ကန်တော်ကြီး ပတ်ဝန်းကျင်မှာ ထွက်ပေါ်လာဦးမယ့် ရန်ကုန်မြို့ရဲ့ ပုံရိပ်သစ်

ဝေယံဦး

ပုံရိပ်တွေစုံလင်တဲ့ မြို့ပြရန်ကုန်မှာတော့ ရှေးဟောင်းမြို့ပြ အမွေအနှစ်အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေသလို အသစ်အသစ်သော အဆောက်အအုံ ပုံရိပ်အသစ်တွေလည်း ထွက်ပေါ်နေပါတယ်။ မကြာခင်ကာလမှာတော့ ပြည်သူတွေ အပန်းဖြေလာရောက်ကြည့်ရှုလေ့လာနိုင်မယ့် ရေအောက်ငါးပြတိုက်တစ်ခုကို တည်ဆောက်ပြီးစီးတော့မှာ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတကာအဆင့်မီ ရေအောက်ငါးပြတိုက်ကို ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်အတွင်း ယခင်ငါးပြတိုက်နေရာမှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ကလေးငယ်တွေအပါအဝင် အရွယ်စုံ လူကြီးလူငယ်တွေအားလုံး လာရောက်လေ့လာနိုင်မယ့် ငါးပြတိုက်ဖြစ်တာမို့ မြန်မာနိုင်ငံမှာတော့ ပထမဆုံး ပေါ်ထွက်လာတော့မယ့် ငါးပြတိုက်ဖြစ်ပါတယ်။

မြန်မာ့ပထမဆုံးငါးပြတိုက်

“ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်အတွင်း တည်ဆောက်နေသည့် မြန်မာ့ပထမဆုံး ငါးပြတိုက်ကို ၂၀၁၉ ခုနှစ် ဧပြီလမှာ ဖွင့်လှစ်နိုင်ရေး ကြိုးစားနေတယ်” ဟု ဇန်နဝါရီ ၉ ရက်က ကျင်းပသည့် ကန်သာယာစင်တာဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ အခုတည်ဆောက်နေတဲ့ ငါးပြတိုက်ကို စင်ကာပူနိုင်ငံ Sd Surbena မှ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး ယခင်ငါးပြတိုက်ဟောင်းရဲ့ မြေဧက ၅ ဧကခန့်ပေါ်မှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။ စတင် တည်ဆောက်တာကတော့ ၂၀၁၄ ခုနှစ် နှစ်ဆန်းကစပြီး ငါးပြတိုက်တည်ဆောက်ရေးဆိုင်ရာ ပြည်ပ ပညာရှင်တွေကိုလည်း ခေါ်ယူကာ အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ရေချို ရေငန် ငါးမျိုးတွေပြသ

အရင်ကတည်ရှိခဲ့တဲ့ ငါးပြတိုက်ဟောင်းမှာတော့ ရေချို ငါးမျိုးစိတ်တွေကိုသာ ထည့်သွင်းပြသခဲ့ပေမယ့် အခု တည်ဆောက်နေတဲ့ နိုင်ငံတကာအဆင့်မီ ငါးပြတိုက်မှာတော့ ရေချိုငါးမျိုးတွေရော ရေငန်ငါးမျိုးတွေပါ ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်ကပြည်ပနိုင်ငံတွေရဲ့ ငါးပြတိုက်တွေလိုသာ ရုပ်ရှင်တို့၊ ရုပ်မြင်သံကြားတို့၊ ဓာတ်ပုံတို့မှာ မြင်တွေ့ခဲ့ရဖူးပေမယ့် အခုတော့ လက်တွေ့လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။

