ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

 

အလုပ် ဘဝ ဟန်ချက်ညီမှုနဲ့ပတ်သက်ပြီး တစ်ချိန်က စီမံခန့်ခွဲမှုပညာမှာ ကျွန်တော်လေ့လာခွင့် မရခဲ့ပါဘူး။ မိမိလှုပ်ရှားခဲ့တဲ့ ပတ်ဝန်းကျင်မှာလည်း ယဉ်ကျေးမှုအရ အိမ်ထောင်ဦးစီးဟာ အလုပ်ကိုပဲအာရုံစိုက်ပြီး အိမ်နဲ့ပတ်သက်လာရင် အိမ်ရှင်မ လုပ်သူကပဲ တာဝန်ယူတာ။ အလုပ်ကပြန်လာသူ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးတာမို့ အိမ်ရှင်မကပဲ ဖြေရှင်းခဲ့တာ။ အလုပ်နဲ့ ဘဝကို သီးခြားအကန့်တွေထားပြီး လှုပ်ရှားခဲ့ကြတယ်။ သမားရိုးကျအိမ်ထောင်စုတွေမှာ ဖခင်လုပ်သူက အပြင်ထွက်ပြီး အလုပ်လုပ်၊ မိခင်ကတော့ အိမ်ထောင့်တာဝန် တွေကို ထမ်းခဲ့ကြတယ်။ ဒီအခြေအနေမျိုးကို အနောက်နိုင်ငံတွေမှာ ရှိခဲ့သလို ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှာလည်း ဒီအနေအထားရှိခဲ့တယ်။


ဒုတိယကမ္ဘာစစ်အတွင်းမှာ အခြေအနေတွေဟာ ပြောင်းလဲခဲ့တယ်။ ခင်ပွန်းလုပ်သူတွေ စစ်ပွဲတွေမှာ ပါဝင် နေစဉ် ဇနီးသည်တွေက စက်ရုံတွေမှာအလုပ်တွေ ဝင်လုပ်လာကြတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ဒီအခြေအနေတွေ အရှိန်အဟုန်မြှင့်ခဲ့တယ်။ အလုပ်ခွင်မှာ မိခင်တွေ အလုပ်တွေ လုပ်တဲ့အရေအတွက် တစ်စတစ်စများလာပြီး အိမ်ထောင်စုတစ်ခုမှာ လင်မယားနှစ်ဦးစလုံး အလုပ်ခွင်ဝင်မှု ပါဝင်လာခဲ့ကြတယ်။ အခုလိုအခြေအနေတွေမှာ အလုပ်နဲ့ဘဝ ခွဲခြားပိုင်းခြားဖို့လိုအပ်ကြောင်း အသိအမှတ် ပြုလာကြတယ်။ စီးပွားရေးပညာရှင်တွေအနေနဲ့လည်း စိတ်ဝင်စားစရာခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့တယ်။ အလုပ်နဲ့ ဘဝဟန်ချက်မညီတာကြောင့် အလုပ်ခွင်မှာရော၊ မိသားစု အထဲမှာရော စိန်ခေါ်မှုတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။


အလုပ်နဲ့ ဘဝခြားနားလို့မရနိုင်

အခြေခံအယူအဆက အလုပ်သမားဝန်ထမ်းတစ်ဦးအပေါ်ထားရှိတဲ့ မျှော်လင့်ချက်ပဲဖြစ်တယ်။ ဝန်ထမ်းတစ်ဦး ဟာ အလုပ်အပေါ်မှာ သံယောဇဉ်အပြည့်ရှိရတယ်။ ၂၄ နာရီအချိန်မရွေးဆင့်ခေါ်ရင် အဆင်သင့်ရှိရမယ်။ တစ်ပတ် မှာ ခုနစ် ရက် တာဝန်ရှိတယ်။ အခုလိုတင်းမာလှတဲ့မျှော်လင့် ချက်တွေကြောင့် မိသားစုအပေါ် တာဝန်ကျေပွန်ချင်တဲ့ ဝန်ထမ်းတွေကို အထင်သေးကြတယ်။ အလုပ်ခွင်မှာ အခွင့်အရေးတွေ နစ်နာဆုံးရှုံးခဲ့ရတယ်။ ဥပမာတစ်ခုပေး ချင်ပါတယ်။ ရုံးဌာနတွေ၊ ကုမ္ပဏီအဖွဲ့အစည်းတွေမှာ အစည်းအဝေးတွေလုပ်စဉ် အစည်းအဝေးတက်တဲ့သူတိုင်း ဟာ အလုပ်အပေါ်မှာ အာရုံအပြည့်ရှိတယ်လို့ ယူဆကြတယ်။ အကယ်၍ ဝန်ထမ်းတစ်ဦးရဲ့ ကလေးငယ်ဟာ နေမကောင်းဖြစ်နေပြီး မိခင်က ဆေးခန်းသွားပြနေတယ် ဆိုပါစို့။ ဝန်ထမ်းရဲ့စိတ်ဟာ သူ့ရဲ့ကလေးမှာ ရောက်နေပြီး အစည်းအဝေးကို အာရုံမရှိတာကို သိနားလည်ဖို့ လိုအပ် တယ်။ အလုပ်နဲ့ဘဝကိုခြားနားလို့မရနိုင်ပါဘူး။ ဒါပေမယ့် အလုပ်ခွင်တွေမှာ အယူအဆတွေဟာ မပြောင်းလဲဘဲရှိနေတာ တွေ့ရတယ်။


