ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

နေပြည်တော်၊ မတ် ၃

အထူးကုသမှုများ (Super Speciality) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံကာ ရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ပင် လက်လှမ်းမီရရှိခြင်းဖြင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်နှင့် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီ ရရှိခြင်းဖြင့် သက်ရှည်ကျန်းမာစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကု ဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ မတ် (၂) ရက်နှင့် (၃) ရက်တို့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရန်ကုန်အထွေထွေ ‌ရောဂါကုဆေးရုံသစ်ကြီး၊ ကလေးဆေးရုံကြီး-ရန်ကုန်၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) - ရန်ကုန် နှင့် မျက်စိရောဂါ အထူးကုဆေးရုံကြီး - ရန်ကုန်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကု ဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သို့ ဒုတိယအကြိမ်သွားရောက်၍ ပြည်သူ့ဆေးရုံကြီး ဟင်္သာတမြို့မှ အထူးကုဆရာဝန် ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ အထူးကု ဆေးကုသရေးအစီအစဉ်တွင် ဟင်္သာတမြို့သာမက ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း (၁၀) မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် (၂) မြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ (၆၉) ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ (၄၇) ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၂၀)၊ ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာလူနာ (၆၁) ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ (၈၃) ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ (၄၆) ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၁၃) ဦး၊ အထွေထွေရောဂါဆေးပညာလူနာ (၁၃၂) ဦး၊ အထွေထွေ ခွဲစိတ်ရောဂါလူနာ (၅၄) ဦး၊ ကလေးရောဂါလူနာ (၈၈) ဦး၊ ကလေးကျောက်ကပ်ရောဂါဆိုင်ရာ လူနာ (၁၁) ဦး၊ မျက်စိရောဂါလူနာ (၃၄၇) ဦး၊ အရိုးရောဂါလူနာ (၉၇) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ (၄၄)ဦး၊ သားဖွားမီးယပ်ရောဂါလူနာ (၅၁) ဦး၊ သွားနှင်ခံတွင်း လူနာ (၅၅) ဦး၊ ကင်ဆာရောဂါဆိုင်ရာ လူနာ (၇)ဦး၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ရောဂါဆိုင်ရာလူနာ (၅၉) ဦး စုစုပေါင်း လူနာ (၁,၂၈၄) ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

 

mdn

 

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography) (၃၅) ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS) (၇) ဦး၊ အစာအိမ်သွေးကြောထုံးကုသ ခြင်း (Rubber band ligation) တစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) (၁၄) ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၇၄)ဦး၊ ဓာတ်ခွဲစမ်းသပ်သူ (၉၆) ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း (၂၇)ဦး၊ Ultrasound ရိုက်ကူးခြင်း (၅၀)၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း(ECG) (၇၆)ဦး စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး မျက်စိခွဲစိတ်ကုသမှု (၄၁) ဦးနှင့် အထွေထွေခွဲစိတ်ကုသမှု (၁၈) ဦးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် အထွေထွေခွဲစိတ်ရောဂါလူနာ ကိုးဦး၊ နှလုံးရောဂါဆိုင်ရာလူနာ တစ်ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ တစ်ဦးနှင့် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ တစ်ဦးတို့အား လိုအပ်သောစစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် မျက်စိအတွင်း တိမ်ခွဲစိတ်ကုသမှုကို ဖြည့်ဆောင်ရွက်ရန်အတွက် စေလွှတ်ထားသည့် မျက်စိအထူးကု ကွင်းဆင်းဆေးအဖွဲ့သည် မတ် (၁၁) ရက်အထိ ပြည်သူ့ဆေးရုံကြီး - ဟင်္သာတမြို့၌ မျက်စိရောဂါလူနာများ ကြည့်ရှုကုသခြင်းနှင့် မျက်စိခွဲစိတ်ကုသမှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်နှင့်အတူ ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးများကို အမီလိုက် (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း (၆၅) ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့သည်။

ယမန်နေ့က ဟင်္သာတခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် အထူးကု ဆေးကုသရေး အစီအစဉ်ဆောင်ရွက်ရာ နေရာသို့ လာရောက်ပြသ ကုသမှုခံယူကြသော လူနာများအား ကြည့်ရှုအားပေးခဲ့ပြီး ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများကို ကျေးဇူးတင်စကား ပြောကြားကား ဒေသထွက် အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်း ကုသရေးခရီးစဉ်များကို ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းမှ စတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ညောင်ဦးမြို့၊ မြစ်ကြီးနားမြို့နှင့် ယခု ဟင်္သာတမြို့များသို့ သွားရောက်ပြီးဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်