၂၀၂၀ ကုန်ပြီး ၂၀၂၁ ကိုကြိုဆိုတဲ့အနေနဲ့ နိုင်ငံအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပကြတာ တွေ့မြင်ရမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျင်းပတဲ့ပုံစံက တစ်မူထူးခြားနေတာ တွေ့ရတယ်။ ကိုဗစ်-၁၉ ကြောင့် သတိထားပြီး နှစ်သစ်ကို ကြိုဆိုနေကြပါတယ်။

 

၂၀၂၀    ပြည့်နှစ်မှာ     တစ်ကမ္ဘာလုံးမှာ    ခံစားခဲ့ရတဲ့ ကပ်ရောဂါကြီးကြောင့်    လူတိုင်းနှစ်မြန်မြန်ကုန်ဖို့ နှစ်သစ်မှာ   စိတ်သစ်လူသစ်  မျှော်လင့်ချက်အပြည့်နဲ့ ဆုတောင်းနေကြတယ်။ အလူးအလဲခံခဲ့ရတာတွေ ၂၀၂၁ မှာ  အားလုံးပပျောက်သွားဖို့ မျှော်လင့်နေကြတယ်။ ကာကွယ်ဆေးတွေကို စတင်ထိုးနေကြပြီမို့ ပုံမှန်အခြေ အနေပြန်ရောက်ဖို့ တမ်းတနေကြပါတယ်။

 

အနီးကိုရောက်လာတဲ့ ကိုဗစ်

 

မနှစ်ကဒီအချိန်ကို ပြန်ပြီးသတိရမိတယ်။ နှစ်ကုန်ခါနီး တရုတ်ပြည် ဝူဟန်မြို့မှာ ရောဂါအသစ်တစ်ခုပေါ်ပြီး ကူးစက်မှုမြန်ဆန်နေကြတာကို ရုပ်မြင်သံကြားက ကြားရတယ်။ ဒါပေမယ့် ကိုယ်နဲ့မသက်ဆိုင်ဘူးလို့ ထင်ခဲ့တယ်။ ကပ်ရောဂါဟာ တစ်စတစ်စ တစ်ကမ္ဘာလုံးကိုပျံ့နှံ့ခဲ့ပြီး သင်္ကြန်မတိုင်မီ မြန်မာပြည်ကိုရောက်ခဲ့တယ်။ သင်္ကြန် ကာလအပြီးမှာလည်း အခြေအနေတွေက ဆိုးဆိုးရွားရွား မဟုတ်တာမို့ သတိထားပြီး လှုပ်ရှားခဲ့ရတယ်။ ဒီရောဂါကြီးကို မြန်မာပြည်မှာ ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်ဖို့လည်း မျှော်လင့်ခဲ့ကြတာ။ ရုပ်မြင်သံကြားမှာ တစ်ကမ္ဘာလုံး ရောဂါပျံ့နှံ့မှုအခြေအနေ  ဖော်ပြရာမှာ  အိမ်နီးနားချင်း နိုင်ငံတွေမှာ အနီရောင်တွေပြထားပေမယ့် မြန်မာပြည်က အဖြူရောင်ဖြစ်နေတာမို့   စိတ်သက်သာရခဲ့ပါတယ်။ ဒါပေမယ့် ဩဂုတ်လအကုန်မှာတော့ ကိုဗစ်-၁၉ ဟာ မြန်မာပြည်မှာ  အရှိန်အဟုန်နဲ့  ပျံ့နှံ့ခဲ့တယ်။ အစက ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်   ယူဆခဲ့ပေမယ့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးပြဿနာအဖြစ် အသွင် ကူးပြောင်းခဲ့တယ်။ အစက ကပ်ရောဂါကြီးဟာ ကိုယ်နဲ့ ဝေးကွာနေတယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ မိမိရဲ့အသိုင်းအဝိုင်းအတွင်း ရောဂါကူးစက်ပြီး သေဆုံးခဲ့တာတွေနဲ့ ကြုံတွေ့ရပါတယ်။

 

