိုင်များ ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်ကျေးရွာတွင် လူနေအိမ်(၁၇)လုံး၊ စပါးတိုက်တစ်လုံး၊ ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်နှင့် ဓမ္မာရုံ၊ တည်ပင်ဆိပ်ကျေးရွာတွင် နေအိမ်(၃)လုံး သွပ်မိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ-ရွာကုန်းကြီး ကျေးရွာတွင် လျှပ်စစ်မီးတိုင်များ ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် ဝန်ထမ်းများပူးပေါင်းအဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


