ဒလဘန်း

၁၉၃၈ ခုနှစ် နှစ်ဆန်းပိုင်း ချောက်မြို့မှစတင်ခဲ့သည့် ရေနံမြေသပိတ်ကြီး၏ လှုပ်ရှားမှုဂယက်က ရန်ကုန်သို့ တဖြည်းဖြည်းချင်း ရိုက်ခတ်လာသည်။ မတ်လ ၅ ရက်နေ့ ရန်ကုန်မြို့လုံးကျွတ် အစည်းအဝေးကြီးက ဗြိတိသျှပိုင် BOC ရေနံကုမ္ပဏီကြီးကို ရှုတ်ချခဲ့သည်။

တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရပြီးတစ်နှစ်ခန့်အကြာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ)နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ) ဥက္ကဋ္ဌတာဝန် တို့မှ နုတ်ထွက်ခဲ့သည့် ကိုအောင်ဆန်း၏ အရိုက်အရာကို ဆက်ခံသည့် တကသဥက္ကဋ္ဌသစ် ကိုဗဟိန်းနှင့် ဗကသ အထွေထွေအတွင်းရေးမှူးကိုဗဆွေတို့ ရေနံချောင်း အမျိုးသား ကျောင်းသပိတ်ကိုဖြေရှင်းရန်အသွား မကွေး တွင် ဖမ်းဆီးခံရသည်။

ယင်းကိုကန့်ကွက်ကာ အာဏာရှင်ဖီဆန်ရေး အစီအစဉ်အရ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရွှေတိဂုံရင်ပြင် တော်၌ တက္ကသိုလ်နှင့် ကျောင်းပေါင်းစုံက ကျောင်းသား ကျောင်းသူတို့ စုဝေးဆန္ဒပြကြသည်။ နောက်တစ်နေ့ တက္ကသိုလ်နှင့် ကျောင်းပေါင်းစုံက လူ ၁၀၀၀၀ ကျော် ကျောင်းသားထု ရန်ကုန်မြို့တွင်း လှည့်လည်ဆန္ဒ ပြကြသည်။ ကျောင်းသားထုဆန္ဒပြပွဲကြီးမှာ အဖေလည်း ပါဝင်ခဲ့သည်။

ပထမဆုံး ကျောင်းသားကိုယ်စားလှယ်

ကျောင်းသားခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးထားပြီး ကျောင်းသားထု၏ ကန့်ကွက်ဆန္ဒထုတ်မှုအပေါ် နယ်ချဲ့ ဗြိတိသျှအစိုးရက တုံ့ပြန်သဘောထား တစ်စုံတစ်ရာမပေး ၍ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျောင်းသားထုသည် အတွင်းဝန်ရုံးကို ဝိုင်းပြီးဆန္ဒပြကြသည်။ အစိုးရက မြင်းစီး ပုလိပ်များဖြင့် ဆန္ဒပြပွဲကို လူစုခွဲစေခဲ့ရာ ကျောင်းသား ၈၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဂျပ်ဆင်ကောလိပ် ကျောင်း သားခေါင်းဆောင် ကိုအောင်ကျော် နှစ်ရက်အကြာ ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ) က ကြီးမှူးလျက် သပိတ် မှောက်ရန် ကြေညာလိုက်ရာ မြန်မာတစ်ပြည်လုံးရှိ ကျောင်းတိုင်းလိုလို နယ်ချဲ့ကိုဆန့်ကျင်သည့်သပိတ်ပွဲတွင် အဖေလည်း ဆက်လက်ပါဝင်ဆင်နွှဲခဲ့သည်။ မှတ်သားစရာ အချက်တစ်ချက်မှာ အဆိုပါ ဆန္ဒပြပွဲကြီးအပြီး တစ်ပတ် ခန့်အကြာ “ကိုအောင်ဆန်း” သည် ရန်ကုန်တက္ကသိုလ် ကောင်စီတွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