၂၀၁၉ နှစ်မကူးမီ ကျွန်တော်တို့အားလုံးဟာ ၂၀၂၀ ကို မျှော်လင့်ချက်နဲ့  ကြိုဆိုခဲ့ကြတယ်။ လုပ်ငန်းအသစ်တွေကို စီစဉ်ခဲ့ကြတယ်။ ပြည်တွင်းပြည်ပခရီးတွေထွက်ဖို့ စဉ်းစားခဲ့ကြတယ်။ မင်္ဂလာဆောင်တွေကျင်းပဖို့ ပြင်ဆင်ခဲ့ကြတယ်။   အလှူအတန်းတွေလုပ်ဖို့လည်း  စဉ်းစားခဲ့ကြတယ်။

 

ဒါပေမယ့် ဒါတွေအားလုံးဟာ သဲထဲရေသွန်သလို ဖြစ်ခဲ့ကြရတယ်။  ရောဂါကြီးရဲ့  အန္တရာယ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ  ရပ်ဆိုင်းခဲ့ရတယ်။ အလုပ်ရုံ၊ စက်ရုံတွေ ပိတ်ခဲ့ရတယ်။ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရသလို ဟိုတယ်လုပ်ငန်းအပါအဝင် ဆက်စပ်တဲ့လုပ်ငန်းတွေအားလုံး   ထိခိုက်ခဲ့ပါတယ်။   တစ်ချိန်တစ်ခါမှ အတွေ့အကြုံမရှိဖူးတဲ့ အိမ်ကနေအလုပ်လုပ်ရတဲ့ စီးပွားရေးပုံစံအသစ်တွေ ပေါ်ပေါက်ခဲ့ရတယ်။ အွန်လိုင်းစနစ်ကို အသုံးပြုပြီး စီးပွားရေးအရောင်းအဝယ်တွေ လုပ်ခဲ့ကြတယ်။ ပညာရေးလောကမှာ အွန်လိုင်းပညာစနစ် ပေါ်ပေါက်လာခဲ့တယ်။  Zoom  နည်းပညာနဲ့ အစည်းအဝေးတွေ၊ ဟောပြောပွဲတွေ၊ တရားပွဲတွေ လုပ်နိုင်ခဲ့တယ်။ ကျန်းမာရေး ကဏ္ဍမှာလည်း အွန်လိုင်းစနစ်နဲ့ ကုသမှုတွေ လုပ်လာနိုင်ခဲ့တယ်။ အခက်အခဲ အကျပ်အတည်းတွေကြား အခွင့် အရေးတွေ ယူနိုင်သူတွေ ပေါ်ပေါက်လာခဲ့တယ်။

 

စီးပွားရေးလောကမှာ အကြီးအကျယ် ရိုက်ခတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဘဏ်မှာချေးထားတဲ့ ငွေတွေ အတွက် အတိုးတွေမပေးနိုင်တဲ့ အခြေအနေနဲ့ကြုံခဲ့ရတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေ မြန်မာပြည်ကို ပြန်ခဲ့ကြရတယ်။ တစ်ချိန်က သူတို့ရဲ့ ဆောင်ရွက်မှုတွေကြောင့်  မြန်မာပြည်မှာ  ကျန်ရစ်တဲ့မိသားစုတွေအတွက် အဆင်ပြေခဲ့ပေမယ့် အခုလိုအလုပ်တွေပြုတ်ပြီး ပြန်လာခဲ့ရတာမို့ မိသားစုအခြေအနေတွေ ဆိုးရွားခဲ့တယ်။

 

သတင်းကပ်ရောဂါပါ တွဲပါလာ

 

