စစ်တွေ စက်တင်ဘာ ၄

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ အမှတ်(၁၇) တပ်မတော်ဆေးရုံ ခုတင် (၁၀၀) သို့ သွားရောက်ပြီး ဆေးရုံတက်ရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုခံယူနေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများကို အားပေးစကားပြောကြားသည်။

 

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ခုတင်(၁၀၀)မှ အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်၊ သူနာပြုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဆေးရုံတက်ရောက် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများကို ကြည့်ရှု၍ တစ်ဦးချင်းစီ၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်က ပေးအပ်ချီးမြှင့်သည့် စားသောက်ဖွယ်ရာများကို ပေးအပ်ကာ လှည့်လည်နှုတ်ဆက် အားပေးစကားပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အမှတ်(၁၇) တပ်မတော်ဆေးရုံ ခုတင်(၁၀၀)မှ အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်၊ သူနာပြုများအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ချီးမြှင့်ငွေနှင့်စားသောက် ဖွယ်ရာများကို ပေးအပ်ကြသည်။

 

ထို့နောက် စစ်တွေတပ်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တည်ခင်း ဧည့်ခံကျွေးမွေးသည့် အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းမှူးက လုံခြုံရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက တပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာကို အတူတကွ သုံးဆောင်ကြကာ တပ်ဖွဲ့ဝင်များ၏ မိသားစုများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)