၁၆ နှစ်အရွယ်ရှိ အဖေသည် ကျောင်းသားသပိတ်ကြီး ကြောင့် နိုင်ငံရေးစိတ်ဓာတ်များ တက်ကြွနိုးကြားလျက် ရှိသည်။ ဗကသဥက္ကဋ္ဌ ကိုအောင်ဆန်းကိုလည်း အလွန် လေးစားအားကျလျက်ရှိသည်။ ၁၀ တန်း ကျောင်းသားများ က ကျောင်းသားသမဂ္ဂကိုမဖွဲ့ရဲကြ၍ ကိုးတန်းကျောင်းသား မောင်လွင်က အလံနီ ကိုလှကြည်၊ စိတ်တူသဘောတူ သူငယ်ချင်းတစ်စုနှင့်တိုင်ပင်ပြီး တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလှမောင် (ဗိုလ်ဇေယျ)ကို ဖိတ်ခေါ်ကာ ကျောင်းသားသမဂ္ဂဖွဲ့ရေးအကြံဉာဏ်ယူပြီး သမဂ္ဂဖွဲ့သည်။ ယူဂျီလုပ်ငန်းများ မထင်မရှားလုပ်ဆောင်သည်။

ချောက်ရေနံမြေသပိတ်တပ်မကြီးနှင့် သထုံ၊ ပဲခူး စီရင်စုက လယ်သမားတပ်ပေါင်းစုတို့ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ကမာရွတ် လမ်း(၄)ခွဆုံမှာ ဆုံမိကြပြီး ရွှေတိဂုံအနောက်တောင်စောင်းတန်းအနီး မြေကွက်လပ်မှာ စခန်းချကြသည်။ တို့ဗမာအစည်းအရုံးက ဦးဆောင်ကာ ရွှေတိဂုံအလယ်ပစ္စယံ၌ အုပ်ချုပ်ရေးစနစ် သစ်ကို တိုက်ဖျက်ရေးပြည်လုံးကျွတ်အစည်းအဝေး ပြု လုပ်သည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ အစည်းအဝေးကြီးအပြီး ၂၃ ရက်နေ့တွင် တို့ဗမာအစည်းအရုံး အထွေထွေ အတွင်း ရေးမှူး သခင်အောင်ဆန်းအပါအဝင် ခေါင်းဆောင် ၁၀ ဦးတို့ကို ရန်ကုန်အရေးတကြီးလုံခြုံရေးဥပဒေဖြင့် ဖမ်းဆီး ပြီး ထောင် ၁၅ ရက် ချသည်။

