ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

 

ကောင်းမွန်သော စီမံအုပ်ချုပ်မှု

မနေ့က ထူးခြားတဲ့ အွန်လိုင်းနှစ်ပတ်လည် အစည်းအဝေးတစ်ရပ်ကို တက်ခွင့်ရခဲ့တယ်။ ကုမ္ပဏီက အများပိုင် ကုမ္ပဏီဖြစ်ရုံမက ရန်ကုန်ငွေကြေးဈေးကွက်ထဲပါဝင်တဲ့ ကုမ္ပဏီ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခင်းအကျင်းမှာ အလွန် အရေးပါလှတဲ့ ကုမ္ပဏီ။ ကျွန်တော့်အနေနဲ့ စီးပွားရေးပညာရပ်ဆိုင်ရာ မျှဝေမှုတွေ ဆောင်ရွက်ရာမှာ ဘာသာရပ် မျိုးစုံ ထိတွေ့ခဲ့ပါတယ်။ ကျွန်တော်စိတ်ဝင်စားလှတဲ့ ခေါင်းစဉ်တစ်ခုကတော့ Good Governance လို့ ခေါ်တဲ့ ကောင်းမွန်သော စီမံအုပ်ချုပ်မှုဖြစ်ပါတယ်။ ဒီနေရာမှာ Government နဲ့ Governance ကို ခွဲခြားပြီး သုံးသပ်ဖို့ လိုအပ်ပါတယ်။ အစိုးရ (Government) နဲ့ စီမံအုပ်ချုပ်မှု (Governance) ဟာ မတူပါဘူး။


ဒီအကြောင်းအရာကို စိတ်ဝင်စားတဲ့အခြေခံက ကုလ သမဂ္ဂ ဝန်ထမ်းတက္ကသိုလ်မှာ တာဝန်ယူစဉ်က ဆောင်ရွက် ခဲ့ရတဲ့ သုတေသနလုပ်ငန်းနဲ့ ပတ်သက်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းဟာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပတ်သက်ပြီး လုံခြုံ ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေကို အာရုံပြု တာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်လာရင် အခြေခံ မေးခွန်းက နိုင်ငံတစ်နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုကို အထောက် အကူပြုတဲ့ အချက်တွေကို ဖော်ထုတ်ဖို့ ဘယ်လိုအခြေခံတွေကြောင့် နိုင်ငံတွေ တိုးတက်လာသလဲဆိုတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။ အခြေခံအကြောင်း အချက်တွေ အမျိုးမျိုးကို ဖော်ထုတ်ခဲ့တယ်။ တချို့က ရာသီဥတုကြောင့်လို့ ပြောကြတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအများစုက ရာသီဥတုအရ အလွန်အေးတဲ့ဒေသတွေမှာ တည်ရှိနေတာ တွေ့ရတယ်။ ပထဝီက အဖြေဖြစ်တယ် လို့လည်း ပြောကြတယ်။ တချို့ကတော့ ဘာသာရေးနဲ့ဆိုင်တယ်လို့ ပြောဆိုကြပြန်တယ်။ သဘာဝစွမ်းအားစု ကြွယ်ဝမှုတွေဟာလည်း အရေးပါတယ်လို့ ပြောဆိုကြတယ်။ အခုလို အခြေခံအမျိုးမျိုးကြောင့် နိုင်ငံတွေဟာ တိုးတက်ဖွံ့ဖြိုးတယ်လို့ ပြောကြပါတယ်။ ဒီအကြောင်းအချက်တွေဟာ အရေးပါတာကိုတော့ ငြင်း ပယ်လို့ မရပါ ဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့လေ့လာချက်အရ အရေးအကြီးဆုံးအရာက ညံ့ဖျင်းသောစီမံခန့်ခွဲမှု (bad governance) ဖြစ်ကြောင်း တွေ့ရတယ်။ ညံ့ဖျင်းသော စီမံခန့်ခွဲမှုလို့ဆိုရာမှာ အစိုးရကဏ္ဍတွင်သာမက ပုဂ္ဂလိကကဏ္ဍနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေမှာလည်း လိုအပ်လျက်ရှိပါတယ်။ ဒီကဏ္ဍသုံးခုဟာ ဟန်ချက်ညီညီ၊ ညီညီ ညွတ်ညွတ်နဲ့ ညံ့ဖျင်းသော စီမံအုပ်ချုပ်မှုပြဿနာကို ဖြေရှင်းပြီး ကောင်းမွန်သော စီမံအုပ်ချုပ်မှုကို ဖော်ထုတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။


