ကြည့်ရှုသူ သန်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့ EXO ရဲ့ Lotto

ကမ္ဘာကျော် ကေပေါ့ပ်အမျိုးသား တေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ "EXO" ဟာ လတ်တလောမှာတော့ ဂီတခရီးမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ အောင်မြင်တဲ့ တေးသီချင်း တစ်ပုဒ်ဖြစ်တဲ့ "Lotto" ရဲ့ တေးဗီဒီယိုဟာ အွန်လိုင်းပေါ်မှတစ်ဆင့် ကြည့်ရှုသူ ပရိသတ် သန်း ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး ဒီတေးဗီဒီယိုဟာ အဖွဲ့ရဲ့ ကြည့်ရှုသူပရိသတ် သန်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့ ရှစ်ပုဒ်မြောက် တေးဗီဒီယိုလည်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဩဂုတ် ၁၈ ရက်မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ "Lotto" ဟာ ယူကျုပေါ်မှာ လတ်တလောမှာတော့ ကြည့်ရှုသူ ပရိသတ် သန်း ၁၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ် သန်း ၁၀၀ ပြည့်ခဲ့ပြီးဖြစ်တဲ့ အဖွဲ့ရဲ့ အခြားသော တေးသီချင်းတွေကတော့ "Overdose"၊ "Growl"၊ "Call Me Baby"၊ "Monster"၊ "Wolf"၊ "Ko Ko Bop" နဲ့ "Love Me Right" တို့ ဖြစ်ကြပါတယ်။

"EXO" ဟာ မကြာမီမှာ တေးဂီတ လှုပ်ရှားမှုသစ်နဲ့အတူ ပရိသတ်ရှေ့အရောက် ပြန်လာဖို့ရာလည်း စီစဉ်ထားတာ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၃ ရက်မှာတော့ အဖွဲ့ရဲ့ ပြန်လည်စုစည်းထားတဲ့ တေးအယ်လ်ဘမ်သစ် "Love Shot" ကို စတင်ထုတ်လွှင့် ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီတေးအယ်လ်ဘမ်သစ်ဟာ အဖွဲ့ရဲ့ ငါးခုမြောက် စတီရီယိုတေးအယ်လ်ဘမ် "Don’t  Mess  Up  My  Tempo" ကို ပြန်လည်ဆန်းသစ်ထားတဲ့ တေးအယ်လ်ဘမ်လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီတေးအယ်လ်ဘမ်သစ်အတွက် ဓာတ်ပုံတွေနဲ့ အစမ်းဗီဒီယိုတွေကို ထုတ်လွှင့်ပေးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်