ကျွန်းလှ ၇ မေ
မြန်မာနိုင်ငံတွင် ပြဌာန်းထားသော မြေယာမူဝါဒနှင့် ဥပဒေများအား တောင်သူလယ်သမားများ သိရှိနားလည်စေရန် ရည်ရွယ်၍ မေ ၆ ရက်မှ ၇ ရက် အထိ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သီတဂူ ဗုဒ္ဓတက္ကသိုလ်တွင် အသိပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုအသိပညာပေးသင်တန်းတွင် လယ်ယာမြေ ဥပဒေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ ၁၈၉၄ မြေသိမ်းအက်ဥပဒေ၊ မြေစစ်မူဝါဒ (၅၂) ချက်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ရရှိရန် အဆင့်ဆင့် ဆောင်ရွက်ရေးတို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးကျော်ဇင်ဦးက ပြောကြားသည်။ အဆိုပါသင်တန်းသို့ ကျေးရွာ (၁၂) ရွာမှ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