အရေးကြီးသောအချက် ရှစ်ချက်

ကောင်းမွန်သော စီမံခန့်ခွဲမှုလို့ပြောရာမှာ ရှုထောင့် ရှစ်ခုရှိကြောင်း တွေ့ရပါတယ်။ ပထမဆုံးနဲ့ အရေးကြီးဆုံးက တာဝန်ယူ၊ တာဝန်ခံမှုပဲ ဖြစ်တယ်။ ဒုတိယက ပွင့်လင်း မြင်သာမှုဖြစ်ပြီး တတိယကတော့ တုံ့ပြန်မှုဖြစ်ပါတယ်။ စတုတ္ထအချက်ကတော့ အားလုံးပါဝင်ပတ်သက်မှုဖြစ်ပြီး ပဉ္စမအချက်က ထိရောက်မှုနဲ့ စွမ်းရည်ပြည့်ဝမှု ဖြစ်ပါ တယ်။ တရားဥပဒေစိုးမိုးမှုဟာ ဆဋ္ဌမအချက်ဖြစ်ပြီး နောက်ဆုံးအချက်နှစ်ခုကတော့ ပူးပေါင်းညှိနှိုင်းမှုနဲ့ အများ ဆန္ဒကို လေးစားလိုက်နာခြင်း ဖြစ်ပါတယ်။ အမှန်တော့ ဒီအချက်ရှစ်ချက်ကို အမြဲဦးထိပ်ထားနိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်အဆင့်အနေနဲ့ဖြစ်စေ၊ လုပ်ငန်းအဖွဲ့အစည်းအဆင့် အနေနဲ့ဖြစ်စေ၊ ပုဂ္ဂလိကတစ်ဦးချင်း အဆင့်အနေနဲ့ ဖြစ်စေ ဒီအချက်ရှစ်ချက်ကို အလေးအနက်ထားဖို့ လိုအပ်ပါတယ်။


ကျွန်တော့်အနေနဲ့ ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဘာသာရပ်ကို ဘွဲ့လွန်သင်တန်းတွေမှာ ပို့ချခဲ့တယ်။ ပို့ချနေဆဲ ဖြစ်တယ်။ တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေမှာ Corporate Governance လုပ်ငန်းများ စီမံအုပ်ချုပ် မှုကို အထူးပြုပြီး ဟောပြောမှုတွေ၊ သင်တန်းတွေ ပေးလျက်ရှိပါတယ်။ စာတွေ့အပိုင်းနဲ့ လက်တွေ့အပိုင်းကို ဘက်စုံ၊ ထောင့်စုံ ချဉ်းကပ်နိုင်အောင် ကြိုးစားလျက်ရှိပါတယ်။


ဒီနေရာမှာ ဘောဂဗေဒ(economics)နဲ့ စီးပွားရေး လုပ်ငန်း(business)ကို ခွဲခြားဖို့ လိုအပ်ပါတယ်။ ကျွန်တော့် ရဲ့ အထူးပြုဟာ စီမံခန့်ခွဲမှုပညာရပ်ဖြစ်တာမို့ တစ်နိုင်ငံလုံး အတိုင်းအတာရဲ့ စီးပွားရေးအခြေအနေကို အခြေခံတစ်ရပ် အနေနဲ့သာ အာရုံမပြုပါဘူး။ နိုင်ငံရဲ့ စီးပွားရေး အခြေခံ အဆောက်အအုံမှာ စီးပွားရေးလုပ်ငန်းတွေဟာ ပဓာနဖြစ် ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ စီးပွားရေးလှုပ်ရှားမှုတွေဟာ အရေးပါပေမယ့် အမှန်တော့ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ပုဂ္ဂလိကကဏ္ဍဖြစ် တယ်။


ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်း

ပုဂ္ဂလိကကဏ္ဍကို သုံးသပ်ရာမှာ မြန်မာနိုင်ငံမှာ ၉၀ ရာခိုင်နှုန်းကျော်ဟာ အသေးစား အလတ်စားတွေဖြစ်တာ တွေ့ ရတယ်။ မိရိုးဖလာလုပ်ငန်းတွေဖြစ်ပြီး စနစ်တကျ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ အထူးသဖြင့် တရားဝင် ကဏ္ဍမှာ လှုပ်ရှားနေတာမဟုတ်ဘဲ Shadow economy လို့ခေါ်တဲ့ အရိပ်သဖွယ်တိမ်မြုပ်နေတဲ့ကဏ္ဍမှာ လုပ်ငန်း တွေ ဆောင်ရွက်လျက်ရှိတာ တွေ့ရှိရပါတယ်။ နိုင်ငံတော် အစိုးရအသစ်ဟာ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးမှုကို ဦးစားပေးလျက်ရှိတယ်။ နိုင်ငံတော်အကြီးအကဲအနေနဲ့ အာရုံပြုပြီးပြုစုပျိုးထောင်မှုတွေ ဆောင်ရွက်လျက်ရှိတာ တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကြီးရဲ့ ဦးဆောင်မှုနဲ့ ကျစ်လျစ်ခိုင်မာတဲ့ စီးပွားရေးလုပ်ငန်း ပေါ်ပေါက်လာ အောင် ကြိုးစားလျက်ရှိပါတယ်။ ဒီနေရာမှာ အစိုးရဌာနတစ်ခုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများမှတ်ပုံတင်ရေး ဦးစီးဌာနရဲ့ အရေးပါမှုကို သတိပြုရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို အများသိတဲ့ (DICA)Department of Invest- ment နဲ့ Company Administration ဖြစ်တယ်။ မြန်မာနိုင်ငံမှာ စနစ်တကျ စီးပွားရေးလုပ်ငန်းများ ဖွဲ့စည်းတည် ထောင်မှုကို တာဝန်ယူထားတာ။ ကုမ္ပဏီတစ်ခု တည်ထောင် လှုပ်ရှားဖို့ ဒီဦးစီးဌာနမှာ မှတ်ပုံတင်ရမှာဖြစ်တယ်။ ကုမ္ပဏီ များနဲ့ပတ်သက်တဲ့ ဥပဒေအသစ်တစ်ခုကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။


ကုမ္ပဏီအမျိုးအစား လေးမျိုး

ကုမ္ပဏီများကို အမျိုးအစား ခွဲခြမ်းစိတ်ဖြာတဲ့ နေရာမှာ အဆင့်လေးဆင့်ရှိတာ တွေ့ရပါတယ်။ ပထမဆုံး အဆင့်က တစ်ဦးတည်းပိုင်လုပ်ငန်းများ ဖြစ်ပါတယ်။ စောစောကတင်ပြခဲ့သလို ကျွန်တော်တို့နိုင်ငံမှာ ဒီအမျိုးအစားဟာ အများစု ဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့ အစုစပ်ကုမ္ပဏီတွေ ဖြစ်ပါတယ်။ တတိယ အမျိုးအစားက အများပိုင်ကုမ္ပဏီဖြစ်ပြီး နောက်ဆုံးကတော့ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်တဲ့ အများပိုင်ကုမ္ပဏီတွေ ဖြစ်ပါတယ်။ အခုလို အမျိုးအစားခွဲခြားမှုဟာ ပိုင်ဆိုင်မှုကိုအခြေခံပြီး ခွဲခြားတာဖြစ်တယ်။ အများပိုင် ကုမ္ပဏီဆိုတဲ့ နာမည်တပ်ရုံနဲ့ အများပိုင်ကုမ္ပဏီ ဖြစ်မလာပါဘူး။ ကျွန်တော်တို့နိုင်ငံမှာက ပေါ်ပင်ကို သိပ်သဘောကျ ကြတာ။ သူများက အများပိုင်ဆို ကိုယ်ကလည်း အများပိုင်။ အမှန်စင်စစ် ကိုယ်စီးတဲ့မြင်း အထီးအမ မသိတဲ့သဘော။ တာဝန်ရှိသူတွေကလည်း အရေအတွက်ကို ဦးစားပေးခဲ့ တယ်။ အများပိုင်ကုမ္ပဏီတွေ ဖောင်းပွနေတာ တွေ့ရတာ။ အများပိုင်ကုမ္ပဏီတွေရဲ့ အနှစ်သာရကတော့ စောစောက ကျွန်တော်တင်ပြခဲ့တဲ့ ကောင်းမွန်သောလုပ်ငန်းများ စီမံ အုပ်ချုပ်မှု (Good Corporate Governance) ဖြစ်တယ်။ အခြေခံကတော့ ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြားမှုပဲ ဖြစ် တယ်။ ပိုင်ရှင်တွေကတော့ အစုရှယ်ယာဝင်တွေ ဖြစ် တယ်။ နေ့စဉ်လုပ်ငန်းတွေကို ပါဝင်နိုင်မှု မရှိနိုင်တာမို့ သူတို့ ကိုယ်စားအဖြစ် Board of Directors လို့ ခေါ်တဲ့ ဒါရိုက်တာအဖွဲ့ကို ရွေးချယ်တင်မြှောက်ပြီး တာဝန်ယူ စေပါတယ်။ ဒါရိုက်တာတွေဟာ တစ်လတစ်ကြိမ် ပုံမှန် အစည်းအဝေးကျင်းပပြီး ကုမ္ပဏီလုပ်ငန်းတွေကို ထိန်းချုပ်ပါတယ်။ လုပ်ငန်းအသေးစိတ်တွေကိုတော့ စီမံခန့်ခွဲသူတွေ ခန့်ထားပြီး လှုပ်ရှားစေပါတယ်။ စီမံခန့်ခွဲသူတွေဟာ ကျွမ်းကျင်မှု ရှိသူတွေဖြစ်ပြီး ဝန်ထမ်းတွေ ဖြစ်ပါတယ်။