ရန်ကုန်ကျောင်းသားသပိတ်

မြို့မကျောင်းသပိတ်စခန်းမှ ကျောင်းသား ကျောင်းသူ ၁၀၀၀ ကျော် အစာငတ်ခံဆန္ဒပြကြရာတွင် မြို့မိမြို့ဖများ နှင့် ကျောင်းသားခေါင်းဆောင်များက မေတ္တာရပ်ခံချက် အရ နောက်တစ်နေ့ အစာငတ်ခံဆန္ဒပြပွဲ ရပ်ဆိုင်းလိုက်သည်။ ရန်ကုန်ကျောင်းသားသပိတ်ကိုထောက်ခံသည့် မန္တလေးမှ ရဟန်းသံဃာတော်များ၊ ကျောင်းသား ကျောင်းသူ၊ မြို့သူ မြို့သား တစ်သိန်းကျော်ပါဝင်သည့် လူထုချီတက်ပွဲကို အစိုးရက ချေမှုန်းရာ သံဃာတော်နှင့် လူ ၂၀ ခန့် အသက် ဆုံးရှုံးခဲ့သည်၊၊ မန္တလေးဆန္ဒပြပွဲကြီးကို အကြမ်းဖက်နှိမ်နင်း မှုအား ကန့်ကွက်သည့် ရန်ကုန်မြို့လုံးကျွတ်အစည်းအဝေး က ညွန့်ပေါင်းအစိုးရကို ကန့်ကွက်ရှုတ်ချပြီး ရက်ပိုင်း အကြာ အောက်လွှတ်တော်အစည်းအဝေးက ညွန့်ပေါင်း အစိုးရအပေါ် အယုံအကြည်မရှိအဆိုတင်သွင်းရာ ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရ ပြုတ်ကျခဲ့သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဦးပု၏ ဒုတိယညွန့်ပေါင်း အစိုးရတက်ပြီးနောက် မော်လမြိုင် မော်တင်လိန်းကျောင်း ဆန္ဒပြပွဲကို ရဲကနှိမ်နင်း၍ ကျောင်းသား ကျောင်းသူများ ဒဏ်ရာ ရရှိကြသည်။ ဆာဦးသွင်အိမ်၌ အစိုးရနှင့် မြို့မိမြို့ဖလူကြီးများ ဆွေးနွေးပြီး ဗကသကို သပိတ်လှန်ရန် ဆင့်ဆိုခဲ့သည်။ တစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူကိုယ်စားလှယ်များ တက်ရောက်သည့် ကျောင်းသားလွှတ်တော် အစည်းအဝေး တစ်ရပ်ပြုလုပ်ကာ သပိတ်လှန်မှုကို မတ်လ ၈ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ရေနံကုမ္ပဏီများဘက်က ကတိခံဝန် ချက်များပေး၍ ရေနံမြေသပိတ်ကြီး တစ်နှစ်ခွဲအကြာ ၁၉၃၉ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ဤသို့ ၁၉၃၈ ကျောင်းသားသပိတ်မှစတင်ကာ သပိတ်ပေါင်းစုံကို တွေ့ရ ကြုံရပြီး ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ရာမှ နယ်ချဲ့အစိုးရကို မနှစ်မြို့စိတ်များ အဖေ့ စိတ်တွင်းဝယ် ကိန်းအောင်းအမြစ်တွယ်ခဲ့သည်။ တစ်ချိန်က ဗကသနှင့် တကသဥက္ကဋ္ဌ နောင်တွင် တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး ကိုအောင်ဆန်း(သခင်အောင်ဆန်း) ကို အားကျလေးစားကြည်ညိုစိတ်တွေ ဖြစ်ရသည်။ အလုံ ကူရှင်ဟိုက်စကူး ၁၀ တန်း၌ အဖေပညာသင်ကြားစဉ် ဂျာမနီက ပိုလန်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် ကျူးကျော် ဝင်ရောက်တိုက်ခိုက်ရာမှ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသည်။

ပြည်သူ့အရေးတော်ပုံပါတီ

မြေအောက်တော်လှန်ရေးလှုပ်ရှားမှုလုပ်ရန် သခင် အောင်ဆန်းက ပြည်ပခေါင်းဆောင်၊ သခင်မြက ပြည်တွင်း ခေါင်းဆောင်အဖြစ် ပါဝင် သော "ပြည်သူ့အရေးတော်ပုံပါတီ" (The People's Revolutionary Party) ကို ၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
ပြည်ပအကူရရေး သခင်အောင်ဆန်းနှင့် သခင်လှမြိုင် တို့ ဩဂုတ်လ ၈ ရက်နေ့တွင် ဟိုင်လီသင်္ဘောဖြင့် လျှို့ဝှက် ထွက်ခွာသွားကြကာ ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် Shunten Maru သင်္ဘောဖြင့် ဂျပန်မှ ပြန်ရောက်လာကြသည်။ မတ်လ ၉ ရက်နေ့မှစ၍ အသုတ် လေးသုတ်ခွဲကာ ရဲဘော်သုံးကျိပ်ဝင်တို့ သခင်အောင်ဆန်း နှင့်အတူ ဂျပန်သို့ထွက်ခွာခဲ့သည်။

ဤကြားကာလ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက် နေ့က ဦးပု ညွန့်ပေါင်းအစိုးရပြုတ်ကျကာ ဦးစော ဦးဆောင်သော ညွန့်ပေါင်းအစိုးရ စက်တင်ဘာလ ၉ ရက်နေ့တွင် တက်ကာ အစိုးရတစ်ရပ်အပြောင်းအလဲက ဖြစ်ခဲ့သေးသည်။

