နေပြည်တော် ၂၂ မတ်
ကွန်ပျူတာသုံး မြန်မာစာစနစ် (ပြည်ထောင်စုဖောင့်နှင့် ကီးဘုတ်) စတင်အသုံးပြုနိုင်ရေး နည်းပညာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ e-Government ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးသာဦး တက်ရောက်သည်။
ရှင်းလင်းပွဲတွင် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက International Standard Organization (ISO) 10646 နှင့် မြန်မာစာစနစ်ဖြစ်သည့် ပြည်ထောင်စုဖောင့်နှင့် ကီးဘုတ်ဖြင့် ရုံးစာရေးသားခြင်း၊ Web Site များတွင် အသုံးပြုခြင်း၊ Application များနှင့် Database များ စသည်တို့တွင် တပြေးညီသုံးစွဲနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် စံသတ်မှတ်ရေးဆပ်ကော်မတီမှ ဒေါက်တာထွန်းသူရသက်က နည်းပညာဆိုင်ရာကိစ္စရပ်များ၊ အမှန်တကယ်အသုံးပြုရာတွင် တွေ့ရှိလာနိုင်သည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကွန်ပျူတာသုံး မြန်မာစာစနစ် (ပြည်ထောင်စုဖောင့်နှင့် ကီးဘုတ်) အသုံးပြုမှုကို လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက ကွန်ပျူတာသုံး မြန်မာစာစနစ် (ပြည်ထောင်စုဖောင့်နှင့် ကီးဘုတ်) အသုံးပြုမှု၊ တွေ့ကြုံရသည့် အဆင်မပြေမှုများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ကွန်ပျူတာသုံးမြန်မာစာစနစ် ပြည်ထောင်စုဖောင့်သည် မြန်မာစာရေးထုံးများကို လိုက်နာထားပြီး မြန်မာဘာသာစကားအပြင် တိုင်းရင်းသားဘာသာစကားများကိုပါ ရေးသားနိုင်ကြောင်း၊ ဘာသာစကားတစ်ခုမှ တစ်ခုသို့ ဘာသာပြန်ဆိုရာတွင် အသုံးပြုနိုင်ကြောင်းနှင့် အစိုးရအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများတွင် ကွန်ပျူတာသုံးမြန်မာစာစနစ် ပြည်ထောင်စုဖောင့်ကို ယခုနှစ် ဧပြီ ၁ ရက်နေ့မှစတင်၍ အသုံးပြုသွားရန် သတ်မှတ်စီစဉ်လျက်ရှိကြောင်း သိရသည်။
နည်းပညာရှင်းလင်းပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အစိုးရအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ Chief Information Officer (CIO) များနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများ၊ ပညာရှင်များ တက်ရောက်ဆွေးနွေးကြသည်။
(သတင်းစဉ်)