ကျွန်တော်ရဲ့ ဟောပြောပွဲတွေမှာ အလုပ် ဘဝဟန် ချက်ညီမှုအကြောင်း အခွင့်အရေးရတိုင်း ပြောကြားခဲ့ တယ်။ အထူးသဖြင့် မိသားစုကို အချိန်ပေးဖို့ ပြောခဲ့တယ်။ လူ့ဘဝမှာ အပိုင်း ငါးပိုင်းရှိပါတယ်။ ဒါတွေကတော့ (၁) အလုပ်၊ (၂) ကျန်းမာရေး၊ (၃) မိသားစု၊ (၄) ပတ်ဝန်းကျင်နဲ့ (၅)မိမိကိုယ်ဖြစ်တယ်။ ဒီအပိုင်း ငါးပိုင်းကို ဘောလုံးများအဖြစ် တင်စားနိုင်ပါတယ်။ အလုပ်ကို ကိုယ်စားပြုတဲ့ ဘောလုံးကတော့ သားရေနဲ့လုပ်ထားတဲ့ဘောလုံးဖြစ်ပြီး ကျန်တဲ့ လေးလုံးကတော့ ဖန်နဲ့လုပ်ထားတဲ့ ဘောလုံးတွေ ဖြစ်တယ်။ သားရေဘောလုံးဖြစ်တာမို့ လွတ်ကျရင် ဘာမှ မဖြစ်ပါဘူး။ ကျန်တဲ့ဘောလုံးတွေကတော့ ပဲ့နိုင်၊ ကွဲနိုင်မှာဖြစ်တယ်။ ဒါကြောင့် အလုပ်ထက် ကျန်းမာရေး၊ မိသားစု၊ ပတ်ဝန်းကျင်နဲ့ မိမိကိုယ်ကို အလုပ်ထက်ပိုပြီး ဂရုစိုက်ဖို့ မှာကြားခဲ့ပါတယ်။ အခုလို ပြောတဲ့အတွက် အလုပ်ကိုအလေးမထားရဘူးလို့ မဆိုလိုပါဘူး။ ဟန်ချက်ညီညီ စဉ်းစားတတ်ဖို့ကိုသာ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။


အစိတ်အပိုင်းငါးခု ပေါင်းစပ်စဉ်းစား

အလုပ် ဘဝဟန်ချက်ညီမှုဟာ ကိုဗစ်-၁၉ ကာလမှာ ပိုပြီးအရေးကြီးလာပါတယ်။ အိမ်မှတစ်ဆင့် အလုပ်လုပ်ကြ တဲ့ ဝန်ထမ်းတွေ များလာတဲ့အတွက် အိမ်လည်းအလုပ်၊ အလုပ်လည်းအိမ်ဖြစ်လာခဲ့တယ်။ အရင်တုန်းကလို အလုပ်နဲ့အိမ် (မိသားစု)ကို ခွဲခြားပိုင်းခြားလို့ မရနိုင်တော့ပါဘူး။ မီးဖိုထဲမှာ မိသားစုအတွက် ထမင်းဟင်းချက်ရင်း လက်ကိုင်ဖုန်းနဲ့ ရုံးအလုပ်တွေ လုပ်နေကြရတယ်။ အလုပ် နဲ့မိသားစုခြံစည်းရိုး မရှိတော့ဘဲ ပူးပေါင်းသွားတာ ဖြစ် တယ်။ အခုလိုပူးပေါင်းလာတဲ့အခြေအနေကို အသိအမှတ် ပြုတဲ့ အလုပ်နဲ့ဘဝကို ချိန်ခွင်လျှာအနေနဲ့ မစဉ်းစား သင့်ပါဘူး။ ချိန်ခွင်လျှာဖြစ်တာမို့ တစ်ခုနဲ့တစ်ခု အစားထိုး တဲ့သဘောဖြစ်နေတာ။ အမှန်တော့ စောစောက တင်ပြခဲ့ တဲ့ လူ့ဘဝရဲ့အစိတ်အပိုင်း ငါးခုစလုံးကို ပေါင်းစပ်ပူးပေါင်းပြီး စဉ်းစားဖို့လိုအပ်မှာဖြစ်တယ်။ ခွဲမစဉ်းစားဘဲ ပေါင်း စဉ်းစားဖို့ လိုအပ်မှာ ဖြစ်တယ်။ အိမ်မှာနေရင်း အလုပ်လုပ်တဲ့ သူအနေနဲ့ အလုပ်ခွင်ကြုံတွေ့နေရတဲ့၊ ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေကို မိသားစုနဲ့ ဆွေးနွေးသင့် တယ်။ မိမိရဲ့အနေအထားကို ရှင်းပြတဲ့အတွက် မိသားစု အနေနဲ့ မိမိအပေါ်နားလည်မှု ပိုရှိနိုင်မှာ။ ဗီဒီယိုကတစ်ဆင့် အစည်းအဝေးတွေလုပ်တဲ့အခါ မိမိရဲ့မိသားစုတွေနဲ့ မိတ်ဆက် ပေးစေချင်တယ်။ အလုပ်တာဝန်တွေကို အိမ်က တစ်ဆင့်လုပ်နေရပေမယ့် မိသားစုတာဝန်တစ်ချိန်တည်းမှာ တာဝန်ယူနေရတာကို လုပ်ဖော်ကိုင်ဖက်တွေက နားလည်ဖို့လိုအပ်တယ်။


