နေပြည်တော် ဇန်နဝါရီ  ၂၀

 

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည် နယ်များရှိ သူနာပြု/သားဖွား/ နှီးနွှယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး/ ကျောင်းအုပ်များ ညှိနှိုင်းအစည်း အဝေး ဖွင့်ပွဲအခမ်းအနားကို  ယနေ့တွင် Semi Virtual Meeting ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင်  ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က  ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန လက်အောက်တွင် ဆေးနှင့်နှီးနွှယ် တက္ကသိုလ်ပေါင်း (၁၅)ခုနှင့် သူနာပြု၊ သားဖွား နှီးနွယ်သင်တန်းကျောင်း စုစုပေါင်း (၅၃) ကျောင်းရှိပါကြောင်း၊ ၎င်းတို့မှ ဆရာဝန်၊ သွားဆရာဝန်၊ သူနာပြု၊ သားဖွားနှင့် ဆေးဘက် ဆိုင်ရာ ပညာရှင်များ မွေးထုတ် ပေးလျှက်ရှိပါ ကြောင်း၊ သူနာပြု/သားဖွား ပညာရေးကို ပြည်တွင်းရော ပြည်ပ၌ပါ မြှင့်တင်ပေးလျက်ရှိရာ၊ သင်ကြားရေးအပိုင်းမှလည်း နိုင်ငံတော်၏ ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်ချက်နှင့်အညီ အရည်အသွေး အရည်အချင်းပါ ပြည့်ဝရုံ မျှမက မိမိတို့ လိုက်နာရမည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာ ကျင့်ကြံသော ခံယူချက်ကောင်းသည့် သူနာပြု/ သားဖွား များမွေးထုတ်နိုင်ရေး သင်တန်းကာ လကပင် လေ့ကျင့်ပျိုးထောင်ပေးရန် အရေးကြီးကြောင်း။

 

(၂)ရက်တာကျင်းပမည့် ညှိနှိုင်းအစည်း အဝေးတွင် သင်ကြားရေးပိုင်းနှင့် ပတ်သက်၍ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် သင်တန်းသင်ရိုးညွှန်းတမ်းများဖြင့် စာတွေ့/ လက်တွေ့ သင်ကြားရာ တွင် သင်ကြားပုံစနစ်များ၊ သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ Skill Lab များအတွက် လိုအပ်ချက်များ၊ စာကြည့်တိုက်တွင်ထားရှိရန်လိုအပ်သော ခေတ်မီ စာအုပ် များ၊ Internet Access များ၊  သင်ကြားရေးပတ်ဝန်းကျင်၊ သင်ကြားပေးရသည့် အချိန် နှင့်နေရာတို့ အပေါ် တွေ့ကြုံနေရသည့် အခက်အခဲများ၊ အားသာချက်/ အားနည်းချက် များကို လည်းကောင်း၊ သင်ကြားရေးဆေးရုံများတွင် လက်တွေ့သင်တန်းတက်ရောက်နေသည့် သင်တန်း သား/သူများကို လက်တွေ့ဆောင်ရွက်နိုင်အောင် စနစ်တကျသင်ကြားရေးကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက ကြပ်မတ်သွားနိုင်ရေး၊ သင်တန်းကျောင်း အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲရေးနှင့် ပတ်သက်၍လည်းကောင်း၊ မိမိတို့တွေ့ကြုံခဲ့ရသည့်၊ တွေ့ကြုံ နေရသည့် အတွေ့အကြုံများ၊ အခက်အခဲများကို အချင်းချင်း မျှဝေနိုင်ရန်နှင့် ပိုမိုကောင်းမွန်သည့် ရလာဒ်ကောင်း များရရှိလာစေရန် ဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး (သူနာပြု)တို့က လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာတင်ထွန်းတို့က စွမ်း ဆောင်ရည်ဆုရရှိခဲ့သည့် ကျောင်းအုပ်ကြီးနှင့် ကျောင်းအုပ်များကို ဆုများချီးမြှင့်ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ညွှန်ကြား ရေးမှူး ချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေး မှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ကျောင်းအုပ်ကြီးများ/ ကျောင်းအုပ် များနှင့် လန်းဆန်းစာ အတူတကွသုံးဆောင်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)