မထင်မှတ်တဲ့ ကိစ္စတစ်ခုက သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး(infopandemic)သတင်း ကပ်ရောဂါကြီး ပေါ်ပေါက်လာခဲ့တယ်။  လူမှုရေးမီဒီယာကတစ်ဆင့် မဟုတ်မမှန်တဲ့     သတင်းတုတွေ    ပျံ့နှံ့လာခဲ့တယ်။ မလိုအပ်တဲ့စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေတိုးခဲ့တယ်။ ကျွန်တော့်အနေနဲ့ ကပ်ရောဂါကြီးရဲ့ ဒဏ်အမျိုးမျိုးအနက် အဆိုးဆုံးကိစ္စက    စိတ်ဖိစီးမှု  တိုးပွားလာမှုဖြစ်တယ်။ အရာရာကို စိတ်ပူစိုးရိမ်မှုတွေနဲ့ ရင်ဆိုင်ဖြေရှင်းကြတာမို့ ပင်ပန်းဆင်းရဲနေကြတာ တွေ့ရပါတယ်။

 

၂၀၂၀  မှာ  ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ခဲ့ရသလို နိုင်ငံသားအားလုံးအတွက်    အလွန်အရေးကြီးလှတဲ့ အထွေထွေရွေးကောက်ပွဲကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။ အမှန်တော့  ရွေးကောက်ပွဲကို အခက်အခဲ  အနှောင့်အယှက်မရှိဘဲ ကျင်းပနိုင်ခဲ့တာက အောင်မြင်မှုတစ်ရပ် ဖြစ်ပါတယ်။ လုံခြုံရေးကြောင့် မလုပ်နိုင်တဲ့ ဒေသအချို့ ရှိခဲ့ပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။   လက်ရှိအစိုးရကို   ဦးဆောင်တဲ့            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ် အနိုင်ရရှိပါတယ်။ ၂၀၁၅ ခုနှစ်က ရခဲ့တဲ့ရလဒ်ထက် သာလွန်ခဲ့ပါတယ်။ ပြည်သူအများစုရဲ့ ထောက်ခံအားပေးမှုကို အပြည့်အဝ ရခဲ့ပါတယ်။

 

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ အပိုင်းအခြား သုံးရပ်ဟာ   ဆက်စပ်နေတာဖြစ်တယ်။   ၂၀၂၀  မှာ ဖြတ်သန်းခဲ့တာတွေဟာ  ၂၀၂၁  အတွက် အခြေခံကောင်းတွေ ဖြစ်ပါတယ်။  ၂၀၂၁ နဲ့ပတ်သက်ပြီး လူတိုင်းလိုလို စိတ်ဝင်စားလျက်ရှိတယ်။ ကိုဗစ်-၁၉ အလွန်ကာလနဲ့ အစိုးရအသစ်တက်လာမယ့်အချိန်ဟာ တိုက်ဆိုင်နေတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍအသီးသီးနဲ့ ပတ်သက်ပြီး အာရုံစိုက်လျက် ရှိပါတယ်။

 

ဧပြီလ  ၁  ရက်မှာ  ရွေးကောက်ပွဲအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရအသစ် တာဝန်ယူမှာ ဖြစ်တယ်။ ခေတ်သစ်အသုံးအနှုန်းအရ NLD  ၁.၀ ဖြစ်တယ်။ အစိုးရအသစ်အနေနဲ့ နိုင်ငံရေး ထောက်ခံအားပေးမှု အပြည့်အဝရထားတာမို့ လုပ်သင့် လုပ်ထိုက်တာတွေ လုပ်ခွင့်ရမှာဖြစ်တယ်။ ၂၀၁၅ မှ ၂၀၂၀ အထိ အစိုးရတာဝန်ယူခဲ့တဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး  အရှိန်အဟုန်အသစ်၊  အင်အားသစ်တွေနဲ့ ဆောင်ရွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။  ရခဲ့တဲ့ သင်ခန်းစာတွေကို စနစ်တကျသုံးသပ်ပြီး ဆောင်ရွက်ခွင့်ရမှာဖြစ်ပါတယ်။

 

ကိုဗစ်အလွန်ကာလများ

 