အလုပ်မှာ သက်သောင့်သက်သာရှိအောင်စီစဉ်

အိမ်ကတစ်ဆင့်အလုပ်လုပ်ရင်း အလုပ်ဘဝဟန်ချက် ညီမှုပြည့်ဝအောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်။ အလုပ်လုပ်ရာမှာ သက်သောင့်သက်သာရှိအောင် စီစဉ်ဆောင်ရွက်ဖို့လိုအပ်တယ်။ အိမ်ကတစ်ဆင့် အလုပ်လုပ်ရာ မှာ လိုအပ်တာထက် အလုပ်တွေပိုပြီးလုပ်တတ်တဲ့ သဘောရှိနိုင်တယ်။ အမှန်တော့ အိမ်ကတစ်ဆင့် အလုပ် လုပ်ချိန်ဟာ တစ်နေ့မှာ လေးနာရီထက် မကျော်သင့်ဘူး။ ဒီလေးနာရီအတွင်း အာရုံအပြည့်အဝနဲ့ စူးစူးစိုက်စိုက်လုပ်ဖို့ လိုအပ်တယ်။ ကျွန်တော်ခဏခဏပြောသလို အလုပ်များတာကို ဂုဏ်မယူဘဲ အလုပ်ဖြစ်တာကိုသာ အာရုံပြုရမှာ။ အလုပ်တွေ အများကြီးလုပ်တယ်။ အလုပ်ချိန် ၉ နာရီက ၅ နာရီဖြစ်ပေမယ့် ည ၆ နာရီ ၇ နာရီအထိ အလုပ်လုပ်နေရ တာတွေ ဂုဏ်ယူနေကြတယ်။ အမှန်တော့ အလုပ်ချိန် တွေများတာက ရှက်စရာ။ လိုချင်တဲ့ ရလဒ်တွေရဖို့ကသာ အဓိက။


အိမ်မှာအလုပ်လုပ်ရတာမို့ အနှောင့်အယှက်တွေရှိမှာ၊ အသက်ရွယ်ကြီးတဲ့ လူကြီးမိဘတွေ၊ အသက်ငယ်တဲ့ ကလေးငယ်တွေ သူတို့ကို ပြုစုစောင့်ရှောက်နေရပြီး တစ်ဖက်က အလုပ်တာဝန်တွေကလည်းရှိနေတာ။ တာဝန် နှစ်ရပ်စလုံးကို ကျေပွန်အောင် လုပ်ကြရမယ်။ အခုလို ကြိုးစားတဲ့အခါ တာဝန်ဟာ ဝန်ထမ်းတစ်ဦးအပေါ်မှာပဲ ကျရောက်နေရင် သဘာဝမကျလှဘူး။ အလုပ်ရှင်နှင့်လုပ်ငန်းအဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်။ အလုပ် ဘဝ ပူးပေါင်းမှုမှာ အလုပ်ရှင်တွေကလည်း ပြုစုအားပေးဖို့ လိုအပ်တယ်။ ဝန်ထမ်းနဲ့ဝန်ထမ်းရဲ့မိသားစုကို ခွဲခြားပြီး မစဉ်းစားသင့်ဘူး။ ဝန်ထမ်းတစ်ဦးကို ခန့်အပ်လိုက်တဲ့ အချိန်မှာ ဝန်ထမ်းနဲ့တွဲဖက်ပြီး သူ့ရဲ့မိသားစု တွဲပြီးပါလာ တယ်ဆိုတာကို လက်ခံဖို့လိုအပ်တယ်။ အလုပ်ခွင်မှာ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ စည်းကမ်းတွေဟာ ဒီအကြောင်းကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်။ အလုပ်ခွင်ရဲ့ အနေအထားတွေဟာ ပြောင်းလဲသွားတာ တွေ့ရတယ်။ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့ ပုံစံနဲ့ အလုပ်လုပ်နေကြတဲ့ အနေအထားတွေရှိနေပြီး တစ်ချိန်ကလို ၉ နာရီ ၅ နာရီအလုပ်တွေအစား ပေါ့ပါးသွက် လက်ပြီး အလုပ်ရှင်နဲ့ ဝန်ထမ်းအကြား အဆင်ပြေတဲ့ အဖြေတွေ ရှာဖွေနေကြတာ တွေ့ရတယ်။