တို့ဗမာအစည်းအရုံးကြီးကို ဗြိတိသျှအစိုးရက တရား မဝင်ကြေညာကာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ဖျက်သိမ်းခဲ့သည်။
ရန်ကုန်မြို့ကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဂျပန် လေတပ်က ဗုံးစတင်ကြဲ၍ မြို့လူထု ၂၀၀၀ ခန့်သေပြီး ၂၅၀၀ ခန့် ဒဏ်ရာရသည်။ နှစ်ရက်အကြာ ဂျပန်စစ် လေယာဉ်များ ဒုတိယအကြိမ် ရန်ကုန်ကို ဗုံးကြဲသည်။

ဗမာ့လွတ်လပ်ရေး တပ်မတော်

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗန်ကောက်မြို့ ဘော်နီ ယို ခြံဝင်းအတွင်း သခင်အောင်ဆန်းနှင့် အပေါင်းပါ သခင် သုံးဦးတို့ လက်မောင်းသွေးဖောက် သစ္စာဆိုကာ “ဗမာ့ လွတ်လပ်ရေးတပ်မတော်(BIA)”ကို အုတ်မြစ်ချခဲ့သည်။

၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဗိုလ်မိုးကြိုး (ဗိုလ်မှူးကြီးဆူဇူကီး)နှင့် ဗိုလ်တေဇ(နောင်ဗိုလ်ချုပ်အောင် ဆန်း)တို့ ဦးစီးသော BIA ဌာနချုပ် စစ်ကြောင်းနှင့် မော်လမြိုင်စစ်ကြောင်းတို့ ဗန်ကောက်မှစတင်၍ စစ်ဆင် ရေးထွက်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မန္တလေးကို ဂျပန်ဗုံးကြဲသည်။ ရန်ကုန်မြို့ကို ဂျပန်က တတိယအကြိမ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဗုံးကြဲအပြီး ဘုရင်ခံ Sir Dorman Smith နှင့် ဝန်ကြီးများ ရန်ကုန်မြို့မှ မေမြို့သို့ စတင်ထွက်ခွာကြသည်။

မတ်လ ၈ ရက်နေ့တွင် BIA က ရန်ကုန်မြို့ကို အောင် မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ တစ်ပတ်အကြာ မတ်လ ၁၅ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာသည်။ မတ်လ ၂၅ ရက်နေ့တွင် ဘီအေအေအားကစားကွင်း (အောင်ဆန်း အားကစားကွင်း)၌ တပ်မတော်သား ၁၀၀၀၀ ခန့် ပါဝင်၍ ဗိုလ်မိုးကြိုး၊ ဗိုလ်တေဇ၊ သခင်ကိုယ်တော်မှိုင်းတို့ကို ချီတက်အလေးပြုသည့် စစ်ရေးပြအခမ်းအနား ပြုလုပ် သည်။