၂၀၂၁ မှာ ထိခိုက်ခဲ့တဲ့ စီးပွားရေးကဏ္ဍကို ပြန်လည် နိုးထလာအောင် ဆောင်ရွက်သွားရမှာဖြစ်တယ်။ စီမံကိန်း အသစ်တွေရေးဆွဲပြီး ဆောင်ရွက်သွားဖို့လည်း စီစဉ်နေတာကို ကြားသိရပါတယ်။ ကဏ္ဍမျိုးစုံအနက် လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်တယ်။ လူဦးရေ ၂၀ ရာခိုင်နှုန်းမျှရှိတဲ့ တောင်သူ လယ်သမားတွေအတွက် ဦးစားပေးစီစဉ်ရမှာဖြစ်တယ်။ မကြာမီက အစိုးရအနေနဲ့ သဘောတူလက်မှတ်ထိုးခဲ့တဲ့ (RCEP) ကြောင့် ဈေးကွက်အသစ်တွေ တိုးပွားလာမှာ ဖြစ်တယ်။

 

အစိုးရအသစ်အနေနဲ့ ငွေကြေးဆိုင်ရာပေါ်လစီ မူဝါဒတွေ၊ ဘတ်ဂျက်သုံးစွဲမှု ပေါ်လစီမူဝါဒတွေကို ဆန်းစစ် သုံးသပ်ပြီး လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ယုံကြည်မိပါတယ်။ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အလွယ်တကူ ချောမွေ့စေဖို့ လက်ရှိအစိုးရက ကြိုးစား အားထုတ်ခဲ့တယ်။   အောင်မြင်မှုတွေလည်း   ရခဲ့တယ်။ ဒီအောင်မြင်မှုတွေအပေါ် အခြေခံပြီး ဆောင်ရွက်မှုအသစ်တွေကို  လုပ်ဆောင်ဖို့လိုအပ်မှာ ဖြစ်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့    ပတ်သက်လာရင်    ပြီးခဲ့တဲ့နှစ်က မျှော်မှန်းချက်ရဲ့  ၉၀ ရာခိုင်နှုန်းကျော် ပြည့်မီခဲ့တဲ့အတွက် အားရစရာဖြစ်ပါတယ်။ ဒါပေမယ့် ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေဟာ ညှိနှိုင်းဆောင်ရွက်မှုအားနည်းမှုကြောင့် ဖြစ်တာ တွေ့ခဲ့ရတယ်။ Vertical(ဒေါင်လိုက်အထက်အောက်) ညှိနှိုင်းမှုနဲ့  Horizontal  (အလျားလိုက်)  အဆင့်တူ အချင်းချင်း ညှိနှိုင်းမှုတွေကို ပိုမိုထိရောက်အောင် လုပ်ဖို့ လိုအပ်လှပါတယ်။ ကြိုးနီစနစ်တွေဟာ အခုထိတည်ရှိနေပြီး အလုပ်လုပ်တဲ့နေရာမှာ အဟန့်အတားတွေဖြစ်နေတာ တွေ့ရပါတယ်။

 

၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ရက် ၁၀၀ အတွင်း သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဆောင်ရွက်မယ်လို့လည်း ယုံကြည်မိတယ်။ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေရှိပြီး ဖြစ်တာမို့ ရဲရဲဝံ့ဝံ့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပြီး ရင်ဆိုင်ရတဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို   ဖြေရှင်းရာမှာ  နိုင်ငံတော်နဲ့  ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု   တိုးတက်မှုမြင့်မားလာတာကို ဝမ်းမြောက်စရာ   တွေ့ခဲ့ရတယ်။   တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိပြီး   ထိရောက်စွာ  ညှိနှိုင်းနိုင်ခဲ့တာတွေ့ရပါတယ်။

 

ကဏ္ဍပေါင်းစုံဖွံ့ဖြိုးရေးမျှော်လင့်

 

၂၀၂၁   ခုနှစ်မှာ  အများမျှော်လင့်တောင့်တတဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု အောင်မြင်မှုရလာ နိုင်မယ်လို့ ယုံကြည်ပါတယ်။ ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံပြီး တိုင်းရင်းသားတွေနဲ့ ထိရောက်တဲ့ဆွေးနွေးမှုတွေ ပြုလုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

 

ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေမှာလည်း ခေတ်မီနည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးချပြီး တိုးတက်မှုတွေရအောင်  ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုက Digital Transformation ပဲဖြစ်တယ်။   ဥပမာအနေနဲ့   ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး mobile banking စနစ်တွေကြောင့် လူကိုယ်တိုင်သွားစရာမလိုအပ်တော့ဘဲ လက်ကိုင်ဖုန်းများနဲ့ ဆောင်ရွက်နိုင်ခဲ့တာတွေ့ရတယ်။ အစိုးရဌာနများအနေနဲ့ လည်း ၂၀၂၁ မှာ e-Government အစီအစဉ်တွေကို အရှိန်မြှင့်ဖို့လိုအပ်မှာ ဖြစ်တယ်။ စက္ကူကို အခြေခံတဲ့ စနစ်အစား အိုင်တီအခြေခံတဲ့စနစ်ကို ပြောင်းလဲဖို့ လိုအပ် လှပါတယ်။ အားလုံးမျှော်လင့်နေကြတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၀၂၁ သင်္ကြန်ကာလတွင်စတင်ထိုးနိုင် မှာဖြစ်ကြောင်း ကြားသိရပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်လာရင် လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ရမှာဖြစ်တဲ့အတွက် အစီအစဉ်တွေချမှတ်နေကြောင်း ကြားသိရပါတယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို လက်ရှိ အစိုးရက အာရုံစိုက်ခဲ့တာတွေ့ရတယ်။ အစိုးရအသစ် အနေနဲ့ ဆက်လက်ပြီး တွန်းအားပေးမှာ ဖြစ်ပါတယ်။

 

ကိုဗစ် - ၁၉  ကပ်ရောဂါကို  ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတော်အစိုးရအနေနဲ့   လိုအပ်တဲ့ဘဏ္ဍာငွေများကို သုံးစွဲခဲ့တယ်၊   သုံးစွဲလျက်ရှိတယ်။  တစ်ဖက်မှာ  အခုလို အသုံးစရိတ်တွေကို ရှင်းနိုင်ရန် နိုင်ငံတော်အစိုးရအနေနဲ့ ဝင်ငွေတိုးပွားဖို့ လိုအပ်မှာဖြစ်တယ်။ နိုင်ငံတော်ပိုင်ဆိုင်တဲ့ သဘာဝသံယဇာတအရင်းအနှီးတွေကို တာဝန်ကျေပွန်စွာ ထုခွဲရောင်းချသွားရမှာသာ ဖြစ်တယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကို ကြိုဆိုပြီးအားပေးသွားရမှာ ဖြစ်ပါတယ်။

 

စီမံခန့်ခွဲမှု ရှုထောင့်အနေနဲ့ နိုင်ငံတော်အစိုးရဌာန များအနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုကိုတိုးမြှင့်သွားဖို့ လိုအပ်မှာ ဖြစ်တယ်။ အစိုးရဌာနများနဲ့ ပတ်သက်ပြီး သွက်လက်ထိရောက်တဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်မှာဖြစ်တယ်။ အစိုးရဌာနများအနေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို မြှင့်တင်ပြီး ဆောင်ရွက်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

 

စိတ်ဝင်စားစရာနှစ်တစ်နှစ်ဖြစ်မည်ဟု ယုံကြည်

 

ကမ္ဘာ့ဘဏ်အစီရင်ခံစာတစ်ခုမှာ ၂၀၂၁ မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာတွေကို  တိတိကျကျသတင်း အချက်အလက်ကိန်းဂဏန်းများနဲ့ ဖော်ပြထားတာတွေ့ရတယ်။ တစ်ဦးကျဝင်ငွေလျော့နည်းလာကြောင်း ဖော်ပြထားသလို      ဆင်းရဲချမ်းသာပမာဏအနေနဲ့                      ၂၇ ရာခိုင်နှုန်းအထိ တက်လာနိုင်ကြောင်း ခန့်မှန်းထားတာ တွေ့ရတယ်။   ဒီစိန်ခေါ်မှုတွေကို   ကြိုတင်ပြင်ဆင်ပြီး ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။   အစိုးရအသစ်အနေနဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ      လုပ်နိုင်တာထက် လျှော့ပြီးတင်ပြသင့်ပါတယ်။ Under-promise အခုလို လျှော့ပြောပြီး    အောင်မြင်မှုတွေ တိုးလာအောင် ဆောင်ရွက်ရမှာ ဖြစ်တယ်။ Over-deliver ပြောင်းပြန် မဖြစ်ဖို့ သတိထားသွားရမှာဖြစ်ပါတယ်။