အလုပ်လည်းဘဝ ဘဝလည်းအလုပ်

အခုချိန်ဆိုရင် ကိုဗစ်-၁၉ အလွန်ကာလကို စဉ်းစား နိုင်တဲ့ အခြေအနေရှိနေပြီ။ နိုင်ငံတကာမှာလည်း အလုပ် တွေကို ပြန်လည်ဖွင့်ဖို့ ကြိုးစားနေကြတာ တွေ့ရတယ်။ ဒါပေမယ့် အခုလို အလုပ်တွေ ပြန်လည်ဖွင့်ရင် နဂိုမူလ အတိုင်း ဖြစ်လိမ့်မယ်လို့ ယူဆလို့မဖြစ်နိုင်ဘူး။ နဂိုဆိုတာ မရှိတော့ဘူး။ တစ်ခါက ကျွန်တော်ဖော်ပြခဲ့သလို ပုံမှန် အသစ်နဲ့ ရင်ဆိုင်နေရမှာ။ ဒီလိုအခြေအနေမျိုးမှာအရင်လိုပဲ အလုပ်ဘဝဟန်ချက်ညီမှုကို စဉ်းစားလို့မရဘူး။ ပုံမှန် အသစ်နဲ့ စဉ်းစားဖို့ လိုအပ်တယ်။ ဆောင်းပါးရဲ့ ခေါင်းစဉ်မှာ ဟန်ချက်ညီမှုလို့ သုံးစွဲထားပေမယ့် ကျွန်တော်က အများ သုံးတဲ့ ဝေါဟာရကို သိပ်သဘောမကျဘူး။ ဟန်ချက်လို့ပြော ရင် အပေးအယူ အလျှော့အတင်း အဓိပ္ပာယ်သက်ရောက် နေတယ်။ အလုပ်နဲ့ဘဝကို အစားထိုးရမယ့် သဘော ဆောင်နေတယ်။ အလုပ်ကိုဦးစားပေးရင် မိသားစုအရေး ကို အလျှော့ပေးပြီး မိသားစုကို ဦးစားပေးရင် အလုပ်ကို အလျှော့ပေးရမယ့် သဘော။ အခုလိုလွန်ဆွဲနေရတာကို ကျွန်တော်လက်မခံချင်ဘူး။ အမှန်တော့ အလုပ်နဲ့ဘဝဟာ ဆန့်ကျင်ဘက်တွေမှ မဟုတ်တာ။ အလုပ်လည်းဘဝ၊ ဘဝလည်း အလုပ်ဖြစ်ပါတယ်။ မခွဲခြားဘဲ ပူးပြီးစဉ်းစားနိုင်ဖို့ လိုအပ်တယ်။


အမှန်တော့ ကျွန်တော်တို့ဟာ ပြီးပြည့်စုံမှုမရှိကြပါဘူး။ အရာရာခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်ကြဘူး။ အားနည်းချက်တွေရှိကြတယ်၊ လိုအပ်ချက်တွေရှိကြတယ်။ အလုပ်ခွင်မှာ ရှိနိုင်သလို မိသားစုနဲ့ပတ်သက်လာ ရင်လည်း ရှိနိုင်မှာ။ မိမိရဲ့မပြည့်ဝတဲ့အခြေအနေကို လက်ခံပြီး အခြေအနေတစ်ခုမှာ အကောင်းဆုံးဖြစ်အောင်သာ ကြိုးစားကြရမှာ။ ရာနှုန်းပြည့်မရနိုင်ပေမယ့် လက်ခံနိုင်တဲ့အနေအထား တစ်ခုကိုရအောင်တော့ ကြိုးစားကြရမှာ။ အလုပ်၊ မိသားစု၊ ပတ်ဝန်းကျင်နဲ့ မိမိကိုယ်အတွက် ပြည့်ဝတဲ့ဘဝကို ရနိုင်အောင် ကြိုးစားကြရမှာသာ ဖြစ်ပါတယ်။  ။