မြန်မာနိုင်ငံနှင့် စတော့အိတ်ချိန်း

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံမှာ ရှင်သန်တဲ့ အရင်းအနှီးဈေးကွက်ရှိဖို့ လိုအပ်လှတယ်။ ဒီအရင်း အနှီးဈေးကွက်ကို ဖော်ထုတ်တဲ့နေရာမှာ စတော့အိတ်ချိန်းဟာ သော့ချက်ဖြစ်တယ်။ ဒါကြောင့်လည်း မြန်မာပြည်မှာ စတော့အိတ်ချိန်းကို ယခင်အစိုးရလက်ထက်က စတင်ဖော်ထုတ်ခဲ့တာကို ကြိုဆိုခဲ့တယ်။ ဒါပေမယ့် အခုလို စတော့အိတ်ချိန်းကို ဖော်ထုတ်ရုံမက ရှင်သန်ဖို့ လိုအပ်တယ်။ ဒါကြောင့်လည်း အစကတည်းက ကျွန်တော်က စိတ်ပူခဲ့တယ်။ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အတွေ့အကြုံဟာ သင်ခန်းစာတစ်ခုဖြစ်တယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ စတော့အိတ်ချိန်းကို ကုမ္ပဏီသုံးခုနဲ့ စတင်ခဲ့တယ်။ အခု အချိန်အထိ အရေအတွက် မတိုးသေးတာ တွေ့ရတယ်။ ဗီယက်နမ်မှာတော့ အခြေအနေတစ်မျိုး၊ ကုမ္ပဏီပေါင်း ရာနဲ့ချီပါဝင်လာတာ တွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကုမ္ပဏီပေါင်း ခြောက်ခုပဲ ရှိသေးတယ်။ ရှယ်ယာအရောင်း အဝယ်တွေကလည်း အေးနေပြီး ရှင်သန်မှု မရှိလှဘူး။
နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုအတွက် သော့ချက်ကတော့ အများပိုင်ကုမ္ပဏီတွေနဲ့ စတော့အိတ်ချိန်းမှာပါဝင်တဲ့ အရေအတွက် တိုးပွားဖို့ပဲဖြစ်တယ်။ ဒါကြောင့် စီးပွားရေး မဟာဗျူဟာတစ်ရပ်အနေနဲ့ အများပိုင်ကုမ္ပဏီ တည် ထောင်မှုကို အားပေးဖို့ လိုအပ်တယ်။ ခက်တာက ကုမ္ပဏီ ထောင်ရုံနဲ့ ကိစ္စက မပြီးပါဘူး။ အများပိုင်ကုမ္ပဏီတွေမှာ Chief Executive Officer(CEO), Chief Operations Officer (COO)နဲ့ Chief Financial Officer(CFO)အဆင့် မြင့် စီမံခန့်ခွဲသူတွေအဖြစ် တာဝန်ပေးအပ်ထားတာ တွေ့ရတယ်။ ဒါကြောင့်လည်း ဒီရာထူးရှိသူတွေကို (C-Level) အရာရှိကြီးများလို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ ဒီပုဂ္ဂိုလ်သုံးဦးဟာ(BOD)ကို တာဝန်ခံရသူတွေ ဖြစ်ကြတယ်။ ဒါရိုက်တာအဖွဲ့ရဲ့ ဝတ္တရားက အခုလို အဆင့်မြင့်အရာရှိကြီးများကို ခန့်ထားခြင်းနဲ့ အဆင်မပြေပါက တာဝန် များရပ်ဆိုင်းခြင်း တာဝန်ကိုယူရပါမယ်။ အသေးစိတ်လုပ်ငန်းတွေကို ပါဝင်စွက်ဖက်လို့ မရပါဘူး။ အများပိုင် ကုမ္ပဏီအပါအဝင် လုပ်ငန်းတွေ လှုပ်ရှားဆောင်ရွက်ရာမှာ ကိုယ်ကျိုးစီးပွားပဋိပက္ခ ပြဿနာဟာ အလွန် အရေးကြီးလှပါတယ်။ ကျွန်တော်က ဒါနဲ့ပတ်သက်ပြီး စိတ်ပူမိတယ်။ ခက်တာက ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်နေ တာမို့ ကုစားရတာ အချိန်ယူရဦးမှာ။ အများပိုင်ကုမ္ပဏီရဲ့ ခြောက်လပြည့်ညီလာခံ ကျင်းပဖို့ ကိုဗစ်ကာလနဲ့ တိုက် ဆိုင်နေတာမို့ ဘယ်လိုကျင်းပသင့်သလဲဆိုတာကို စဉ်းစား ခဲ့ကြပြီး နောက်ဆုံးမှာ အွန်လိုင်းနဲ့ ဆောင်ရွက်ခြင်းဟာ အကောင်းဆုံးဖြစ်တာကို ဆုံးဖြတ်ခဲ့တယ်။ ဆောင်ရွက်တဲ့ အခါ အဓိကလိုအပ်ချက်က နည်းပညာပိုင်းပဲဖြစ်တယ်။ တစ်ဖက်ကလည်း ကြိုတင်ပြင်ဆင်မှု တွေကို အပင်ပန်း ခံပြီး ဆောင်ရွက်ခဲ့ကြတယ်။ လိုအပ်တဲ့ အထောက်အထား တွေကို အစုရှယ်ယာဝင်တွေဆီရောက်အောင် ပေးပို့ခဲ့တယ်။ မေးခွန်းများ ကြိုတင်မေးခွင့်လည်း ပေးနိုင်ခဲ့တယ်။ အမှန်တော့ ပွဲမဝင်မီ အပြင်ကကျင်းပဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ခဲ့ပါတယ်။

 

အွန်လိုင်းညီလာခံ
အွန်လိုင်းညီလာခံကျင်းပတဲ့အခါ ဥက္ကဋ္ဌနဲ့ဒါရိုက်တာ တချို့ကတော့ အစည်းအဝေးကျင်းပတဲ့ ခန်းမကတစ်ဆင့် တက်ရောက်ခဲ့ပြီး တချို့ဒါရိုက်တာတွေကတော့ အစုရှယ် ယာရှင်များနဲ့အတူ အွန်လိုင်းကတစ်ဆင့် တက်ရောက်ခဲ့ တယ်။ အစည်းအဝေးကြီးဟာ အောင်အောင်မြင်မြင် ပြီးစီးသွားခဲ့ပါတယ်။ နည်းပညာအခက်အခဲတွေကိုလည်း ရင်မဆိုင်ခဲ့ရပါဘူး။ ပြည်ထောင်စုဝန်ကြီးနဲ့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်လည်း အွန်လိုင်းကတစ်ဆင့်တက် ရောက်ခဲ့တယ်။ ခုလို အွန်လိုင်းနဲ့လုပ်တဲ့ အကျိုးကျေးဇူး တွေ ရှိပါတယ်။ ပုံမှန် နှစ်စဉ်ကျင်းပရာမှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ လုပ်ခဲ့တယ်။ တစ်ခါတစ်ရံမှာ လည်း သင့်တော်တဲ့ခန်းမတွေမှာ လုပ်ခဲ့တယ်။ အစု ရှယ်ယာရှင်တွေအနက် ရန်ကုန်မြို့မှာနေသူတွေအတွက် အဆင်ပြေပေမယ့် နေ့တစ်ဝက်အစည်းအဝေးကို နယ်က တကူးတက လာဖို့ခဲယဉ်းပါတယ်။ ဒါပေမယ့် အွန်လိုင်း နဲ့ဆောင်ရွက်တာမို့ တစ်နိုင်ငံလုံးက အစု ရှယ်ယာရှင်များ ဟာ အလွယ် တကူ အစည်းအဝေးကို တက်ရောက်ပြီး ပါဝင်နိုင်ခဲ့တယ်။ အခမ်းအနားပြင်ဆင်စရိတ်၊ အကျွေး အမွေး ဧည့်ခံစရိတ်တွေလည်း သက်သာခဲ့ပါတယ်။