 

၂၀၂၁ စီးပွားရေးအလားအလာနဲ့ပတ်သက်ပြီး အရင်တစ်ပတ်က  B2B   စီးပွားရေးစကားဝိုင်း  တစ်ရပ်ကို ကျွန်တော်ဦးစီးပြီး ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ ဆွေးနွေးကြသူများက ဦးရဲမင်းအောင်၊ ဦးသူရကိုကို နဲ့ ဦးဇေယျာသူတို့ဖြစ်ပါတယ်။ သူတို့လှုပ်ရှားနေတဲ့ ပါဝင်ပတ်သက်နေတဲ့ ကဏ္ဍအသီးသီးက သုံးသပ်ချက်တွေ ပေးခဲ့ပါတယ်။   ဦးရဲမင်းအောင်အနေနဲ့   မြန်မာနိုင်ငံ  ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများ အသင်းချုပ်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ   ထဲထဲဝင်ဝင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။ ဦးသူရကိုကို  အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံအတွက် ဝင်ရောက်လှုပ်ရှားဖို့ ဆောင်ရွက်နေ သူဖြစ်တယ်။  ဦးဇေယျာသူအနေနဲ့  Voice  ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် တာဝန်ယူထားပြီး စီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီး သုံးသပ်လေ့လာသူတစ်ဦး ဖြစ်ပါတယ်။ သူတို့ရဲ့သုံးသပ်ချက်တွေ နားထောင်ရင်း တာဝန်ရှိသူများ အနေနဲ့   အခုလိုစကားဝိုင်းများ   ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြီး လိုအပ်တဲ့ ပေါ်လစီတွေကို ချမှတ်သင့်ကြောင်း သတိပြုမိတယ်။

 

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် နိုင်ငံခြားတိုင်းပြည်များ အထူးသဖြင့် အနောက်နိုင်ငံများ အာရုံပြုကြတဲ့   ရခိုင်အခြေအနေကို  အစိုးရအသစ်က ထိထိရောက်ရောက်   ဆောင်ရွက်သွားရန်   လိုအပ်မှာ          ဖြစ်တယ်။ ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်မိပါ တယ်။ ရွေးကောက်ပွဲအလွန်မှာ မြေပြင်အခြေအနေတွေ သိသိသာသာ ကောင်းမွန်လာကြောင်း တွေ့မြင်ရပါတယ်။

 

၂၀၂၁   ဟာ  ကျွန်တော့်အတွက်  စိတ်ဝင်စားစရာ ကောင်းတဲ့  နှစ်တစ်နှစ်ဖြစ်မယ်လို့  ယုံကြည်မိတယ်။ အစိုးရအသစ် တာဝန်ယူပြီး (Lives and Livelihood) အသက်အန္တရာယ်  ထိန်းသိမ်းကာကွယ်မှုနဲ့  အသက် မွေးဝမ်းကျောင်းမှု အစီအစဉ်များကို ထိထိရောက်ရောက် ကိုင်တွယ်ပြီး ကာလရှည်မှာ အများမျှော်လင့်တောင့်တတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိအောင် ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ကမ္ဘာလုံးနဲ့   ပတ်သက်တဲ့  ရာသီဥတုပြောင်းလဲမှု ပြဿနာကိုဖြေရှင်းပြီး အစိမ်းရောင်စီးပွားရေးကို အုတ်မြစ်ချနိုင်မယ့်နှစ်ဖြစ်မယ်လို့  မျှော်လင့်မိ ပါတယ်။            ။

 

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်