ကျွန်တော်နဲ့ နိုင်ငံတော်ဘတ်ဂျက်

၄ ဖေဖော်ဝါရီ


ပြည်ထောင်စုအဆင့်မှာလည်းကောင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တွေမှာလည်းကောင်း ဘတ်ဂျက်လို့ပြောတဲ့ ရသုံးမှန်းခြေနဲ့ ပတ်သက်ပြီး ငြင်းကြခုံကြဆွေးနွေးနေကြတာ တွေ့ရပါတယ်။ 


တောင်းတဲ့သူနဲ့ ဖြတ်တဲ့သူတွေအကြား အငြင်းပွားနေကြတာ တွေ့ရပါတယ်။ အခုလို ပြောနေကြတဲ့နေရာမှာ ငွေရေးကြေးရေးအပေါ် အခြေခံပြီး ကိန်းဂဏန်းကို အာရုံပြုနေရတာ တွေ့ရတယ်။ အမှန်တော့ ဘတ်ဂျက်ဟာ နိုင်ငံရေးရွေးချယ်မှုသာဖြစ်ကြောင်း သတိပြုရမှာဖြစ်တယ်။ ဒါကြောင့်လည်း ဘတ်ဂျက်ဆွေးနွေးမှုတွေဟာ နိုင်ငံရေးရွေးချယ်မှု ဦးစားပေးမှုကို အခြေခံရမှာသာ ဖြစ်ပါတယ်။ ဘတ်ဂျက်ဆွေးနွေးချက်တွေမှာ ငွေမရှိလို့ဆိုတဲ့အကြောင်းပြချက်တွေဟာ ဆင်ခြေသာဖြစ်ပါတယ်။


ရှိတဲ့ငွေကို ဘယ်မှာသုံးမလဲ နိုင်ငံတော်မှာ ငွေမရှိဘူးဆိုတာ မဟုတ်ဘဲ နိုင်ငံရေး ရပ်တည်မှု မရှိတာသာ ဖြစ်ပါတယ်။ ဘတ်ဂျက်ရဲ့ မူရင်း အဓိပ္ပာယ်က ဆင်ခြင်မှုဖြစ်ပါတယ်။ လူတစ်ဦးမှာဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဖြစ်စေလိုအပ်တဲ့ ငွေရေးကြေးရေး အပြည့်အဝ မရှိနိုင်ပါဘူး။ ရှိတဲ့ငွေကို ဘယ်နေရာမှာသုံးမလဲဆိုတာသာ စဉ်းစားရမှာ ဖြစ်ပါတယ်။ 


အခုလို ဘတ်ဂျက်အကြောင်း ခေါင်းထဲပေါ်လာတာက နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မိတ်ဆက်ဖြန့်ချိခြင်းနှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲအခမ်း အနားတက်ရင်း ဖြစ်ပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်ပြီး မိန့်ခွန်းပြော ကြားခဲ့ပါတယ်။ ဆက်လက်ပြီး လိပ်ပြာငယ်ကလေးများ ဗီဒီယိုကို ပြသခဲ့တယ်။ ကလေးငယ်တွေဟာ သူတို့ရှေ့ရေး အတွက် ရင်းနှီးမြှုပ်နှံပေးဖို့ တောင်းပန်ခဲ့ကြတယ်။ အလွန်ထိရောက်တဲ့ ပြသမှုတစ်ရပ်။ ပြည်ထောင်စုဝန်ကြီးများက အခြေအနေတွေ တင်ပြရမှာ။ ဝန်ကြီးဌာနအသီးသီး သုံးစွဲမှုရတဲ့ ဘတ်ဂျက်ပမာဏကို ပြောကြတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပေါင်းရင် နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်း မပြည့်တာ တွေ့ရတယ်။ ကျွန်တော် ယူနီဆက် အဖွဲ့အစည်းမှာ တာဝန်ယူစဉ် သုတေသနတစ်ရပ်ကို ဆောင်ရွက်ခဲ့တယ်။ အာရှနိုင်ငံနှစ်နိုင်ငံနဲ့ အာဖရိကနိုင်ငံ နှစ်နိုင်ငံ စုစုပေါင်း လေးနိုင်ငံမှာ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဝန်ထမ်းဌာန တွေရဲ့ အသုံးစရိတ်တွေကို လေ့လာခဲ့ပါတယ်။ လေ့လာမှုရဲ့ ခေါင်းစဉ်က “၂၀/၂၀” ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ အစိုးရဟာ လူမှုရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လာရင် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်း သုံးစွဲဖို့လိုအပ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ အခုလို အစိုးရက ၂၀ ရာခိုင်နှုန်း သုံးစွဲရင် နိုင်ငံတကာက ကူညီပံ့ပိုးမှုရဲ့ ၂၀ ရာခိုင်နှုန်းကို လူမှုရေးနယ်ပယ်မှာ သုံးဖို့ ကတိပြုပါတယ်။ အပြန်အလှန် နားလည်မှုယူတဲ့သဘော ဖြစ်တယ်။


လိုငွေဘတ်ဂျက်ရှိတိုင်း မကောင်းတာမဟုတ် နိုင်ငံတော်ဘတ်ဂျက်ကို စဉ်းစားတဲ့နေရာမှာ လိုငွေနဲ့ ပိုငွေဆိုပြီး ပြောကြသလို လိုငွေပိုငွေမရှိဘဲ မျှညီတဲ့ ဘတ်ဂျက်ကိုလည်း ဖော်ပြလေ့ရှိတယ်။ လိုငွေဘတ်ဂျက်ရှိတိုင်း မကောင်းဘူးလို့ ယတိပြတ်မပြောနိုင်သလို ပိုငွေဘတ်ဂျက် ရှိတိုင်း ကောင်းတယ်လို့ မပြောနိုင်ပြန်ဘူး။ မျှညီတဲ့ ဘတ်ဂျက်နဲ့ ပတ်သက်လာရင်လည်း အခုလိုပါပဲ။ လိုအပ်တဲ့ အချိန်မှာ အစိုးရအနေနဲ့ ချေးငွေယူသင့်ပါတယ်။ ယူတာကို အမှားလို့ တရားသေ မသတ်မှတ်သင့်ဘူး။


ရှေးဦးအရွယ်ကလေးသူငယ်များနဲ့ ပတ်သက်လာရင် သုံးစွဲတဲ့ငွေကို စရိတ်လို့ မသတ်မှတ်သင့်ပါဘူး။ အမှန်တော့ ဒါဟာ ရင်းနှီးမြှုပ်နှံမှုသာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဖြစ်တာမို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်။ စရိတ်စကအနေနဲ့ စဉ်းစားရင် ဖြတ်တောက်ဖို့၊ လျှော့ဖို့စဉ်းစားကြမှာ။ ဒီနေ့ ဆွေးနွေးပွဲမှာ လူကယ်ပြန်ဝန်ကြီးဌာနက မဟာဗျူဟာ ၁၀ ရပ် ကို ဖော်ထုတ်ပေးခဲ့တယ်။ ဒီမဟာဗျူဟာနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးကာ အဖြေရှာကြမှာ ဖြစ်တယ်။


ကျွန်တော့်ကို နေ့လယ်စာစားပြီးချိန်မှာ ဟောပြောစေတယ်။ တစ်မနက်လုံး ပြည့်နေတဲ့ခန်းမကြီး။ ကျွန်တော်စတဲ့ အချိန်မှာ တစ်ဝက်ကျော်ကျော်လောက်ပဲ ကျန်တော့တယ်။ ဒါကြောင့် ပရိသတ်တွေကို ရှေ့တက်ပြီး နေရာယူဖို့ တိုက်တွန်းခဲ့တယ်။ ဒါမှလည်း ကြည့်ကောင်းမှာ။ တချို့တွေကတော့ ရှေ့တိုးထိုင်ရမှာ တွန့်နေတယ်။ လူငယ်တွေဖြစ်ကြလို့ ထင်ပါရဲ့ လူကြီးနေရာတွေ ထိုင်ရမှာကို မဝံ့မရဲ ဖြစ်နေကြတာ။ ကျွန်တော်က နေ့လယ်စာကို မြန်မြန်စားပြီး ခန်းမထဲမှာလိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။ ကျွန်တော်က ကွန်ပျူတာကို ကိုယ့်ရှေ့မှာထားပြီး ကိုယ်ကိုယ်တိုင် ကိုင်တွယ်မှ အားရတယ်။ သူများ လုပ်တာကို အားမရဘူး။ အကျင့်ပါနေလို့ပါ။ ဒါကြောင့် ဟောပြောမယ့်ခုံအပေါ်မှာ ကွန်ပျူတာကို မရမကတင်ဖို့ စီစဉ်ခဲ့တယ်။ တာဝန်ရှိတဲ့ လူငယ်တွေကတော့ စိတ်ညစ်မှာ သေချာတယ်။ ဒါပေမယ့် ကိုယ်ယဉ်ပါးသလို လုပ်တာက စိတ်ချရတယ်။