အခုလိုပဲ ရှေ့နှစ်တွေမှာ အွန်လိုင်းကတစ်ဆင့် လုပ်သင့်တယ်လို့ ကျွန်တော်က ယုံကြည်မိတယ်။ ခန်းမတစ်ခု တည်း လူ ရာထောင်ချီပြီး စုဝေးတာ အင်မတန်အန္တရာယ် ကြီးမားလှပါတယ်။ ခပ်ခွာခွာနေဖို့ အစီအစဉ်တွေ၊ နှာခေါင်းစည်းတပ်ရမယ့် အစီအစဉ်တွေ၊ သန့်ရှင်းရေးလုပ်ငန်းတွေအတွက်လည်း စိတ်ပူစရာမလိုတော့ပါဘူး။


ပုံစံအသစ်နဲ့ အခုလို အွန်လိုင်းနှစ်ပတ်လည်အစည်း အဝေးကြီးလုပ်တာကို အားမရတဲ့သူတွေ ရှိကောင်းရှိနိုင် မှာဖြစ်တယ်။ လူသားတွေရဲ့ အခြေခံစဉ်းစားချက် ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံချင်တယ်။ ရင်းရင်း နှီးနှီး ထိတွေ့ချင်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မြင်သာမြင်ရတာကို အားမလိုအားမရဖြစ်တာလည်း ရှိပါ တယ်။ ကျွန်တော့်အနေနဲ့ အရာရာမှာ ပုံမှန်အသစ်ဖြစ်နေတာကို အသိမှတ်ပြုရမယ်။ လက်ခံရမှာဖြစ်တယ်။ အခုချိန်မှာ ကိုဗစ်-၁၉ ကို သုံး၊ လေးလကျော် ခံခဲ့ရတော့ သည်းခံနိုင်တဲ့စိတ်တွေ ကုန်သလောက်ရှိနေတာ တွေ့ရ တယ်။ အမြန်ဆုံး အရင်တုန်းကလို ပြန်လည်လှုပ်ရှားချင် ကြတယ်။ ဘာမှမဖြစ်သလို လှုပ်ရှားနိုင်တယ်လို့ မြင်နေ ကြတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အသက်အန္တရာယ်နဲ့ အသက်မွေးဝမ်းကျောင်း နှစ်ခုကို လွန်ဆွဲနေကြတယ်လို့ မြင်နေကြတယ်။ တစ်နည်း ပြောရရင် ကျန်းမာရေးနဲ့ စီးပွားရေး၊ ဒီနှစ်ခု အနက် တစ်ခုခုကို ဦးစားပေးပြီး ရွေးချယ်ရမယ့်သဘော။ ဒါကြောင့်လည်း ဒီအခြေခံပြဿနာကို နိုင်ငံတကာမှာ ရင်ဆိုင်နေကြရတယ်။ ကျွန်တော်ကတော့ အခုလို နှစ်ခု အနက် တစ်ခုခုကို ရွေးချယ်တာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်က နှစ်ခုစလုံးကို ရအောင် သိမ်သိမ်မွေ့မွေ့ဆောင်ရွက်ရမယ်လို့ ယုံကြည်မိတယ်။ လွန်ဆွဲနေတဲ့ သဘောမဟုတ်ဘဲ နှစ်ပိုင်းစလုံးကို ရအောင်ကြိုးစားရမှာသာ ဖြစ်ပါတယ်။   ။