BIA က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့

ဧပြီလ ၃ ရက်နေ့ ဂျပန်ဗုံးကြဲ၍ မန္တလေးတစ်မြို့လုံးနီးပါး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။ မြို့သူမြို့သား ၂၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။ ဗြိတိသျှတို့သည် ၎င်းတို့ ဆုတ်ခွာရာလမ်းကြောင်းရှိ စက်ရုံ၊ တံတား စသည်တို့ကို ဖောက်ခွဲဖျက်ဆီးပြီးသွားကြသည်။ မေလ ၁ ရက်နေ့တွင် မန္တလေးမြို့ကို BIA က သိမ်းပိုက်လိုက်ပြန်သည်။ BIA တပ်များ၊ အောင်ပွဲတစ်ခုပြီးတစ်ခု ရရှိနေချိန်၊ မိမိတို့အခြေ အနေမကောင်းတော့သည်ကို သဘောပေါက်၍ ဘုရင်ခံ Dorman Smith သည် မေလ ၄ ရက်နေ့တွင် တပ်လေ ယာဉ်ဖြင့် မြစ်ကြီးနားမှ အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာခဲ့သည်။ ရန်ကုန်မြို့ကို မတ်လ ၈ ရက်နေ့တွင် BIA က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ဘေးစစ်ဒဏ်ဝေးရာ ဓနုဖြူသို့ အဖေတို့မိသားစု စစ်ရှောင်ရန်ရောက်သွားကြသည်။ အဖေ့ စိတ်ထဲမှာတော့ နယ်ချဲ့ကိုဆန့်ကျင်သည့် ကျောင်းသား သပိတ်များကို အမှတ်ရနေသည်။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေချိန် တပ်ထဲဝင်ပြီး နိုင်ငံ့ အကျိုးကို တစ်တပ်တစ်အား ပါဝင်ဖြည့်ဆည်းလိုသည်။ တပ်ထဲဝင်လိုကြောင်း ဖခင်ကြီး ဦးဘသာကို ခွင့်တောင်း သည်။ အသက် ၁၈ နှစ်ပင် မပြည့်တတ်သေးသော မိမိသား ကို ဖခင်ကြီးက တပ်ထဲမဝင်စေလိုပေ။ သားဖြစ်သူက အကြိမ်ကြိမ်ပူဆာရာ “စစ်သင်တန်း မည်မျှပင်ခက်ခဲ ကြမ်းတမ်းစေကာမူ တပ်ထဲဝင်ပြီးလျှင် သင်တန်းကို အောင်မြင်ပြီးဆုံးအောင်တက်ပြီး တိုင်းပြည်ကာကွယ်ရေး တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပါမည်” ဟူသော ကတိစကား သားဖြစ်သူ မောင်လွင်ထံမှ ရယူသည်။ ပြီးတော့မှ ဖခင်ကြီး ဦးဘသာက သား မောင်လွင်ကိုခေါ်ပြီး ရန်ကုန်သို့ တက်လာကြသည်။ ဖခင်ကြီး၏မိတ်ဆွေ သခင်ချစ်၏ စာကိုယူကာ အဖေသည် မင်္ဂလာဒုံစစ်သင်တန်း ကျောင်းတက်ခွင့်ရရေး ဗိုလ်ကြီးကျော်ဇောနှင့် သွားတွေ့ လျှောက်ထားသည်။ သင်္ကြန်လွန်ပြီး ကာလလောက်တွင် မင်္ဂလာဒုံစစ်သင်တန်းကျောင်းဝင်ခွင့်ကို အဖေရသည်။

မေလ ၁ ရက်နေ့တွင် မန္တလေးမြို့ကို မြန်မာတို့ သိမ်းပိုက်နိုင်ခဲ့သည်။ ဘုရင်ခံ Dorman Smith လည်း မေလ ၄ ရက်နေ့တွင် မြစ်ကြီးနားမြို့မှ လေယာဉ်ဖြင့် အိန္ဒိယသို့ ဆုတ်ခွာသွားတော့သည်။ အိန္ဒိယနိုင်ငံ ဆင်းမလားသို့ ဘုရင်ခံနှင့်အတူ ဆုတ်ခွာသွားသော စစ်ပြေးအစိုးရအဖွဲ့ကို နန်းရင်းဝန် (ဝန်ကြီးချုပ်) ဆာပေါ်ထွန်းက ဦးဆောင်ပြီး ယင်းကို “ဆင်းမလားအစိုးရ” ဟုခေါ်သည်။

ဂျပန်တို့က မြန်မာနိုင်ငံကို ဇွန်လ ၁ ရက်နေ့ကစ၍ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည်။ ဂျပန်စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးအီးဒါး (Iida) က မေမြို့သို့ မြန်မာနိုင်ငံရေးခေါင်းဆောင်များကို ဖိတ်ခေါ်ဆွေးနွေးပြီး ဒေါက်တာ ဘမော်ခေါင်းဆောင်သော ပုဂ္ဂိုလ် ၁၀ ဦးပါ “ဗမာပြည် အုပ်ချုပ်မှုစီစဉ်ရေးအဖွဲ့’’ ကို ဖွဲ့စည်းပေးသည်။ ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းကလည်း အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ် များ၌ BIA က ပါဝင်ပတ်သက်ခြင်းမပြုရန် အမိန့်ထုတ်သည်။