အရေးကြီးဆုံးက ကလေးတွေ ကျွန်တော်က ရှေးဦးအရွယ်ကလေးသူငယ်များနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက်တွေရဲ့ ဆက်စပ်မှုကို တင်ပြခဲ့တာ။ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံတွေဟာ စဉ်ဆက်မပြတ် ရည်မှန်းချက် ၁၇ ချက်ကို လက်ခံသဘောတူ ခဲ့ကြတယ်။ ဒီရည်မှန်းချက်တွေဟာ ကြွယ်ဝချမ်းသာမှု၊ ပညာရေး၊ ကျန်းမာရေး၊ ကျား/မ မခွဲခြားရေး၊ ပတ်ဝန်းကျင် မြေပေါ်ရေအောက် သယံဇာတပစ္စည်းတွေစတဲ့ လူသားအားလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေအတွက် ရည်မှန်းချက်တွေ ဖော်ထုတ်ခဲ့တယ်။ ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်လည်း ပါဝင်တာတွေ့ရတယ်။ အခုလို ရည်မှန်းချက်တွေ အောင်မြင်ဖို့သော့ချက်က ကလေးသူငယ်ပဲဖြစ်တယ်။ ကလေးတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုပြုရမှာဖြစ်တယ်။ ကလေးတွေနဲ့ ပတ်သက်ရင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုပြီး ခွဲခြားလို့မဖြစ်ဘူး။ တစ်ပေါင်းတစ်စည်းတည်း စဉ်းစားဖို့လိုအပ်တယ်။ ဝန်ကြီးဌာနတစ်ခုတည်းက မလုပ်နိုင်ဘဲ ဝန်ကြီးဌာနတွေအားလုံး ပူးပေါင်းဖို့လိုတယ်။ အဓိကတော့ ညှိနှိုင်းဆောင်ရွက်မှုဖြစ်တယ်။ ညှိနှိုင်းမှုဟာ အပြောလွယ်သလောက် လက်တွေ့မှာခက်တယ်။ ညှိရင် အပေး အယူ ရှိရမယ်။ အလျော့အတင်း လုပ်ရမယ်။ ကိုယ်လိုတာ အားလုံးမရနိုင်ဘူး။ ဒါကြောင့်လည်း ခက်ခဲတာ။ ကျွန်တော်ကတော့ နိုင်ငံတစ်နိုင်ငံမှာ အရေးကြီးဆုံးက ကလေးတွေဖြစ်တယ် လို့မြင်တယ်။ သူတို့အတွက် လုပ်ပေးနိုင်သမျှ လုပ်ပေးဖို့လိုအပ်တယ်။ တိုင်းပြည်ဆင်းရဲလို့ လို့ပြောလို့မဖြစ်ဘူး။ ဆင်းရဲချမ်းသာနဲ့ မဆိုင်ဘဲ ရွေးချယ်မှုဦးစားပေးမှုနဲ့ ပတ်သက်တာ။