အခု တည်ဆောက်နေတဲ့ ငါးပြတိုက်မှာ ရေအောက်သတ္တဝါမျိုးစုံ၊ ရှားပါးရေအောက်သတ္တဝါတွေ၊ ထူးခြားတဲ့ ဒီဇိုင်းနဲ့ အရောင်အသွေးစုံလင်တဲ့ အရွယ်စုံငါးမျိုးတွေ စတဲ့ရေချိုရေငန် ငါးမျိုးတွေကို သဘာဝအတိုင်း ကူးခတ် သွားလာနေတာကို နီးနီးကပ်ကပ် လေ့လာနိုင်မှာဖြစ်ပါတယ်။

ငါးပြတိုက်တည်ဆောက်မှုလုပ်ငန်းကိုတော့ ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန၊ မုတ္တမဟိုးဒင်းလီမိတက်နဲ့ ပြည်တွင်းက မိတ်ဖက်ကုမ္ပဏီတစ်ခုတို့က ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီတွေကပဲ နှစ်ရှည်ငှားရမ်းစာချုပ်နဲ့ လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အပန်းဖြေလေ့လာစရာ နေရာသစ်

တည်ဆောက်နေတဲ့ ငါးပြတိုက်ဒီဇိုင်းပုံစံကတော့ ခေတ်မီ လှပပြီး ဆန်းသစ်မှုရှိတဲ့ ပုံစံဖြစ်တာမို့ ကန်တော်ကြီးဝန်းကျင်မှာတော့ အပန်းဖြေသွားရောက်လေ့လာစရာ နေရာသစ်တစ်ခု ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ကန်တော်ကြီးဧရိယာ အတွင်းမှာ ပြည်သူတွေအတွက် ပန်းခြံ၊ သစ်သားတံတား၊ လျှောက်လမ်း၊ သစ်ပင်ပန်းမန်တွေနဲ့ တည်ရှိနေတာဖြစ်သလို ကန်တော်ကြီးဝန်းကျင်မှာလည်း တိရ္ဆာန်ဥယျာဉ်နဲ့ မကြာမီက ဖွင့်လှစ်ခဲ့တဲ့ ကန်သာယာစင်တာအပြင် လာမယ့်လအနည်းငယ် အတွင်းမှာ နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ကို ဖွင့်လှစ်နိုင်တော့ မှာဖြစ်ပါတယ်။

ငါးမျိုးစိတ်မျိုးစုံ ခွဲခြားပြသ

အခုတည်ဆောက်နေတဲ့ ငါးပြတိုက်အတွင်းမှာ ပြခန်းတွေ ပါဝင်ဖွဲ့စည်းထားမှာဖြစ်ပြီး အန်ဒမန်ပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ မြိတ်ကျွန်းစု၊ အင်းလေး စတဲ့ နေရာတွေနဲ့ ရှားပါးငါးတွေ၊ ငါးမျိုးစိတ်မျိုးစုံတွေကို ခွဲခြားပြသထားမှာ ဖြစ်ပါတယ်။ လာရောက်လေ့လာ ကြည့်ရှုသူတွေကိုယ်တိုင် အနီးကပ်မြင်တွေ့နိုင်၊ လေ့လာနိုင်အောင် ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။ ပင်လယ် သမုဒ္ဒရာတွေအတွင်းမှာ ကျင်လည်ကျက်စားနေတဲ့ ရေနေ သတ္တဝါတွေကို အနီးကပ်ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမယ့် အနေအထားအထိ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်နိုင်အောင် ပြည်တွင်းပြည်ပက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး တည်ဆောက်နေတာမို့ ကန်တော်ကြီးဝန်းကျင်မှာ အပန်းဖြေလေ့လာစရာ အဆောက်အအုံတစ်ခုအဖြစ် တည်ရှိ လာမှာဖြစ်တဲ့အပြင် ရန်ကုန်မြို့ပြအတွက်လည်း ဖွံ့ဖြိုးမှုပုံရိပ် သစ်တစ်ခုအဖြစ် ထွက်ပေါ်လာဦးမှာ သေချာနေပါတယ်။

mdn

မြန်မာ့အလင်း