ဂျပန်တို့က မြန်မာနိုင်ငံလွတ်လပ်ရေးကို ကူညီရန်နှင့် မြန်မာလူငယ်များကို စစ်ပညာသင်ကြားပေးရန်ဟူသော ရည်ရွယ်ချက်တို့ဖြင့် ဂျပန်နိုင်ငံ၌ ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကဖွဲ့စည်းခဲ့သော မီနားမိကီကန် (Minami Kikan) အဖွဲ့အစည်းကို ဖျက်သိမ်းလိုက်သည်။ အဖွဲ့ခေါင်းဆောင်ဖြစ် ခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ် စစ်သေနာ ပတိချုပ်အဖြစ် တာဝန်ယူခဲ့သော ဗိုလ်မှူးကြီးဆူဇူကီး (ဗိုလ်မိုးကြိုး)ကလည်း တာဝန်များပြီးဆုံး၍ တိုကျိုသို့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားသည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖျက်သိမ်းခဲ့

ဇူလိုင်လနောက်ဆုံးပတ်တွင် ပျဉ်းမနား၌ တပ်များ အားလုံးစုရန် တပ်မိန့်ထွက်သည်။ မင်္ဂလာဒုံတပ်ရှိ သင်တန်းသား အားလုံးနှင့် အခြားတပ်ဖွဲ့များအားလုံး ပျဉ်းမနားစစ်ဌာန ချုပ်သို့ စုရုံးရောက်ရှိကြပြီး ဇူလိုင်လ ၂၇ ရက်နေ့တွင် သစ်တောကျောင်း ဘောလုံးကွင်း၌ စုရုံးစစ်ရေးပြကြသည်။ ထိုနေ့၌ ဂျပန်စစ်အာဏာပိုင်တို့က အင်အား ၅၀၀၀၀ ခန့်ရှိသော “ဗမာ့လွတ်လပ်ရေးတပ်မတော်” (ဘီအိုင်အေ)ကို ဖျက်သိမ်းခဲ့သည်။ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) စစ်ဌာနချုပ်(ဗဟိုစစ်ရုံးချုပ်)ကို ပျဉ်းမနားမြို့၌ ဖွင့်လှစ် သည်။ နောက်တစ်နေ့တွင် ဗိုလ်တေဇကို ဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်သေနာပတိအဖြစ်လည်းကောင်း၊ ဗိုလ်စကြာ နှင့် ဗိုလ်လကျ်ာတို့ကို ဗိုလ်မှူးအဆင့်ဖြင့် စစ်ဦးစီးမှူးများ အဖြစ်လည်းကောင်း ဗိုလ်ချုပ်ကြီးအီးဒါးက ခန့်အပ်သည်။ ဇူလိုင်လ ၂၉ ရက်နေ့တွင် ဗိုလ်မှူးကြီးအောင်ဆန်းအား ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ၏ စစ်သေနာပတိ အဖြစ်ခန့်အပ်သည့် အခမ်းအနားကို ပြုလုပ်သည်။ ကျောင်းသားဘဝထဲက အဖေသည် သူ ချစ်ခင်လေးစား ကြည်ညိုနေရသော ဗိုလ်ချုပ်ကို ပထမဆုံးအကြိမ် အဝေးက မြင်တွေ့အလေးပြုရသည်ကို သူ့တစ်သက် မေ့၍ ရနိုင်မည်မဟုတ်ပါ။