နိုင်ငံရဲ့ဘတ်ဂျက်ဟာ နိုင်ငံရေးဦးတည်ချက် ကျွန်တော်တို့နိုင်ငံရဲ့ ဘတ်ဂျက်ကို ဆန်းစစ်ဖို့လိုတယ်။ ကဏ္ဍအသီးသီးမှာ ဘယ်လောက်သုံးစွဲနေတာကို ဆန်းစစ်ရမှာဖြစ်တယ်။ ကဏ္ဍအသီးသီးမှာ ရာခိုင်နှုန်းသုံးစွဲမှုဘယ်လောက် ရှိသလဲဆိုတာကို မြင်နိုင်တယ်။ နိုင်ငံရဲ့ဘတ်ဂျက်ဟာ နိုင်ငံရဲ့ နိုင်ငံရေးဦးတည်ချက်ကို ဖော်ဆောင်တာဖြစ်တယ်။ ဦးစားပေး ရွေးချယ်မှုကို သရုပ်ဖော်ခြင်း အခုလိုသုံးသပ်ပြီး ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ ကိုက်ညီမှုရှိ မရှိ ဆန်းစစ်နိုင်တယ်။ ကျွန်တော့် အနေနဲ့တော့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းကဏ္ဍတွေမှာ ပိုသုံးသင့်တယ်လို့ မြင်မိတယ်။ တစ်ခုတော့ သတိပြုရမယ်။ သုံးစွဲမှုပမာဏဟာ အရေးကြီးသလို သုံးစွဲမှု အရည်အသွေး ဟာလည်း အရေးပါတယ်။ ဘယ်လောက်သုံးသလဲ သိဖို့လိုအပ်သလို ဘယ်နေရာမှာ သုံးသလဲဆိုတာလည်း အရေးကြီးပါတယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ ပတ်သက်လာရင် ပြည်သူတွေရဲ့ အခန်းကဏ္ဍကိုလည်း စဉ်းစားဖို့လိုအပ်တယ်။ ဒါကြောင့်လည်း ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေဟာ အရေးပါ တယ်။ ဒါကြောင့် လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကို ဦးစား ပေးရမှာဖြစ်တယ်။ အခုလို လုပ်တဲ့နေရာမှာလည်း တစ်ဖက်သတ်မဟုတ်ဘဲ ညှိညှိနှိုင်းနှိုင်း အပြန်အလှန်ဆွေးနွေးတိုင်ပင်ဖို့ လိုမှာဖြစ်တယ်။ ကလေးတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ဖြစ်တယ်။ မိသားစုတစ်စုမှာ ကလေးတွေကတစ်ဆင့် လက်ဆင့်ကမ်းရတာ။ ဒါကြောင့် မိဘတွေမှာ တာဝန်ရှိသလို နိုင်ငံတော် မှာလည်း တာဝန်ရှိတယ်။ လူတိုင်းမှာ တာဝန်ရှိတာကို သတိပြု ရမှာဖြစ်တယ်။


ပြည်သူ့ဘတ်ဂျက်သာဖြစ် နိုင်ငံတော်ဘတ်ဂျက်လို့ ပြောရာမှာ အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး အာရုံပြုကြပေမယ့် အမှန်တော့ ရငွေသုံးငွေ ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ အစိုးရရဲ့ ရငွေအပိုင်းကိုလည်း ကြည့်ဖို့လိုတယ်။ အစိုးရမှာ ကိုယ်ပိုင်ဝင်ငွေမရှိပါဘူး။ အဓိက ဝင်ငွေက အခွန်အခက ရတာသာ ဖြစ်တယ်။ ဒါကြောင့်လည်း နိုင်ငံတိုင်းလိုလိုမှာ အခွန်ကောက်မှုကို ဦးစားပေးခဲ့ကြတယ်။ အခွန်ရမှ ဝင်ငွေရှိမှာ။ ဝင်ငွေရှိမှလည်း သုံးစွဲနိုင်မှာဖြစ်တယ်။ ဝင်ငွေမရှိရင်၊ အခွန်အကောက်မရရင် ဘယ်လိုသုံးနိုင်မလဲ အခွန်ပေးရမှာက ပြည်သူတစ်ဦးချင်းရဲ့ တာဝန်ဖြစ်တယ်။ တစ်ဖက်ကလည်း အခွန်ပေးချင်အောင်၊ အခွန်ပေးနိုင်အောင် လည်း အစိုးရမှာတာဝန်ရှိတယ်။ အခွန်မပေးတာကို အပြစ်တင် နေတာထက် အခွန်လွယ်လွယ်ကူကူ ဘယ်လိုပေးနိုင်အောင် ဆောင်ရွက်ဖို့လိုတာကို စဉ်းစားရမှာ။ အခွန်ပေးချင်အောင် လည်း ရတဲ့အခွန်တွေကို ဘယ်နေရာမှာ သုံးနေသလဲ၊ ဘယ်လောက်သုံးနေသလဲဆိုတာကို ပွင့်လင်းမြင်သာအောင် လုပ်ပေးဖို့လိုတယ်။ ပေးလိုက်တဲ့အခွန်တွေကို မလိုအပ်တဲ့နေရာမှာ ဖြုန်းနေတာမျိုး မဖြစ်သင့်ဘူး။ ဒါကြောင့် အခွန်ဆောင်ချင်အောင် ဆောင်ရွက်ဖို့ မက်လုံးတွေပေးဖို့ လိုအပ်တယ်။ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ပေးနိုင်အောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ အမှန်တော့ နိုင်ငံတော်ဘတ်ဂျက်ဆိုတာဟာ ပြည်သူတွေရဲ့ ဘတ်ဂျက်သာဖြစ်ကြောင်း သတိပြုရမှာ ဖြစ်ပါတယ်။ ။


ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်