ဘီဒီအေတပ်မတော်သားအဖြစ် ဘဝတစ်ဖြစ်လဲ

ဘီအိုင်အေတပ်မတော်သားဘဝကနေ ရက်ပိုင်း အတွင်း ဘီဒီအေတပ်မတော်သားအဖြစ် ဘဝတစ်ဖြစ်လဲကာ မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းသို့ အဖေပြန်ရောက်သည်။ ဗိုလ်သင်တန်းတက်စဉ် အလွန်ပင်ပန်းသော နေ့တစ်နေ့ ကို အဖေအမှတ်တရရှိသည်။ ထိုနေ့က အဖေမှတ်မိသော တိုက်ပွဲလေ့ကျင့်ခန်းမှာ မနက်စောစော သင်တန်းကျောင်း နောက်ဘက်ပေါက်မှ ထွက်ကြရသည်။ ကျောင်းနောက် ဘက်ရေစင်ကြီးအောက်က ရန်သူရှေ့ပြေးကင်းကို စ၍ တိုက်ရသည်။ ရန်သူကပြေးသည့်နောက်သို့ တောက် လျှောက်လိုက်တိုက်ရသည်။ တိုက်ပွဲဖြစ်လိုက်၊ ရန်သူ ဆုတ်ခွာရာသို့ လိုက်တိုက်လိုက်နှင့် တညင်းကုန်း၊ ရွာမ၊ အင်းစိန်၊ ကမာရွတ် တောက်လျှောက်တိုက်လိုက်၊ ပြေးလိုက်နှင့်အလွန်မောကြသည်။ လမ်းမှာ ငါးခြောက် နည်းနည်းနှင့် ထမင်းဆုပ်ဝါး၊ ရေမော့သောက်ပြီး မနား တမ်းလိုက်ကြရသည်။ ဂျပန်နည်းပြတွေက အနားမပေး အတင်းမောင်းကြသည်။ အိမ်တော်ရာဘုရားလမ်းဘေးရောက်သောအခါ မိုးကမရွာ၊ နေကလည်းပူ၍ ရဲဘော်နှစ်ဦး မူးလဲသည်။

နောက်ဆုံး မြို့မကျောင်းရှေ့ မိုင်ဒါကွင်း၌ အနီးကပ်လှံစွပ်ထိုးတိုက်ပွဲနှင့် အဆုံးသတ်သည်။ ၁၅-၁၆ မိုင်ရှည်သည့် ခရီးရှည် တိုက်ပွဲမို့ အလွန်ပင်ပန်းနေကြသည်။ လှံစွပ်ထိုးတိုက်ပွဲကြည့် စင်မြင့်ပေါ်တွင် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းလည်း ရှိနေပေသည်။ မောလွန်းလှ၍ ပွဲကြည့်ပရိသတ်ကိုပင် အာရုံမထားနိုင်ရှိသည်။ တိုက်ပွဲ အခမ်းအနားပြီးသည့်အခါ မင်္ဂလာဒုံတပ်ရင်းပြန်ရန် အဖေ တို့အဖွဲ့ အယောက် ၃၀ လောက်က ပစ္စည်းများသိမ်းပြီး ကားပေါ်တင်ရသည့် တာဝန်ကျသည်။

ပစ္စည်းများ သိမ်းနေဆဲ ဗိုလ်ချုပ်က “ကောင်လေးတွေပင်ပန်းရှာရော့မယ်၊ ပေါင်မုန့်ကျွေးလိုက်ပါ” ဟု ပြော၍ ပေါင်မုန့်စားရမည့် သတင်းကောင်းကို ကြားရသည်။ ကံခေချင်တော့ အဖေတို့ အလှည့်မရောက်ခင် ဝေစရာပေါင်မုန့်က ပြတ်သွားသည်။ ထိုသတင်း ဗိုလ်ချုပ်ထံရောက်သွားရာ “ပေါင်မုန့်ထပ်ဝယ်၊ ဝယ်မရရင်ကိတ်မုန့်ကျွေး” ဟု စိတ်ဆိုးပြီးပြောကြောင်း သတင်းရပြန်သည်။ နောက်ဆုံးပြန်ခါနီး ကားပေါ်အရောက် မုန့်များရောက်လာ၍ ဆာဆာနှင့်ပါးစပ်ထဲထည့် ကိုက်စား လိုက်ရာ ပေါင်မုန့်အစား ကိတ်မုန့်ဖြစ်နေ၍ ဝမ်းသာ အားရ မြိန်ရေရှက်ရေစားကြရသည်။ တပ်ရင်းပြန်ရောက် ၍ အဖြစ်အပျက်မှန်ကို ကျန်ရဲဘော်များအား ပြောပြရာ မယုံကြ။ အမောမှမပြေသေးဘူး၊ နောက်နိုင်ရန်ကောဟု အပြစ်တင်ခံရသည်။

(ဆက်လက်ဖော်ပြပါမည်)
ကြေးမုံ